တရုတ်နှင့် မြန်မာနယ်စပ်ဒေသတွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်မည်ဟု တရုတ်စစ်ဘက် ဆို

ဘေဂျင်း၊ နိုဝင်ဘာ ၂၅

တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တရုတ်နှင့် မြန်မာနယ်စပ်ဒေသဖြစ်သော တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျည်အစစ်နှင့်ပစ်ခတ်မည့် စစ်ရေးလေ့ကျင့်ခန်းများကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Tian Junli က တရုတ်စစ်တပ်အနေဖြင့် နှစ်စဉ်ပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်အရ မြန်မာ နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော နယ်စပ်ဒေသတွင် ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မည့် အစီအစဉ်များပါဝင်သော စစ်ရေးလေ့ကျင့်ခန်းကို နိုဝင်၂၅ ရက်နေ့တွင် စတင်မည်ဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုသည်။

တရုတ်နှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် တရုတ်စစ်ဘက်က နယ်စပ်ဒေသတွင် စစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး Tian Junli က စစ်ရေးလေ့ကျင့်ခန်းသည် နယ်စပ်ဒေသကို ထိန်းသိမ်းရေး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုစွမ်းအား ပိုမိုကောင်းမွန်စေရန်နှင့် လှုပ်ရှားရွှေ့လျားမှုပိုင်း ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးလေ့ကျင့်ခြင်းဖြစ်ကြောင်း ဆိုသည်။

တရုတ်စစ်တပ်သည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် နယ်စပ်တည်ငြိမ်ရေး၊ အချုပ်အခြာအာဏာပိုင်နက်များကို ကာကွယ်ရန်အတွက် အရေးပေါ် တုံ့ပြန်ရန် အမြဲတမ်း ပြင်ဆင်နေကြောင်း ဆိုသည်။

တရုတ်နိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံသို့တင်ပို့သော ကုန်ပစ္စည်းတင်ဆောင်လာသည့် ကုန်ကားများ မီးရှို့ခံရပြီးနောက် မကြာမီ တရုတ်စစ်ဘက်က စစ်ရေးလေ့ကျင့်ခန်းများ လုပ် ဆောင်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၂၇ ရက်န့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် တရုတ်ပြည်သူရေးရာ လုံခြုံရေးဝန်ကြီး အပါအဝင် တရုတ်အစိုးရ တာဝန်ရှိသူများသည် မြန်မာနိုင်ငံသို့လာရောက်ကာ နစကအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် နေရာများတွင် နေထိုင်နေသော တရုတ်နိုင်ငံသားများကို ဘေးလွှတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ရန် တိုက်တွန်းထားကြောင်း သိရသည်။

တရုတ်စစ်တပ်သည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို အချိန်မည်မျှကြာကြာ ပြု လုပ်မည်ဆိုသည်ကို သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

#ကောင်းထက်ငွေ

reuters.com

#ယနေ့ခေတ်

တရုတ်နှင့် မြန်မာနယ်စပ်ဒေသတွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်မည်ဟု တရုတ်စစ်ဘက် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်