တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့သည့် ကုန်ကားခ ၂၅ သိန်းမှ သိန်း ၇၀ ဖြစ်လာ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

တရုတ်နိုင်ငံသို့ သစ်သီးများတင်ပို့သည့် ကုန်တင်ကားခမှာ ၂၅ သိန်းမှ သိန်း ၇၀ အထိ ဖြစ်လာကြောင်း မန္တလေးသစ်သီးကုန်စည်ဒိုင်များမှ သိရသည်။

တရုတ်နိုင်ငံသို့ သစ်သီးပုံမှန်တင်ပို့နေကြ လမ်းကြောင်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အောက်တိုဘာလ ၂၇ ရက်တွင် ပိတ်ထားလိုက်သဖြင့် မူဆယ် ၁၀၅ မိုင်သို့ သစ်သီးများ တင်ပို့နိုင်ခြင်းမရှိတော့ပဲ အခြားနယ်စပ်ဂိတ်များမှ ပြောင်းလဲတင်ပို့နေရသဖြင့် ယခုလို ကားခများ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း တရုတ် နိုင်ငံသို့ ဖရဲသီးတင်ပို့နေသည့် ကုန်သည်တစ်ဦးက ပြောသည်။

“အခုပေါ်တဲ့ ဆောင်းဖရဲတွေ မူဆယ်ဘက်ကို တက်လို့မရတော့ လွယ်ဂျယ်နဲ့ မိုင်းလားဘက်ကနေ တရုတ်ဘက်ကိုပို့ရတယ်။ ပို့ရတဲ့ ခရီးအကွာအဝေး ပိုများသွားတဲ့အတွက် ကားခ က ပိုပေးရတယ်။ တစ်ချို့ကလည်း တိုက်ပွဲတွေဖြစ်နေလို့ သိပ်မလိုက်ချင်ဘူး။ အရင်က ဖရဲသီးတင်ဖို့ ၁၂ ဘီးကားတစ်စီးကို ၂၅ သိန်းပဲ ပေးရတယ်။ အခု သိန်း ၇၀ ဖြစ်သွားတယ်။” ဟု တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့နေသည့် ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဖရဲသီးတစ်တန်ဈေးနှုန်းမှာ ယွမ် ၃၅၀၀ မှ ၄၀၀၀ ကြားဖြစ်ပြီး၊ နိုဝင်ဘာလ ပထမပတ်မှစတင်ကာ ဖရဲသီးထွက်ချိန်ဖြစ်သဖြင့် ယခင်က ဝမ်တိန်သစ် သီးကွင်းသို့ မူဆယ်-ကျင်စန်းကျော့ ဂိတ်ပေါက်မှ တင်ပို့လျက်ရှိရာ ယခုအခါ လမ်းရီးအခက်အခဲများကြောင့် ကချင်ပြည်နယ်၊ လွယ်ဂျယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-မိုင်းလား-တာလော့(ဆစ်ဆောင် ပန်းနား) ဘက်မှ တင်ပို့နေကြောင်း သိရသည်။

တရုတ်ပြည်သို့ သစ်သီးတင်ပို့ရသည့်စရိတ် များပြားသလို ထိုသို့မတင်ပို့နိုင်ပါက ပြည်တွင်းဈေးကွက်တွင် ရောင်းအားမကောင်းနိုင်သည့်အတွက် စိုက်ပျိုးစရိတ်၊ သယ်ယူပို့ဆောင် ခနှင့် လုပ်သားစရိတ်တို့ကြောင့် တောင်သူများအရှုံးပေါ် နိုင်ကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ

#ယနေ့ခေတ်

တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့သည့် ကုန်ကားခ ၂၅ သိန်းမှ သိန်း ၇၀ ဖြစ်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်