ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံး ပယ်ချ

နယူးယောက်၊ ဒီဇင်ဘာ ၉

အမေရိကန်အစိုးရသည် ဂါဇာဒေသစစ်ပွဲ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံးပြီး ပယ်ချလိုက် ကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားခဲ့သောစစ်ပွဲသည် နှစ်လကျော်ကြာလာချိန်တွင် ပါလက်စတိုင်းပြည်သူ ၁၈,၀၀၀ နီးပါး သေဆုံးထားရာ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်အပါအဝင် အာရပ်နိုင်ငံများက အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူများ သေဆုံးနေခြင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအ ဝေးကို ခေါ်ယူခဲ့ကြောင်း သိရသည်။

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်းကို ဦးဆောင်သည့် နိုင်ငံတွေထဲပါဝင်ခဲ့သော ကုလသမဂ္ဂဆိုင်ရာ ယူအေအီးသံမတ်ကြီးက “ အမေရိကန်အစိုးရ ဟာ ဗီတိုအာဏာသုံးပယ်ချခဲ့တယ်။ အဲဒီအတွက် စိတ်ပျက်ရတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်အောင် အပစ်ခတ်ရပ်စဲရေး တောင် မလုပ်နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်။” ဟု ပြောသည်။

ဂူတာရက်စ်က ဟားမက်စ်အဖွဲ့၏ ရက်စက်မှုများနှင့် ပတ်သက်ပြီး ပါလက်စတိုင်းပြည်သူတွေကို စုပုံအပြစ်ပေးခြင်း မဖြစ်သင့်ကြောင်း ဝေဖန်ခဲ့သည်။

အမေရိကန်အစိုးရ၏ ဗီတိုအာဏာသုံးပယ်ချမှုသည် အရှေ့အလယ်ပိုင်းဒေသ အခြေနေများကို ထိန်းချုပ်လို့မရသော ပေါက်ကွဲမှုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးက သတိပေးခဲ့သည်။

ဂါဇာဒေသစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကြား မဲခွဲဆုံးဖြတ်ခဲ့ရာ အမေရိကန်နိုင်ငံက ဗီတိုအာဏာ အသုံးပြုခဲ့သော်လည်း ဗြိတိန် နိုင်ငံက ကြားနေမဲသာပေးခဲ့ကြောင်း သိရသည်။

#ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံး ပယ်ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်