စင်ကာပူရောက် မြန်မာနိုင်ငံသားများ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ရမည် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခွန်များကောက်ခံမည့် လစဉ်နှုန်းထားများအား နေထိုင်ခွင့်အမျိုးအစားများပေါ်မူတည်၍ သတ်မှတ်နှုန်းထားအပေါ် ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ စင်ကာပူ မြို့မှ ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာ ၁၂ ရက်မှစတင်၍ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်များပေးဆောင်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထို့ပြင် အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ မြန်မာသံရုံး၊ စင်ကာပူမြို့တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဝန်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဘာလို့ပေးရမှာလဲလို့၊ ပြန်လာမှပေးလဲ ရတာပဲ။ ဥပဒေအရဆိုရင် မပေးချင်လဲ တခုခုဝယ်တဲ့အခါ ရောင်း/ဝယ်၊ ဝင်ငွေ အဲ့သုံးမျိုးဆောင်လို့ရှိရင် ငွေဖြူဖြစ်သွားတာ။ အဓိက သူတို့ရည်ရွယ်ချက်က ဒေါ်လာလိုချင်လို့။ ဥပဒေအရဆို ဒေါ်လာပေးပေး၊ မြန်မာငွေပေးပေး သူတို့လက်ခံရမယ်။ ဒေါ်လာလိုချင်လို့ တိုက်ရိုက်ဆောင်ခိုင်းနေတာ။” ဟု စင်ကာပူ ရောက် မြန်မာလုပ်သားတစ်ဦးက ပြောသည်။

Student pass ကိုင်ဆောင်ထားသူများအနေဖြင့် လက်ရှိတတ်ရောက်နေသည့် ကျောင်းထောက်ခံစာများတင်ပြပါက ဝင်ငွေခွန်ပေးဆောင်ခြင်း ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ အလားတူ အခွန်ထမ်းဆောင်သူများ၏ ဇနီး/ခင်ပွန်း (သို့ မဟုတ်) မိဘ(သို့မဟုတ်)သား/သမီးများအား အိမ်ထောင်စုစာရင်း၊ မွေးစာရင်း၊ လက်ထက်စာချုပ်များတင်ပြနိုင်ပါက မှီခိုသူအဖြစ် သက်တမ်းတိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်မည့်သူများအနေဖြင့် စင်ကာပူမြို့/မြန်မာသံရုံး၌ လစာဝင်ငွေအပေါ် ဝင်ငွေခွန်များ ထမ်းဆောင်ပြီးကြောင်း/မှီခို/ကျောင်း သားထောက်ခံစာ လာရောက်ယူဆောင်သွားရန် လိုအပ်သွားမည်ဖြစ်ကြောင်း သံရုံမှအသိပေးထားသည်။

ပြည်ပနေ မြန်မာနိုင်ငံသားများ၏ ပြည်ပတွင်ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှစ၍ ဝင်ငွေခွန်များ ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၂ ရက်နေ့စွဲပါ အမိန့် ကြေညာစာအမှတ် ၇၉/၂၀၂၃ ဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

အဆိုပါ ပြည်ပရောက်မြန်မာလုပ်သားများ ဝင်ငွေခွန်ပေးဆောင်ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများလည်း ရှိနေသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

စင်ကာပူရောက် မြန်မာနိုင်ငံသားများ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်