ဂါဇာတွင် အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အာရပ်ခေါင်းဆောင်များကြား သဘောထားကွဲလွဲ

ဂျော်ဒန်၊ နိုဝင်ဘာ ၅

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်နှင့် အာရပ်ဒေသ နိုင်ငံခြားရေးဝန်ကြီးများသည် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဂါဇာဒေသကို တိုက်ခိုက်နေသည့် အစ္စရေး၏ တိုက်ခိုက်မှုအခြေနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ သဘောထားကွဲလွဲမှုများဖြစ်ခဲ့ကြောင်း သိရသည်။

ဂျော်ဒန်၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဂါဇာဒေသကို တိုက်ခိုက်နေသည့် အစ္စရေး၏ တိုက်ခိုက်မှုများ ယာယီရပ်နားထားရန် တောင်းဆိုခဲ့သည်။

သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ဂါဇာဒေသအပေါ် တိုက်ခိုက်မှုများ ယာယီရပ်နားထားမည်ဆိုလျှင် ဟားမက်စ် လက်နက်ကိုင်အဖွဲ့များ ပြန်လည်စုဖွဲ့ နိုင်ရန် အခွင့်ရေးပေးသလို ဖြစ်လာနိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် နိုဝင်ဘာ ၃ ရက်နေ့က အစ္စရေးနိုင်ငံကို ထပ်မံသွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် နေတန်ရာဟုအပါအဝင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးပြီးနောက် ရက်ပိုင်းအကြာတွင် အာရပ်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ထပ်မံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက “ ဟားမက်စ်အဖွဲ့ဟာ ဂါဇာဒေသမှာ မရှိတော့ဘူးဆိုရင် အပစ်ခတ်ရပ်စဲရေး ဖြစ်လာနိုင်ပါတယ်။ အပစ်ခတ်ရပ်စဲရေးကို လက်ရှိအချိန်မှာ လုပ် ဆောင်မယ်ဆိုရင် အစ္စရေးနိုင်ငံကို ထပ်မံတိုက်ခိုက်ဖို့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကို ပြန်လည်စုဖွဲ့ခွင့်ပေးလိုက်သလို ဖြစ်လာနိုင်တယ်။ ဒီလိုမျိုးဖြစ်လာမှာကို လက်မခံနိုင်ဘူး။ အစ္စရေးနိုင်ငံဟာ ကိုယ့်ကိုယ်ကိုကာကွယ်ခွင့် အခွင့်ရေးရှိဖို့ အလွန်အရေးကြီးပါတယ်။” ဟု ပြောသည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ဂါဇာဒေသအပေါ် တိုက်ခိုက်နေသည့် အစ္စရေး၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်းဆိုနေသော်လည်း အစ္စရေးနိုင်ငံက ရပ်တန့်ခြင်းမရှိပဲ တိုက်ခိုက်နေခဲ့ကြောင်း သိရသည်။

အာရပ်နိုင်ငံများ၏ ခေါင်းဆောင်များက အရပ်သားထောင်ချီ သေဆုံးရခြင်းသည် မိမိကိုယ်ကို ကာကွယ်ခွင့်နှင့်ပတ်သက်ပြီး တရားမျှတမှုမရှိကြောင်း ဝေဖန်ပြစ်တင်ထားသည်။

အာရပ်ခေါင်းဆောင်များနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့သည် ဂါဇာဒေသတွင် ဆက်လက်ဖြစ်ပွားလာမည့် အရာများနှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးရန် ငြင်းဆန်ခဲ့ ကြောင်း သိရသည်။

#ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

ဂါဇာတွင် အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အာရပ်ခေါင်းဆောင်များကြား သဘောထားကွဲလွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်