တရုတ်တာလော့ဂိတ်ကို ဖြတ်သန်းမည့် ပို့ကုန်/သွင်းကုန်များအတွက် အခွန်ထက်ဝက် လျှော့ပေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

တရုတ်နိုင်ငံ တာလော့ဂိတ်ကို ဖြတ်သန်းမည့် ပို့ကုန်/သွင်းကုန် ကုန်စည်များအတွက် အခွန်ထက်ဝက် လျှော့ပေးသွားမည်ဖြစ်ကြောင်း အခွန်ဦးစီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မှ အသိပေးထုတ်ပြန်ထားသည်။

အထက်၏ညွှန်ကြားချက်အရ အခွန်ဦးစီးဌာနမှ အထူးဒေသ(၄) မိုင်းလား-တရုတ်နိုင်ငံ တာလော့စစ်ဆေးဂိတ်၌ ဖြတ်သန်းသွားလာသည့် ကုန်စည်များကို အောက်ပါအတိုင်း အခွန် ယာယီလျှော့ပေါ့ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

တရုတ်နိုင်ငံ၊ တာလော့စစ်ဆေးရေးဂိတ်မှတစ်ဆင့် မိမိတို့ဒေသကို ဖြတ်သန်း၍ ပြည်တွင်းသို့ တင်သွင်းမည့် ကုန်စည်ခွန်များကို ထက်ဝက်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း၊ အလား တူ ပြည်တွင်းမှတစ်ဆင့် မိမိတို့ဒေသကို ဖြတ်သန်း၍ တရုတ်နိုင်ငံ၊ တာလော့စစ်ဆေးရေးဂိတ်သို့ တင်ပို့မည့်ကုန်စည်ခွန်များကို ထက်ဝက်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာချက်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်အကျုံးဝင်မည်ဖြစ်ပြီး ပြောင်းလဲမှုရှိပါက ထပ်မံအသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သက်ဆိုင်ရာဌာနမှလည်း အခွန်ကောက်သည့်စနစ်ကို လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်ပေး၍ လုပ်ငန်းများထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဤအသိပေးကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ မိမိတို့ဌာနအနေဖြင့် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အထက်ဖော်ပြပါ ကုန်စည်စည်းကြပ်ခွန် ယာယီလျှော့ပေါ့ခြင်း ဆိုင်ရာ သတ်မှတ်ချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါသတ်မှတ်ချက်နှင့် ပတ်သက်၍လည်း ရှင်းလင်းစွာသိရှိလိုပါက အခွန်ဦးစီးဌာနသို့ လာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများဖြစ်ပွားနေပြီး လမ်းပိုင်းအချို့ ပျက်ဆီးမှုများရှိနေသည့်အပြင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး ဇုန်တို့သည် ကုန်သွယ်မှုရပ်တန့်နေသည်။

ထို့ကြောင့် ကုန်သည်များအနေဖြင့် ရှမ်းပြည်နယ်အရှေ့ဘက်မှ ကုန်စည်များကို စမ်းသပ်တင်ပို့နေပြီး သစ်သီးဝလံနှင့် ဆန်ကိုလည်း တင်ပို့နေကြောင်း သိရသည်။

“ မိုင်းလားဘက်ကနေ စမ်းပို့ကြည့်တာပါ။ ဒီဘက်ကပိတ်တာ ဘယ်လောက်ကြာမလဲမသိဘူး။ ကုန်ကျစရိတ်ကတော့ ကုန်တာပေါ့။ အခုလို အခွန်လျှော့ပေးလိုက်တော့လည်း နည်း နည်းတော့အသက်ရှူချောင်တယ်။ ကားကတိုက်ရိုက်ဝင်လို့မရဘူး။ တရုတ်ကားတွေနဲ့ချိန်းရတယ်။” ဟု မန္တလေးရှိ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

တရုတ်တာလော့ဂိတ်ကို ဖြတ်သန်းမည့် ပို့ကုန်/သွင်းကုန်များအတွက် အခွန်ထက်ဝက် လျှော့ပေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်