ဆင်မကြီးမိုမို၏ အသက် ၇၀ နှစ်ပြည့် မွေးနေ့ပွဲကို သုံးရက်ကြာ ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၂၅

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏ အသက် ၇၀ နှစ်ပြည့် မွေးနေ့ပွဲကို အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်တိတိ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ သိရသည်။

“ မိုမိုရဲ့ မွေးနေ့ပွဲကို လာရောက်ကြမယ့်သူတွေအတွက် ပျော်ရွှင်စရာ အစီအစဉ်တွေနဲ့ ကျင်းပသွားမယ်။ လပြည့်နေ့ကျမှ ‌သံဃာတွေကို ဆွမ်းကပ်တာနဲ့ ကိတ်ခွဲတာလုပ်မယ်။ အချိန်ကတော့ မနက် ၉ ခွဲနဲ့ ၁၀ နာရီကြားပေါ့။” ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

Mo Mo’s Birthday Party ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်း၌ ဖျော်ဖြေရေးအစီအစဉ်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆင်မကြီးမိုမို၏ မွေးနေ့ပွဲတွင် ဘုန်းကြီးဆွမ်းကပ်ခြင်း၊ မိုမိုအတွက် မွေးနေ့ကိတ်ခွဲခြင်း၊ မိုမိုနှင့်အတူ ဓာတ်ပုံရိုက်ကူးခြင်း၊ တိရစ္ဆာန်လေးများ၏ ဖျော်ဖြေတင်ဆက်မှု၊ တေးသီချင်းသီဆိုခြင်း၊ Magic Show စသည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုသည် ကျန်းမာရေးအခြေအနေအရ ယခုအချိန်တွင် ဖျော်ဖြေခြင်းလုပ်ငန်းများမှ အနားယူထားသော်လည်း တိရစ္ဆာန်ဥယျာဉ်တွင်ရှိသည့် ဆင် ပေါက်ကလေးများအား ထိန်းကျောင်းပေးလျက်ရှိကြောင်း သိရသည်။

စုစု

Photo – Yangon Zoo

#ယနေ့ခေတ်

ဆင်မကြီးမိုမို၏ အသက် ၇၀ နှစ်ပြည့် မွေးနေ့ပွဲကို သုံးရက်ကြာ ကျင်းပမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်