တနင်္သာရီမြို့နယ်၌ ပစ်ခတ်ခံရ၍ တစ်ညတည်း ဒေသခံ ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ယမန်နေ့ညက ပစ်ခတ်ခံရ၍ တစ်ညတည်း နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ည ၇ နာရီကျော်က တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ထုံးနွယ်ကျေးရွာသို့ လက်နက်ကိုင်ဆောင်ထားသူအချို့ ရောက်ရှိလာပြီး ဒေသခံအမျိုးသမီးတစ်ဦး အား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

အလားတူ ယမန်နေ့ည ၇ နာရီကျော်က အရှေ့မော်တုန်းကျေးရွာအုပ်စု၊ အနောက်စုကျေးရွာမှ အမျိုးသားတစ်ဦးကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်၍ ထွက် ပြေးသွားကြောင်း သိရသည်။

“ သေဆုံးသူအမျိုးသမီးက ထုံးနွယ် အ.မ.က ကျောင်းရဲ့ အထွေထွေအလုပ်သမား ဝန်ထမ်းတစ်ဦးဖြစ်ပြီးတော့ နောက်ထပ်သေဆုံးသူ အမျိုးသားကတော့ သာမာန်အရောင်းအဝယ် လုပ်နေတဲ့သူလို့ သိရတယ်“ ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူနှစ်ဦးတွင် ဦးခေါင်းနှင့်ရင်ဘတ်၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာသေဆုံးခဲ့ပြီး ရုပ်အလောင်းများကို တနင်္သာရီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အတွက်ကြောင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

အလားတူ ဩဂုတ် ၁၉ ရက်၊ ညပိုင်းကလည်း တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာ၌နေထိုင်သူ အမျိုးသားတစ်ဦးမှာ နေအိမ်တွင်ထမင်းစားနေစဉ် လက်နက်ကိုင်ဆောင်ထားသူအချို့ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် တနင်္သာရီမြို့နယ်အတွင်း နစကတပ်များနှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကာ အရပ်သားများဖမ်း ဆီးခံရခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခံရမှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများကပြောကြားသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

တနင်္သာရီမြို့နယ်၌ ပစ်ခတ်ခံရ၍ တစ်ညတည်း ဒေသခံ ၂ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်