ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်နေ၍ ခက်ခဲစွာဝယ်ယူနေရ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်ရှိ ဆေးဆိုင်များတွင် ဆေးဝါးအချို့ ပြတ်လပ်နေကာ ဝယ်ယူရခက်ခဲလျက်ရှိနေကြောင်း ယနေ့ခေတ်မှ စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြင်ပဆေးဆိုင်များတွင် အချို့ဆေးဝါးများမှာ ဝယ်ယူရ၍မရသည်အထိ ပြတ်လပ်မှုများရှိနေပြီး အချို့ဆေးဆိုင်များတွင် စျေး နှုန်းမြင့်မားစွာဖြင့် ရောင်းချနေကြောင်း သိရသည်။

အဆိုပါဆေးများမှာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင်ရှိသော်လည်း ဝယ်ယူရခက်ခဲကြောင်း၊ ယခုရက်ပိုင်း၌ လိုအပ်သည့်ဆေးအား ခက်ခဲစွာလိုက်လံဝယ်ယူခဲ့ရသည့် လူနာရှင် တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ ဟိုရက်ထဲက ပန်းနာရင်ကြပ်ပျောက်ဆေးကို ရန်ကုန်တစ်မြို့လုံး ပတ်ရှာမေးပြီးပြီ။ ပစ္စည်းပြတ်နေတယ်လို့ပဲပြောတယ်။ ဝယ်မရဘူး။ တချို့ဆိုင်တွေကျတော့လည်း ပစ္စည်းရှိ တယ်။ မရောင်းပေးဘူး။ ဈေးတင်ရောင်းတယ်။ တစ်ဗူးကို တစ်သောင်းကျော်လောက်ပဲရှိတာကို ၈၅,၀၀၀ လောက်နဲ့ ရောင်းနေတယ်။ ပုဂ္ဂလိကဆေးရုံမှာကျတော့ ဆေးရှိတယ်။ ဒါပေမယ့် သူတို့လူနာအတွက်ပဲ ရောင်းပေးတယ်။ အပြင်လူဝယ်မရဘူး။ ဝယ်ရတာ တော်တော်ခက်ခဲတယ်။” ဟု တောင်ဥက္ကလာပမြို့နယ်မှ လူနာရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ယခုရက်ပိုင်းတွင် ပြည်တွင်းရှိဆေးဆိုင်များတွင် ဆေးနှင့် ဆေးပစ္စည်းအချို့ ပစ္စည်းပြတ်လပ်နေမှုများရှိနေကာ ဈေးနှုန်းမြင့်တက်လာကြောင်းလည်း သိရသည်။

ဆေးဝါးဈေးများ မြင့်တက်လာခြင်းကြောင့် ဆေးစွဲသောက်နေရသည့် နာတာရှည်ရောဂါသည်များလည်း အခက်အခဲဖြစ်နေကြောင်း သိရသည်။

ပြည်တွင်း ဆေးဝါးဈေးကွက်ရှိ ၈၅ ရာခိုင်နှုန်းသည် ပြည်ပမှတင်သွင်းရခြင်းဖြစ်ပြီး၊ ကျန် ၁၅ ရာခိုင်နှုန်းမှာ ပြည်တွင်းထုတ်များဖြစ်ကြောင်း၊ အများစုသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်နေ၍ ခက်ခဲစွာဝယ်ယူနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်