တရုတ်နှင့် အိန္ဒိယ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုမည်

ရန်ကုန်၊ စက်တင်ဘာ ၁၄

တရုတ်နှင့် အိန္ဒိယ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ Tourist Visa On Arrival ကို မကြာမီခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အသိ ပေးထားသည်။

မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Tourist Visa On Arrival ကို ခွင့်ပြုသည့်ရက်မှစတင်၍ စမ်းသပ်ကာလ (၃) နှစ် သတ်မှတ်ထားကြောင်း သိရသည်။

“ တရုတ်နဲ့ အိန္ဒိယကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးလိုက်ရင် ခရီးသွားအများအပြား ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားတယ်။ အရင်ခရီးသွားရာသီထက်ပိုပြီး ဝင်ရောက်နိုင်တယ်။ အရင်နှစ်က ပြည်ပခရီးသွားက ထင်သလောက်မဝင်ဘူး။ ပြည်တွင်းခရီးသွားက ပိုများလာတယ်ပေါ့။ ဒီနှစ်တော့ ပိုပြီးမျှော်လင့်ထားပါတယ်” ဟု ပြည်တွင်း၊ ပြည်ပခရီးသွားဝန် ဆောင်မှုပေးသည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆိုက်ရောက်ဗီဇာအခငွေ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (သတ်မှတ်အခငွေ) ကောက်ခံ၍ နေခွင့် (သတ်မှတ်ရက်) ခွင့်ပြုသွားမည်ဖြစ်ပြီး အလည်အပတ် ဝင်ရောက်ခြင်းအတွက် သာဖြစ်၍ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) တစ်မျိုးတည်းသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းသို့ ထိုင်းနိုင်ငံမှအများဆုံးဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံမှ ဒုတိယအများဆုံး ဝင်ရောက်ခဲ့ကြောင်း၊ ထို့ပြင် ရုရှား-မြန်မာ တိုက်ရိုက်လေကြောင်း လိုင်း ပျံသန်းနေသည့်အတွက် ရုရှားသည် တတိယအများဆုံး လာရောက်လည်ပတ်သူ ဖြစ်လာနိုင်ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ-အင်တာနက်

#ယနေ့ခေတ်

တရုတ်နှင့် အိန္ဒိယ ကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်