စက်သုံးဆီစျေး တရိပ်ရိပ်ကျဆင်းနေကာ ကျပ် ၂၀၀၀ အောက်ရောက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၆

စက်သုံးဆီစျေးနှုန်းများ နေ့စဉ်နှင့်အမျှ တရိပ်ရိပ်ကျဆင်းလျက်ရှိကာ ရန်ကုန်မြို့အပါအဝင် မြို့အများအပြားတွင် 92 တစ်လီတာလျှင် ကျပ် ၂၀၀၀ အောက်၊ 95 တစ်လီတာလျှင် ကျပ် ၂၀၀၀ ဝန်းကျင်ခန့်သာရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်မြို့၌ ယနေ့တွင် 92 တစ်လီတာလျှင် ၁၉၄၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၈၅ ကျပ်တို့ဖြစ်ကာ၊ မန္တလေးမြို့၌ 92 တစ်လီတာလျှင် ၁၉၉၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၀၉၅ ကျပ်၊ ဒီဇယ်တစ်လီ တာလျှင် ၂၃၃၅ ကျပ်တို့ဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“ ဒီရက်ပိုင်းက နေ့တိုင်းကိုကျနေတာ။ 92 ရော၊ 95 ရော၊ ဒီဇယ်ရော သုံးမျိုးစလုံး ၂၀၀၀ အောက်ကိုရောက်ရင်တော့ ပိုကောင်းတာပေါ့။ ဒါမှ အားလုံးအဆင်ပြေကြမှာ။ ပြန်တက်မ လာဖို့လည်း ဆုတောင်းနေရသေးတယ်။” ဟု ရန်ကုန်မြို့ မှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

အခြားပြည်နယ်နှင့် တိုင်းအသီးသီးတွင်လည်း ယခုရက်ပိုင်းအတွင်း စက်သုံးဆီစျေးနှုန်းများ တရိပ်ရိပ်ကျဆင်းလျက်ရှိနေကာ ယနေ့တွင် ဒေသအများအပြား၌ 92 တစ်လီတာလျှင် ၁၉၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဝန်းကျင်၊ 95 တစ်လီတာလျှင် ၂၀၀၀ ကျပ်မှ ၂၁၀၀ ကျပ်ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၂၀၀ ကျပ် ဝန်း ကျင်မှ ၂၃၀၀ ကျပ်ဝန်းကျင်အထိ ကျဆင်း လာကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ယနေ့တွင် 92 တစ်လီတာလျှင် ၃၂၀၀ ကျပ်၊ 95 နှင့် ဒီဇယ်တစ်လီတာလျှင် ၃၃၀၀ ကျပ်တို့ရှိကြောင်း သိရပြီး၊ အဆိုပါစျေးနှုန်းမှာ ယခင် ရက်များကထက် ကျဆင်းလာသည့် စျေးနှုန်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်မြို့စျေးကွက်၌ 92 တစ်လီတာလျှင် ၁၉၀၀ ကျပ်ဝန်းကျင်၊ 95 တစ်လီတာလျှင် ၂၀၀၀ ကျပ်ဝန်းကျင်နှင့် ဒီဇယ်တစ် လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင်ရှိနေရာမှ ဇူလိုင်လလယ်ပိုင်းမှစ၍ စျေးနှုန်းများ အသီးသီးမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင် 92 တစ်လီတာလျှင် ၂၄၀၀ ကျပ်၊ 95 တစ် လီတာလျှင် ၂၅၃၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၆၁၀ ကျပ်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး နောက် စက်တင်ဘာလကုန်ပိုင်းမှ ယနေ့အထိ စျေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းလည်း ဖြစ်သည်။

စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့စဉ်က စက်သုံးဆီအသုံးပြု၍ လုပ်ကိုင်နေသော လုပ်ငန်းများအားလုံး ကုန်ကျစရိတ်ကြီးမြင့်မှု အခက်အခဲအား ကြုံတွေ့ ခဲ့ရကြောင်း ဒေသအ သီးသီးတွင်နေထိုင်သူများက ပြောသည်။

သတင်း/ ဓာတ်ပုံ- မောင်ဇော်

ပုံစာ- ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်အား ယနေ့တွင်တွေ့ရစဉ်

#ယနေ့ခေတ်

စက်သုံးဆီစျေး တရိပ်ရိပ်ကျဆင်းနေကာ ကျပ် ၂၀၀၀ အောက်ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်