စစ်ဆေးရေးတင်းကြပ်နေ၍ ညောင်ခါးရှည်ဂိတ်၌ ယာဉ်တန်းပိတ်ဆို့မှု တစ်ပတ်ခန့်ကြာနေပြီ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ စစ်တောင်းတံတားရှိ ညောင်ခါးရှည် X–Ray စစ်ဆေးရေးဂိတ်၌ ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများ ဖြတ်သန်းသွားလာရာတွင် တင်းကြပ်စွာစစ် ဆေးနေသဖြင့် ယာဉ်တန်းပိတ်ဆို့မှုများရှိနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

နိုဝင်ဘာ ၃ ရက်မှစတင်ကာ ညောင်ခါးရှည် X–Ray စစ်ဆေးရေးဂိတ်၌ စစ်ဆေးရေးများ တင်းကြပ်လာခဲ့ပြီး ယနေ့ချိန်အထိ ယာဉ်တန်း ၅ ထပ်ဖြစ်နေကြောင်း သိရသည်။

“ညောင်ခါးရှည် X-Rays မှာ ကားတွေတန်းပြန်စီနေရပါတယ်။ အခုလို ကားတန်းရှည်ပိတ်တဲ့အခါ ပစ္စည်းပို့ဆောင်မှုတွေ ပုံမှန်ထက် တစ်ရက်ပိုကြာပါတယ်။ ရန်ကုန်ကနေ မနက် ၁၀ နာရီထဲက ရောက်နေတာ၊ အခု ၁၂ နာရီခွဲအထိ X -Ray စစ်တဲ့နေရာမရောက်သေးပါဘူး။ အသွားတင် ကားက ငါးတန်းဖြစ်နေပါတယ်။ X-ray ဟိုဘက်လည်း ပိတ်နေပါတယ်။” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်တလောတွင် ရန်ကုန်မှ မော်လမြိုင်၊ မန္တလေးမှ မော်လမြိုင်သို့ သွားလာနေကြသည့်ကားများမှာ ညောင်ခါးရှည် X-Rays ဂိတ်ဖြတ်ရန် နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြရပြီး ကားများပိတ်မိနေချိန်၌ ခရီးသည်များ အပေါ့အပါးသွားရန်ပင် အခက်အခဲများရှိကြောင်း ခရီးသွားလာနေကြသူများက ဆိုသည်။

“ဘားအံ၊ မော်လမြိုင်ကနေ ရန်ကုန်ဖြစ်ဖြစ်၊ မန္တလေးဖြစ်ဖြစ် ခရီးသွားကြမည့်သူများ အရေးကြီးခရီးမဟုတ်ရင် မသွားလာကြပါနဲ့အုံး။ ညောင်ခါးရှည်မှာ ကားပိတ်ပြီး အတော်ဒုက္ခ ရောက်လို့ပါ။ မနေ့ည ၉ နာရီတည်းကနေ အခုမနက်ထိပါပဲ။ လမ်းလည်းလာမရှင်းပေးကြပါဘူး။ အမျိုးသမီးများအိမ်သာသွားရင်လည်း ဒုက္ခရောက်ပါတယ်။ အရေးကြီးသွားစရာရှိ ရင်လည်း မလာခင်မုန့်တွေ၊ ရေဘူးတွေဝယ်ပြီးမှ သွားကြပါ။ အားလုံးကို ဒုက္ခမရောက်အောင် ကိုယ်ချင်းစာတရားနဲ့သတိပေးခြင်းပါ။ သောက်ဆရာကြီးလုပ်ခြင်းမဟုတ်ပါ။” ဟု ခရီးသွားတစ်ဦးက သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

ထိုသို့ စစ်ဆေးရေးများ ပြန်လည်တင်းကြပ်လာခြင်းသည် ဒေသအများစုတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်ဖြစ်ပြီး ကုန်တင်ယာဉ်များနှင့် ခရီးသည်ယာဉ်များအား ဖြတ်သန်း သွားလာခွင့် ကန့်သတ်နေခြင်းဖြစ်ကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

ညောင်ခါးရှည် X-Rays ဂိတ်ဖြတ်ရန် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရခြင်းကြောင့် မြဝတီမှ ရန်ကုန်သို့သွားရာ၌ နှစ်ညအိပ်၊ သုံးရက်ခရီးအထိ ကြာမြင့်ခဲ့ကြောင်း မြဝတီမြို့မှခရီး သွားတစ်ဦးက ဆိုသည်။

#ဂျူဂျူး

ဓာတ်ပုံ – ယာဉ်မောင်းများ၏ လူမှုကွန်ယက်

#ယနေ့ခေတ်

စစ်ဆေးရေးတင်းကြပ်နေ၍ ညောင်ခါးရှည်ဂိတ်၌ ယာဉ်တန်းပိတ်ဆို့မှု တစ်ပတ်ခန့်ကြာနေပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်