စစ်ကိုင်းတိုင်း ကလေးမြို့၌ လူငယ်လေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦသေဆုံး

ကလေး၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ တာဟန်းအေဂျီ ဘုရားကျောင်းရှေ့ ဗိုလ်ချုပ်လမ်းပေါ်၌ ဆိုင်ကယ်စီးလာသည့် လူငယ်လေးဦး အောက်တိုဘာ ၆ ရက်၊ နေ့လည် ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူသည် အသက် ၁၇ နှစ်အရွယ် မောင်လျန်မွမ်းစိန်ဖြစ်ပြီး သူငယ်ချင်းများအတူ အောက်တိုဘာ ၆ ရက်၊ ညနေ ၃ နာရီက ကလေးမြို့၊ U – 17 လူငယ်ဘောလုံးပြိုင်ပွဲ ဘောလုံးကန်ရန်သွားစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ မောင်လျန်မွမ်းစိန်သည် မွန်းလိုင်ရပ်ကွက်၌ နေထိုင်သူဖြစ်ပြီး ကိုယ်ခန္ခာ၊ ကျောပြင်အနောက်ဘက် ကျည်ဆံဖောက်ဝင် ဒဏ်ရာရရှိပြီး ဆိုင်ကယ်ပေါ်မှပြုတ်ကျကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

” တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်မှာ ပစ်ခတ်ခံရတာ။ ပစ်ခတ်ခံရတာက လူငယ်လေးဦး သေသွားတဲ့ကောင်လေးက ဆိုင်ကယ်ရဲ့ နောက်ဆုံးမှာထိုင်တဲ့ ကောင်လေးလို့ သိရ တယ်။ ကျန်သုံးဦးကတော့ လွတ်သွားတယ်။ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲ မသိဘူး။ အတော်ရှုပ်နေတယ်။” ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ သီရိမင်္ဂလာ ဂုံးကျော်တံတားပေါ်၌ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဝဏ္ဏ

ပုံစာ- ပစ်ခတ်ခံရပြီး သေဆုံးသွားသူ

#ယနေ့ခေတ်

စစ်ကိုင်းတိုင်း ကလေးမြို့၌ လူငယ်လေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်