ဂါဇာဆေးရုံ တိုက်ခိုက်ခံရခြင်းအပေါ် ဂျိုးဘိုင်ဒန် ပေါက်ကွဲ

ဝါရှင်တန်၊ အောက်တိုဘာ ၁၈

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လူပေါင်း ၅၀၀ ခန့် သေဆုံးရဖွယ်ရှိနေသော ဂါဇာဒေသရှိ ဆေးရုံတိုက်ခိုက်ခံရခြင်းအပေါ် ဒေါသဖြစ်ရကြောင်း၊ အဆိုပါ တိုက်ခိုက်ခံရမှုအတွက် အသေးစိတ် စုံစမ်းစစ်ဆေးရန် အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီများကို တာဝန်ပေးထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၇ ရက်နေ့က ဂါဇာဒေသရှိ ဆေးရုံတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲဝေဖန်မှုများရှိနေကြောင်း သိရသည်။

အစ္စရေးနိုင်ငံက ဆေးရုံတိုက်ခိုက်ခံရမှုသည် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Islamic Jihad ၏ လက်ချက်ဖြစ်ကြောင်း၊ ၎င်းတို့သည် ရော့ကက်ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

သို့သော် အဆိုပါအဖွဲ့က အစ္စရေးနိုင်ငံက လိမ်ညာပြောဆိုခြင်းမျိုးဖြစ်ကြောင်း ပြန်တုံ့ပြန်ထားသည်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဂါဇာမြို့လယ်ခေါင်ရှိ ဆေးရုံတိုက်ခိုက်ခံရမှု နောက်ကွယ်တွင် အစ္စရေးပါဝင်နေကြောင်း ပြောဆိုထားသည်။

ဂျိုးဘိုင်ဒန်က “ ဂါဇာဒေသရှိ Al-Ahli Arab ဆေးရုံ ပေါက်ကွဲမှုကြောင့် ဒေါသဖြစ်ရသလို စိတ်မကောင်းဝမ်းနည်းမိတယ်။ အဲဒီဆေးရုံပေါက်ကွဲမှုတွေကြောင့် လူတွေသေဆုံးခဲ့ရ တယ်။” ဟုပြောသည်။

ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး အာရပ်နိုင်ငံများကြား ဒေါသဖြစ်မှုများ မြင့်တက်နေရာ သမ္မတဂျိုးဘိုင်ဒန်သည် ဂျော်ဒန်နိုင်ငံသို့သွားရောက်မည့် အစီအစဉ်ကို ဖျက် သိမ်းခဲ့ရကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်သည် အစ္စရေးနိုင်ငံကို သွားရောက်ပြီးနောက် ဂျော်ဒန်နိုင်ငံတွင် ဂျော်ဒန်ဘုရင်၊ ပါလက်စတိုင်းခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးရန် ယခင်ကစီစဉ်ထားကြောင်း သိရ သည်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဂါဇာကမ်းမြောင်ဒေသရှိ Al-Ahli Baptist ဆေးရုံပေါက်ကွဲမှုကြောင့် အနည်းဆုံးလူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ အဆိုပါတိုက် ခိုက်မှုနောက်ကွယ်တွင် အစ္စရေးနိုင်ငံပါဝင်နေပြီး ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝေဖန်ထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပါလက်စတိုင်းပြည်သူများကို စုပေါင်းအပြစ်ပေးခြင်း မျိုး မဖြစ်သင့်ကြောင်း၊ ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း ဆိုထားသည်။

ထိုအပြင် ဂျာမနီအဓိပတိကလည်း ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုများအတွက် အသေးစိတ် စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

ထိုအပြင် ယူအေအီးနှင့် ရုရှားနိုင်ငံတို့က ဂါဇာဆေးရုံ တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအကြာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပရန် တောင်းဆို ခဲ့သည်။

ကောင်းထက်ငွေ

alarabiya.net

Photo: AP

#ယနေ့ခေတ်

ဂါဇာဆေးရုံ တိုက်ခိုက်ခံရခြင်းအပေါ် ဂျိုးဘိုင်ဒန် ပေါက်ကွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်