ကျောက်ကြီး၌ ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၂

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့က ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၍ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည် ၂ နာရီခွဲက ကျောက်ကြီးမြို့နယ်၊ လပါတ်ကျေးရွာနေ အသက် ၆၆ နှစ်အရွယ် အမျိုးသားနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတို့နှစ်ဦးမှာ ကျောက်ကြီးမြို့သို့ စျေးဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ဒုံးတိုရွာနှင့် လပါတ်ကျေးရွာအကြား၊ မရမ်းစိန်လေးလမ်းခွဲအရောက်၌ လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိသူများက သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

“ သူတို့နှစ်ဦးက ဦးလေးနဲ့တူ တော်စပ်သူတွေပါ။ ရွာမှာစျေးရောင်းကြတာ။ အခုက စျေးဝယ်ဖို့ မြို့ပေါ်ထွက်လာရင်း လမ်းမှာအပစ်ခံလိုက်ရတာ။ သူတို့စီးလာတဲ့ ဆိုင်ကယ်ကိုလည်း လုသွားတယ်တော့ကြားတယ်။ ဆိုင်ကယ်လုချင်လို့ ပစ်တာလား၊ တခြားကိစ္စတွေကြောင့် ပစ်တာလားဆိုတာတော့ သေချာမသိရဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူ နှစ်ဦးမှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ၎င်းတို့၏ရုပ်အလောင်းအား ကျောက်ကြီးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နယ်တွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသွားလာလျက်ရှိပြီး အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကာ စစ်ဘေး တိမ်းရှောင်ရမှုနှင့် အရပ်သားများသတ်ဖြတ်ခံရမှု မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

မောင်ဇော်

ဓာတ်ပုံ- စီဂျေ

#ယနေ့ခေတ်

ကျောက်ကြီး၌ ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်