ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် နိုင်ငံသားပိုင်ကုမ္ပဏီများကို EoI ဖိတ်ခေါ်ထား

ရန်ကုန်၊ နိုဝင်ဘာ ၄

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၌ ပါဝင်လိုသည့် နိုင်ငံသားပိုင်ကုမ္ပဏီများကို EoI ဖိတ်ခေါ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ် မှု မြှင့်တင်ရေးအဖွဲ့၊ အထူးစီးပွားရေးဇုန်ဌာနခွဲမှ နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

အဆိုပါ အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ပူပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် Myanmar GED Consortium ဖွဲ့စည်းရေး စီစဉ်နေကြောင်း၊ ထို့ကြောင့် နိုင်ငံသားကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ EoI (Expression of Interest) တင်သွင်းနိုင် ကြောင်း ဖိတ်ခေါ်ထားသည်။

ထို့အပြင် ပါဝင်လိုသည့်ကုမ္ပဏီသည် သက်တမ်း ၁၀ နှစ်နှင့်အထက်(သို့မဟုတ်) အခြေခံအဆောက်အဦ တည်ဆောက်ရေးအတွေ့အကြုံ ၅ နှစ် ရှိရမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသား ကုမ္ပဏီဖြစ်ပါက သတ်မှတ်ကာလထက် လျှော့ပေါ့စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် ၃ နှစ်အတွင်း လုပ်ငန်းမှပျမ်းမျှဝင်ငွေ ဒေါ်လာ သန်း (၂၀) သို့မဟုတ် ၎င်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ ရရှိရမည်ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။

ထို့အပြင် နာမည်ပျက်စာရင်း၊ တားမြစ်ပိတ်ပင်ထားခြင်း၊ အရည်အချင်းမပြည့်မီဟု သတ်မှတ်ထားသည့်ကုမ္ပဏီများ လျှောက်ထားခွင့်မရှိကြောင်း၊ ထိုအဖွဲ့အစည်းတွင် ပါဝင်လို ကြောင်း စတင်အဆိုပြုသည့်အချိန်၌ အနည်းဆုံး ဒေါ်လာ ၅ သန်းထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခုတင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကုမ္ပဏီတွင်လိုအပ်သည့် ပညာရှင်နှင့် အခြားကျွမ်းကျင်ဝန်ထမ်း လုံလောက်စွာ ခန့်ထားရမည်ဖြစ်ပြီး နည်းပညာကျွမ်းကျင်ဝန်ထမ်းများကို စီမံကိန်း၌ ထောက်ပံ့ပေးနိုင် ရမည်ဖြစ်ကြောင်း၊ စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် EoI အဆိုပြုလွှာကို တစ်စုံကျပ်တစ်သောင်းနှုန်းဖြင့် ဝယ်ယူနိုင်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့နောက်ဆုံးထား ပေးပို့ရမည်ဖြစ် ကြောင်း သိရသည်။

“ ကြေညာထားတဲ့အတိုင်းပါပဲ။ စိတ်ဝင်စားတဲ့ မည်သူမဆို လာရောက်လျှောက်ထားလို့ရပါတယ်။ နိုင်ငံသားပဲဖြစ်ရမယ်။” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ အထူးစီးပွားရေးဇုန်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်- ၁၉ နှင့် နိုင်ငံရေးကြောင့် ရပ်နားထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်ဘက်မှ ပြန်လည်စတင်ရန် ဆန္ဒရှိနေပြီး၊ အဆိုပါ ကျောက်ဖြူ ရေနက်ဆိပ် ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး – BRI ၏ မြန်မာဘက်ခြမ်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင်ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကိမ်း စီမံကိန်း သုံးခုထဲမှ ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုသွားရန် စီစဉ်ခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် တရုတ်အစိုးရပိုင် CITIC အုပ်စုမှ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ စီမံကိန်း၏ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ- အင်တာနက်

#ယနေ့ခေတ်

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် နိုင်ငံသားပိုင်ကုမ္ပဏီများကို EoI ဖိတ်ခေါ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်