ကရင်နီပြည်နယ်တွင် တိုက်ပွဲများကြောင့် တစ်ပတ်အတွင်း သေဆုံးသူ ၄၀ ကျော်အထိ ရှိလာ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့အနီးတစ်ဝိုက်ရှိဒေသများ၌ တိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ခတ်ခံရခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းများကြောင့် သေဆုံး သူ ၄၀ ဦးကျော်ရှိလာခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ လွိုင်ကော်မြို့အနီးတဝိုက်ရှိ မြို့နယ်များ၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ ခြင်း၊ လက်နက်ကြီးပစ်ခတ်ခံရခြင်းများနှင့် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းများကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၄၀ ဦး ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးထက် မနည်းရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက်၊ ည ၉ နာရီ ဝန်းကျင်ခန့်က လေယာဥ်ဖြင့် ပစ်ခတ်ခံရသဖြင့် နာနတ်တောရပ်ကွက်မှ မိသားစုနှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့နေ့၌ပင် ထီးငှားလျားဘက်၌ အမည်မသိ(အမျိုးသားတစ်ဦး) ဖမ်းဆီးသတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက်၊ နေ့လည် ၁၂ နာရီ ၅၀ မိနစ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ မြေနီကုန်းကျေး၊ နမ့်ကွက်နှင့် မိုင်းလုံးတို့မှ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ အဝင် သေဆုံးသူလေးဦးရှိခဲ့ကြောင်း သိရသည်။

ယင်းမတိုင်ခင် နိုဝင်ဘာလ ၁၄ ရက်ကလည်း လေကြောင်းတိုက်ခိုက်ခံရသဖြင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ကာ၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံး သူနှစ်ဦးရှိခဲ့ပြီး၊ ပစ်ခတ်ခံရ၍ သေဆုံးသူသုံးဦးရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အတွင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ ရပ်ကွက်များ၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ကြောင့် အရပ်သားပြည်သူ ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာ ၁၁ ရက်မှစတင်ပြီး ကရင်နီ(ကယား)ပြည်နယ် မြို့နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိ​ပြီး လွိုင်ကော်မြို့နှင့် အနီးတဝိုက်အပါအဝင် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့များ၌ စစ်ဘေးရှောင်ပြည်သူ သုံးသောင်းကျော်အထိ ဘေးလွတ်ရာသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၅ သောင်းဝန်းကျင်လောက် ရှိလာတာပေါ့။ လွိုင်ကော်မှာ တစ်မြို့လုံးနီးပါး စစ်ရှောင်နေကြတာ။ ကျန်ခဲ့တဲ့သူတွေလည်း ရှိသေး တယ်။ စစ်ရှောင်တွေအတွက်က စားနပ်ရိက္ခာရော၊ အမိုးအကာရော အကုန်လိုအပ်နေတာပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း ဒေသတွင်းကူညီနေသူများထံမှ သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – KNHRG

#ယနေ့ခေတ်

ကရင်နီပြည်နယ်တွင် တိုက်ပွဲများကြောင့် တစ်ပတ်အတွင်း သေဆုံးသူ ၄၀ ကျော်အထိ ရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်