တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်မစွက်ဖက်စေလိုကြောင်း အမေရိကန်အစိုးရ သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁

လာမည့်ရက်ပိုင်းတွင်းကျင်းပမည့် ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ခြင်းမလုပ်ရန် တရုတ်နိုင်ငံကို အမေရိကန်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

ထိုင်ဝမ်ကျွန်းတွင် ဇန်နဝါရီ ၁၃ ရက်နေ့တွင် လွှတ်တော်ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများကျင်းပရန် စီစဉ်ထားပြီး တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေ ကြောင်း အစောပိုင်းကတည်းက သတင်းများထွက်ပေါ်နေခဲ့သည်။

အမေရိကန်အစိုးရက ထိုင်ဝမ်ရွေးကောက်ပွဲတွင် မည့်သည့်ပါတီဘက်ကမှ မရပ်တည်ကြောင်း၊ မည်သည့်ပါတီအနိုင်ရစေလိုသော စိတ်ဆန္ဒမျိုးလည်း မရှိကြောင်း၊ ထွက်ပေါ်လာ သည့်ရလဒ်အတိုင်း လက်ခံမည်ဖြစ်ကာ ထိုင်ဝမ်ကို ကူညီထောက်ပံ့ပေးခြင်းများ ဆက်လက်လုပ်ဆောင်မည်ဟု ပြောသည်။

အမေရိကန်အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက “ ထိုင်ဝမ်မှာကျင်းပမယ့် ရွေးကောက်ပွဲကို အခြားနိုင်ငံ၊အဖွဲ့စည်းတွေက သြဇာလွမ်းဖို့ ကြိုးပမ်းတာ၊ ကြားဝင်စွက်ဖက်တာတွေ ကို ဆန့်ကျင့်ကန့်ကွက်တယ်။ သမ္မတအဖြစ်ရွေးချယ်ခံရသူ ဘယ်သူဖြစ်ဖြစ် ထိုင်ဝမ်အပေါ်ထားရှိတဲ့ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်က အရင်အတိုင်းပဲဆက်ရှိနေမှာပါ၊” ဟု ပြောသည်။

တရုတ်နိုင်ငံက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ထိုင်ဝမ်က တရုတ်နိုင်ငံလက်အောက်မှ ခွဲထွက်ပြီး ကိုယ်ပိုင်လွှတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ထိုင်ဝမ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရန်ရေပန်းအစားဆုံးဖြစ်နေသူသည် တရုတ်ဆန့်ကျင့်ရေးသမားဖြစ်ရာ တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုအရှိန် လက်ရှိထက် ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်။

အမေရိကန်အစိုးရက ထိုင်ဝမ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဆက်လက်ရှိနေခြင်းကို လိုလားထောက်ခံကြောင်း၊ ထိုင်ဝမ်ကို စစ်ရေးနည်းလမ်းသုံးပြီး ကျူးကျော်မည်ဆိုလျှင် ထိုင်ဝမ်ကို ကာကွယ်ပေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်ထားသည်။

တရုတ်အစိုးရသည် ထိုင်ဝမ်ကို ပြီးခဲ့သောနှစ်ပိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေးခဲ့ရာ တင်းမာမှုအရှိန် မြင့်တက်လာနေကြောင်း ပြောသည်။

ကောင်းထက်ငွေ

usnews.com

#ယနေ့ခေတ်

တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်မစွက်ဖက်စေလိုကြောင်း အမေရိကန်အစိုးရ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်