ကွတ်ခိုင် နမ့်ဖက်ကာရွာ၌ လက်နက်ကြီးကျ၍ နှစ်ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာ၌ ယမန်နေ့ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ပရဟိတအသင်းတစ်သင်းထံမှ သိရသည်။

ယမန်နေ့ ညနေ ၅ နာရီကျော်က နမ့်ဖက်ကာကျေးရွာ၊ ပြည်ထောင်စုလမ်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ထိမှန်၍ သေဆုံးခဲ့ခြင်းဟု သိရသည်။

“ အမျိုးသားက ပရဟိတအဖွဲ့က ၊ အမျိုးသမီးကတော့ အရပ်သားပါ။ နှစ်ဦးစလုံးကို ကွတ်ခိုင်ဆေးရုံကိုပို့ပြီး ဒီနေ့တော့ အိမ်ကိုပြန်သယ်သွားပြီ။ မနက်ဖြန် နာရေးပြုလုပ်မယ်။” ဟု ကူညီပေးခဲ့သော ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသူ အမျိုးသားမှာ အသက် ၂၅ နှစ်ဝန်းကျင် ပရဟိတအဖွဲ့တစ်ဖွဲ့မှ အသင်းသားဖြစ်ကာ၊ အမျိုးသမီးမှာ အသက် ၃၀ ဝန်းကျင်အရွယ် နမ့်ဖက်ကာကျေးရွာ၌ နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ကလည်း ယခုလက်နက်ကြီးကျည် ကျရောက်ခဲ့သည့် နမ့်ဖက်ကာကျေးရွာနှင့် နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကျေးရွာအနီးတို့သို့ လက်နက်ကြီးကျည် များ ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်တွင်ရှိနေသည့် ကလေးငယ်သုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကွတ်ခိုင် နမ့်ဖက်ကာရွာ၌ လက်နက်ကြီးကျ၍ နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်