စားအုန်းဆီဝယ်ယူရန် အခက်အခဲရှိနေခြင်းကြောင့် လက်လီအရောင်းဆိုင်များ အခက်အခဲရှိနေ ဟုဆို

ပုသိမ်၊ အောက်တိုဘာ ၁၆

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စားအုန်းဆီအရောင်းဆိုင်များတွင် စားအုန်းဆီလိုသလောက်ဝယ်ယူရန် အခက်အခဲရှိနေခြင်းကြောင့် တဆင့်ပြန်လည်ရောင်းချရာတွင် အကန့်အသတ်ဖြင့်သာ ရောင်းချနေရခြင်းဖြစ်ကြောင်း စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများကို ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှတဆင့် ဒေသအသီးသီးရှိ စားအုန်းဆီဆိုင်များက ပြန်လည်ဝယ်ယူကာ တဆင့်ပြန်လည်ရောင်း ချကြရကြောင်း၊ ထိုသို့ ပြန်လည်ရောင်းချနိုင်ရန်အတွက် ပြင်ပမှတင်သွင်းလာသည့် စားအုန်းဆီများကို လိုသလောက် ဝယ်ယူ၍မရသည့်အတွက် စားအုန်းဆီဆိုင်တချို့မှာ ဆီပြတ် လပ်နေကြောင်း ဧရာဝတီတိုင်းမှ စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ ဒီနေ့အထိ ဆီဝယ်ရတာတော့ အခက်အခဲရှိတယ်။ ရန်ကုန်မှာလေ။ ကျနော်တို့က သီလဝါကတဆင့် ကုမ္ပဏီကတဆင့် ဝယ်ရတာကိုး။ လက်ရှိကတော့ ဝယ်လို့မရဘူး။ အခက်အခဲ ရှိတယ်ပေါ့။ အခက်အခဲရှိတဲ့အခါကျရင် အပြင်ကုမ္ပဏီတွေမှာ အပြင်ဈေးနဲ့ဝယ်နေရတယ်။ ဆီကလည်း ဝယ်ချင်တိုင်းဝယ်လို့မရဘူး။ ဆီတစ်ပေပါရဖို့ တစ်ပတ်လောက်ကို စုံစမ်း ပြီးတော့ အဲလိုကြိုးစားပြီးတော့ ဝယ်ရတာပေါ့။” ဟု အထက်ပါ ပုဂ္ဂိုလ်ကဆက်ပြောသည်။

လက်ရှိတွင် စားအုန်းဆီရောင်းဝယ်ရေးဆိုင်တချို့၌ စားအုန်းဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း၊ လက်ကျန်ဆီ နည်းပါးနေကြောင်း၊ ရောင်းချမှု ရပ်နားလာကြသည့်ဆိုင်များ လည်းရှိနေကြောင်း၊ လက်ကျန်ဆီကျန်ရှိသည့် ဆိုင်များအနေဖြင့်လည်း ဝယ်ယူသူများကို အကန့်အသတ်ဖြင့်သာ ရောင်းချနေရကြောင်း ကျိုက်လတ်မြို့နယ်မှ စားအုန်းဆီရောင်း ဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

” အခု လိုသလောက်ဝယ်လို့မရတော့ တချို့ဆိုင်တွေဆို မရှိဘူး။ ကျနော်တို့ကတော့ နဂိုလက်ကျန်ကို မျှပြီးတော့ ထိန်းရောင်းနေတာပေါ့။ ပေါပေါများများ မရောင်းနိုင်ဘူးပေါ့။ တစ်ဦးလာလို့ရှိရင် ၂၀ သားလောက်ပဲ၊ ပေပါလိုက်တော့ အများကြီးရောင်းလို့မရဘူးပေါ့။ တချို့ဆိုင်တွေဆို ဆီမရှိဘူး ပြတ်နေတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

မြန်မာနိုင်ငံသို့ စားအုန်းဆီတင်လာသည့်သင်္ဘောများ မပြတ်ဆိုက်ရောက်လျက်ရှိပြီး ဆီပြတ်လပ်မှုမရှိနိုင်ဟု ပြောနေသော်လည်း စားအုန်းဆီဆိုင်တချို့တွင် ဆီလက်ကျန် နည်း ပါးနေခြင်းကြောင့် စားသုံးဆီတစ်ဆယ်သားကို ၁၄၀၀ ကျပ်အထိ ပေးဝယ်နေရသည်ဟု မော်လမြိုင်ကျွန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ စားသုံးနေရတာက ဘယ်လိုမျိုးလဲဆိုတော့ ဆိုင်တွေမှာက လက်ကျန်ဆီပဲ ဝယ်ရနေရတာလို့ အဲလိုပဲပြောတယ်။ ဈေးနှုန်းတွေက ကျနော်တို့ တစ်ဆယ်သားကို ၁၄၀၀ လောက်။ ကျနော်တို့ မော်ကျွန်းမြို့နယ်တစ်ခုလုံးမှာက ဈေးနှုန်းအဆမတန်တက်နေတာပေါ့။ ကျနော်တို့ ဘိုကလေးဘက်မှာဆို တစ်ဆယ်သား ၁၀၀၀ ရောင်းတယ်။ ဒီမှာက ၁၄၀၀ ဖြစ်နေ တယ်။” ဟု ၎င်းက ဆက်ပြောသည်။

စားအုန်းဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ပေါ်ခင်က တစ်ပိသာကို ၁၉၅၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိသာလျှင် ကျပ် ၁၀၀၀၀ ကျော်ထိ ရောက်ရှိနေကြောင်း၊ တချို့သောဒေသများတွင် ၁၄၀၀၀ ကျပ်ကျော်အထိ ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

စားအုန်းဆီဝယ်ယူရန် အခက်အခဲရှိနေခြင်းကြောင့် လက်လီအရောင်းဆိုင်များ အခက်အခဲရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်