တာမွေရှိ One Stop Mart ဆိုင်ကို ဓားထောက်လုယက်သူ လူငယ်သုံးဦးအား ဝိုင်းဝန်းဖမ်းဆီးရာ ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ One Stop Mart ဆိုင်ကို ယမန်နေ့ ညနေပိုင်းက လူငယ်အချို့က ဓားထောက်၍ ဝင်ရောက်လုယက်စဉ် ပတ်ဝန်းကျင်မှ တွေ့ရှိသူများက ဝိုင်းဝန်းဖမ်း ဆီးခဲ့ရာ ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများက ယနေ့ခေတ်သို့ ပြောသည်။

ယမန်နေ့ ညနေ ၆ နာရီကျော်က တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဩဘာလမ်းနှင့် ဒဂုံသီရိလမ်းထောင့်တွင် ဖွင့်လှစ်ထားသော One Stop Mart ဆိုင်သို့ လူငယ်လေးဦး ဓားကိုင်ဆောင်ကာ ဝင်ရောက်လာပြီး လုယက်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လုယက်ရန် လုပ်ဆောင်နေစဉ် ပတ်ဝန်းကျင်တွင် သွားလာနေသူများက တွေ့မြင်သွားရာ လုယက်သူများက ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦးအား ဓားဖြင့်ထောက်ကာ လွတ် မြောက်ရန် ဆောင်ရွက်စဉ် ပတ်ဝန်းကျင်မှ မြင်တွေ့သူများနှင့် လုံခြုံရေးအဖွဲ့များက ဝိုင်းဝန်းဖမ်းဆီးရာ သုံးဦးအား ဖမ်းမိခဲ့ကြောင်း သိရသည်။

“ လူငယ်လေးဦးက ဓားထောက်ပြီး လုဖို့လုပ်နေတုန်း အပြင်ကလူတွေက မြင်တော့ ဖမ်းဖို့ ကြိုးစားတာ။ ဆိုင်ကလည်း Control Center က ရဲကိုအကြောင်းကြားတော့ ရဲကလည်း လာစောင့်ဖမ်းတာ။ သူတို့ကထွက်မရတော့ ဆိုင်ကကောင်မလေးနှစ်ယောက်ကို ဓါးစာခံလုပ်သေးတယ်။ အဲ့တာနဲ့ အကုန်ဝိုင်းဖမ်းကြတာ တစ်ယောက်က ထွက်ပြေးသွားပြီး သုံး ယောက်ကို ဖမ်းမိတာ။” ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသူ လူငယ်သုံးဦးမှာ အဆိုပါ မြို့နယ်ရှိ ဗျိုင်းရေအိုးစင်လမ်းတွင်နေထိုင်သူ အသက် ၁၅ နှစ်အရွယ် လူငယ်များဖြစ်ကြပြီး ၎င်းတို့ထံမှ ဓားရှည်တစ်ချောင်းနှင့် ဓားမြှောင် နှစ်ချောင်း သိမ်းဆည်းရမိကြောင်း သိရသည်။

ဖမ်းဆီးရမိသူသုံးဦးအား တာမွေရဲစခန်းတွင်အမှုဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးနေပြီး ထွက်ပြေးသွားသူတစ်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်မြို့၌ လုယက်မှု ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိကာ ယခုကဲ့သို့ လူစည်ကားသည့် နေရာများတွင်ပါ အသက်မပြည့်သေးသည့် လူငယ်များက လုယက်မှုများ ကျူးလွန် လာသည်အထိ ရဲတင်းစွာလုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။

မောင်ဇော်

Photo – U Min

#ယနေ့ခေတ်

တာမွေရှိ One Stop Mart ဆိုင်ကို ဓားထောက်လုယက်သူ လူငယ်သုံးဦးအား ဝိုင်းဝန်းဖမ်းဆီးရာ ဖမ်းမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်