ဆီဆိုင်၌ တိုက်ပွဲဆက်ဖြစ်၍ ဒေသခံများထပ်မံ တိမ်းရှောင်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၌ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွား၍ ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ယမန်နေ့က ဆီဆိုင်မြို့ပေါ် အပါအဝင် အနီးအနားရှိကျေးရွာများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိ၍ နေရပ်တွင်ပြန်လည်နေထိုင်သည့် ဒေသခံများနှင့် မြို့တွင်း၌ကျန်ရှိနေသူများ ထပ်မံ၍စစ်ရှောင်ရကြောင်း သိရသည်။

“ မနေ့က လွယ်ပွတ်ရွာဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ လေကြောင်းကနေတိုက်ခိုက်မှုတွေပါရှိလို့ ရွာသားတစ်ရာကျော်လောက် စစ်ရှောင်ရတယ်။ ဆီဆိုင်မြို့ပေါ်က အောင်သပြေရပ်ကွက်ထဲမှာလည်း တိုက်ပွဲဖြစ်သေးတယ်။ အဲ့ဒီမှာက အိမ်တချို့ ထိမှန်ပျက်စီးတယ်။ တိုက်ပွဲငြိမ်နေလို့ အိမ်ပြန်လာတဲ့သူတွေလည်း အကုန်ထွက်ပြေးရတယ်။” ဟု ဆီဆိုင်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

တိုက်ပွဲဆက်လက်ဖြစ်ပွား၍ စစ်ရှောင်ရသည့်ဒေသခံများမှာ နီးစပ်ရာကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စစ်ရှောင်စခန်းများတွင် သွားရောက်နေထိုင်ကြကြောင်း သိရ သည်။

စစ်ရှောင်အများစုမှာ မွေတော်ကက္ကူဘုရားအနီး၌ သွားရောက်စစ်ရှောင်လျက်ရှိကာ တောင်ကြီးနှင့် ညောင်ရွှေမြို့နယ်တို့၌လည်း တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ လိုအပ်လျက်ရှိပြီး ကူညီပေးပါရန်လည်း ဒေသတွင်းစစ်ရှောင်ကူညီသူများက အကူအညီတောင်းခံထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းမှစ၍ ဆီဆိုင်မြို့နယ်၌ နစကတပ်များနှင့် PNLA လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ဒေသခံသုံးသောင်းထက်မနည်း ယနေ့အထိ စစ်ရှောင်နေရဆဲဖြစ်ကာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွား၍ ဒေသခံများ ထပ်မံ၍စစ်ရှောင်ရ ခြင်းဖြစ်ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဆီဆိုင်၌ တိုက်ပွဲဆက်ဖြစ်၍ ဒေသခံများထပ်မံ တိမ်းရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်