ငပလီ၌ အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့်သာ စက်သုံးဆီရောင်းချပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးသည့် လက်မှတ်ဖြင့်သာ စက်သုံးဆီရောင်းချပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်၊ နံနက်ပိုင်းမှစတင်ကာ စက်သုံးဆီအရောင်းဆိုင် ငါးဆိုင်တွင် စက်သုံးဆီများကို မော်တော်ဆိုင်ကယ်၊ တုတ်တုတ်၊ ကား စသည်ဖြင့် အမျိုးအစားခွဲကာ အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း သိရသည်။

“ ဆိုင်ကယ်တစ်စီးကို ၄၀၀၀ ဖိုးပဲရောင်းပေးတာ၊ အဲ့ဒါရဖို့ တန်းစီနေတာနဲ့တင် ၄၀၀၀ ကုန်ပြီလေ။ ငပလီမှာဆိုင်မရှိဘူး။ ဂျိတ္တောတို့ တခြားနေရာတွေ သွားထည့်ရတာ။ အဲ့မှာ တန်းစီတာနဲ့တင် ရမယ့်ဆီကကုန်​ပြီ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်သုံးဆီများကို စင်တော်ကောက် ဆီဆိုင်၊ ကျော်စံ ဆီဆိုင်နှင့် ရွှေရိုးမဆီဆိုင်တို့တွင် ရောင်းချပေးခဲ့ပြီး၊ ဆိုင်ကယ်တစ်စီးလျှင် ၄၀၀၀ ကျပ်ဖိုး၊ တုတ်တုတ်တစ်စီးလျှင် ၆၀၀၀ ကျပ်ဖိုးနှင့် ကားတစ်စီးလျှင် ၁၀၀၀၀ ကျပ်ဖိုး စသည်ဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း ​သိရသည်။

“ တန်းဆီနေတဲ့သူကအများကြီး။ ဒါတောင် အုပ်ချုပ်ရေးရုံးက လက်မှတ်မပါရင် မရ။ ဧည့်စာရင်းနဲ့ လက်မှတ်မပေး။ သန်းခေါင်စာရင်းရှိမှ လက်မှတ်ထုတ်ပေးတယ်။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

စက်သုံးဆီကို နေ့စဥ်ရောင်းချပေးနိုင်ခြင်းမရှိသဖြင့် ရောင်းချပေးသည့်နေ့များတွင် တန်းစီဝယ်ယူသူများပြီး နာရီနဲ့ချီကာ တန်းစီစောင့်ဆိုင်းရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းက မင်းပြားနှင့် ရသေ့တောင်တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း ကူး သန်းသွားလာနေသည့် လမ်းကြောင်းများအားပိတ်ဆို့ခဲ့သဖြင့် ကုန်ကားများအပါအဝင် ငပလီကမ်းခြေသို့ အလည်အပတ်လာသည့် ခရီးသည်များပင် ပိတ်မိနေခဲ့ကြောင်း သိရသည်။

ထို့နောက် ကုန်တင်ယာဥ်များ၊ ဆီသယ်ယာဥ်များပါ ဝင်ရောက်မရတော့သဖြင့် ငပလီ၌ စက်သုံးဆီအပါအဝင် အခြားသောစားသောက်ကုန်များပါ ဈေးနှုန်းများမြင့်တက်လျက်ရှိ ကြောင်း သိရသည်။

နိုဝင်ဘာ ၂၀ ရက်တွင် ဂွမြို့ဂိတ်မှ သံတွဲသို့ ကုန်ကားအချို့ ဖြတ်သန်းခွင့်ပြုခဲ့ပြီး၊ သံတွဲဘက်သို့မောင်းနှင်လာသည့် ကုန်ကားအချို့ရှိပြီး၊ ဂွမြို့အထွက်၌လည်း စစ်ဆေးရေးဂိတ်များ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

#ဂျူဂျူး

ဓာတ်ပုံ – ငပလီသားများ

#ယနေ့ခေတ်

ငပလီ၌ အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့်သာ စက်သုံးဆီရောင်းချပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်