ကျောက်တံခါး၌ ဆိုင်ကယ်စီးနင်းလာသည့်သားအဖ ပစ်ခတ်ခံရ၊ ဖခင်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၌ ယမန်နေ့က ဆိုင်ကယ်စီးနင်းလာသည့် သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး ဖခင်ဖြစ်သူသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့၊ နေ့လည် ၂ နာရီကျော်က ကျောက်တံခါးမြို့နယ်၊ ဖဒိုဒေသ၊ ပဲခူးစုကျေးရွာမှ အမျိုးသားတစ်ဦးမှာ ပုဂံကွဲကျေးရွာရှိ ၎င်း၏လယ်အတွင်းသို့ ဆေးဖြန်းရန်အတွက် သမီးဖြစ် သူနှင့်အတူ ဆိုင်ကယ်စီးနင်းကာ သွားရောက်စဉ် ကျေးရွာချင်းဆက်လမ်းပေါ်အရောက် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာမှာပင်သေဆုံးခဲ့ကြောင်း သိ ရသည်။

“ သူ့တို့သားအဖနှစ်ယောက်က လယ်ထဲဆေးဖြန်းဖို့လာတုန်း ရွာချင်းဆက်လမ်းမှာ လမ်းလျှောက်လာတဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွား တယ်လို့ သိရတယ်။ သေဆုံးသူက မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဆိုတော့ ဒလန်စွပ်စွဲချက်နဲ့ ပစ်ခတ်သွားတာလို့လည်း ပြောကြတယ်။ သူ့သမီးလည်း ပြင်းထန်ဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၄၅နှစ်အရွယ်ရှိ ကိုအောင်ကျော်ဆန်းဆိုသူဖြစ်ပြီး ဦးခေါင်း၊ ကျောကုန်း၊ လက်နှင့် ခါးတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရ သည်။

၎င်း၏သမီးဖြစ်သူမှာ ရင်ဘတ်နှင့်လက်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိပြီး ပဲခူးမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌ နှစ်ဖက်လက်နက်ကိုင်အဖွဲ့ လှုပ်ရှားသွားလာလေ့ရှိပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိကာ ပစ်ခတ်တိုက်ခိုက်မှုများအပြင် လက်နက်ကြီးဖြင့် ပစ်ခတ် မှု၊ ဒရုန်းဗုံးတိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုတို့ကြောင့် ပြီးခဲ့သည့်လအတွင်းက ဒေသခံငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ယနေ့ခေတ်

ကျောက်တံခါး၌ ဆိုင်ကယ်စီးနင်းလာသည့်သားအဖ ပစ်ခတ်ခံရ၊ ဖခင်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်