ဆားကြမ်းတန် ၆၀၀ ကျော်ဝယ်ယူရန် တောင်ကိုရီးယားမှကမ်းလှမ်းထား ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃

မွန်ပြည်နယ်ဒေသမှထွက်ရှိသည့် ဆားကြမ်းတန်ချိန် ၆၀၀ ကျော်ကို ဝယ်ယူတင်သွင်းလိုကြောင်း ပြည်ပနိုင်ငံများ၏ ကမ်းလှမ်းမှုများကို လက်ခံရရှိထားဟု သတ္တုတွင်းဦးစီးဌာန၊ မွန်ပြည်နယ် ဆားလုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ရေးမြို့နယ်၊ ပလိုင်ကီးကျေးရွာမှ ထွက်ရှိသည့် နေလှန်းဆားကြမ်းကိုတင်ပို့ရန် တောင်ကိုရီးယားကုမ္ပဏီတစ်ခုနှင့် စက်တင်ဘာလ နောက်ဆုံးအပတ်က နားလည်မှုစာချွန်လွှာ MoU ရေးထိုးခဲ့ပြီး နမူနာအဖြစ် တန်ချိန် ၂၀ ပါ ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့ခဲ့ကြောင်း သိရသည်။

လက်ရှိမှာ ထပ်မံတင်ပို့ရန်စီစဥ်နေပြီး၊ တန်ချိန် ၄၀ တင်ပို့နိုင်ရန် ပို့ကုန်လိုင်စင် ပြုလုပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

“ တောင်ကိုရီးယားနိုင်ငံက ထပ်ပြီးတင်ပို့ဖို့ ကမ်းလှမ်းထားတာကြောင့် ဆားကြမ်းတန်ချိန် ၄၀ တင်ပို့ဖို့ပြင်ဆင်နေပါတယ်။ နောက်ထပ် သဘောတူညီချက်ရရင် ဆက်ပြီးတင်ပို့မှာပါ။ ပို့ကုန်လိုင်စင်ကတော့ ပြုလုပ်နေတုန်းပါပဲ။” ဟု တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် ဩဂုတ်လအတွင်းက သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှထွက်ရှိသည့် ဆားကြမ်းတန်ချိန် ၂၀ ပါရှိသော ကွန်တိန်နာတစ်လုံးကို ဂျပန်နိုင်ငံသို့ စမ်းသပ်တင်ပို့ထားပြီးဖြစ် ကြောင်း သိရသည်။

“ ဂျပန်နိုင်ငံက နောက်ထပ်တန် ၆၀၀ ထပ်မှာထားတာရှိတယ်။ စာချုပ်နဲ့တော့ အတိအကျ မဟုတ်သေးဘူး။” ဟု တာဝန်ရှိသူက ဆက်ပြောသည်။

မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဒုတိယအများဆုံး ဆားထုတ်လုပ်သည့်ဒေသဖြစ်ပြီး၊ ဆားကြမ်းနှင့် ဆားချောထုတ်လုပ်သည့် စက်ရုံနှစ်ရုံရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ဆားကြမ်းတန် ၆၀၀ ကျော်ဝယ်ယူရန် တောင်ကိုရီးယားမှကမ်းလှမ်းထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်