စစ်တွေသီတင်းကျွတ်ပွဲတော်တွင် ဇာတ်နှင့်ပျော်ပွဲရွှင်ပွဲများ လုံခြုံရေးအခြေအနေကြောင့် မထည့်တော့ဟုဆို

စစ်တွေ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လုံခြုံရေးအခြေအနေကြောင့် လာမည့်သီတင်းကျွတ်ပွဲတော်တွင် ညပွဲအဖြစ် ဇာတ်ပွဲနှင့် ပျော်ရွှင်ပွဲများအား ထည့်သွင်းကျင်းပတော့မည်မဟုတ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

စစ်တွေမြို့၏ သီတင်းကျွတ်ပွဲတော်ကို ရွာကြီးတောင်ရပ်ကွက်ရှိ အတုလ မာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့ ဝင်္ကပါကွင်းတွင် သီတင်းကျွတ်လဆန်း ၁၄ ရက်(အောက်တိုဘာ ၂၈ ရက်)မှ လပြည့်ကျော် ၁ ရက်(အောက်တိုဘာ ၃ဝ ရက်)အထိ ကျင်းပမည်ဖြစ်ပြီး လပြည့်နေ့ နံနက်ပိုင်းတွင် ဆွမ်းတော်ကြီးလောင်းပွဲနှင့် ညနေပိုင်းတွင် ဘုရားကြီးအား ပန်း၊ ဆီမီးကပ်လှူခြင်းတို့သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ရှင်းရှင်းပြောရရင် မဖြစ်မနေပွဲလောက်ပဲ လုပ်မှာပါ။ စစ်တွေမှာက သေနတ်ပစ်ခတ် သေဆုံးမှုတွေ၊ ခိုးဆိုး၊ လုယက်၊ ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပွားနေတာ။ လုံခြုံ‌ရေးစိုးရိမ် ရတဲ့ အနေအထားမှာရှိတယ်လေ။ ဒါ့ကြောင့် အခုနှစ်ပွဲကို အဓိကကျတာလေးတွေပဲ လုပ်သွားမှာပါ။ အရင်ကတော့ သီတင်းကျွတ်ကာလကျရောက်လာတိုင်း ဘုရားကြီးဂေါပကနဲ့ ဦးရဲကျော်သူကျောင်း ဂေါပကအဖွဲ့တို့က အရုပ်ကြီးတွေနဲ့ မြို့ပတ်လှည့်လည်တတ်ကြသလို ဘုရားကြီးရှေ့ ဝင်္ကပါကွင်းမှာလည်း စျေးရောင်းပွဲတော်တွေ၊ ဇာတ်သဘင်တွေ ပျော် ပွဲရွှင်ပွဲတွေနဲ့ အလွန်တရာစည်ကားခဲ့တာပေါ့။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

နှစ်စဉ် အစဉ်လာမပျက် ကျင်းပတတ်သည့် စစ်တွေသီတင်းကျွတ်ပွဲတော်အား တိုက်ပွဲနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ၂၀၁၉ ခုနှစ်မှစတင်ပြီး ယခု ၂၀၂၃ ခုနှစ်အထိ ဇာတ်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ခြင်း မရှိဖြစ်နေရသည်ဟု သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

စစ်တွေသီတင်းကျွတ်ပွဲတော်တွင် ဇာတ်နှင့်ပျော်ပွဲရွှင်ပွဲများ လုံခြုံရေးအခြေအနေကြောင့် မထည့်တော့ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်