ကျောက်ကြီးမြို့နယ်၌ နှစ်ဖက်တိုက်ပွဲများကြောင့် သုံးလအတွင်း လူရှစ်ထောင်ကျော် စစ်ရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၁၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ နယ်တွင် နှစ်ဖက်တိုက်ပွဲကြောင့် သုံးလတာကာလအတွင်း ဒေသခံရှစ်ထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်တွင် မေလမှ ဩဂုတ် ၁၅ ရက်အထိ သုံးလနီးပါးကာလအတွင်း နှစ်ဖက်တိုက်ပွဲများစွာဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၀ ရွာကျော်မှ လူဦးရေ ရှစ်ထောင်နီးပါးမှာ လတ်တလော၌ စစ်ရှောင်စခန်းများသို့ ရှောင်တိမ်းနေထိုင်ရကြောင်း သိရသည်။

“ ဒီစာရင်းက စစ်ရှောင်ရွာ ၁၀ ရွာမှာ ကောက်ခံရရှိထားတဲ့ စာရင်းပဲဖြစ်တယ်။ တကယ်စစ်ရှောင်နေရတဲ့ရွာက ၄၀ ကျော်ရှိပြီး စာရင်းမကောက်နိုင်သေးတဲ့ ရွာတွေကလူတွေ အများ ကြီး ကျန်သေးတယ်“ ဟု ကျောက်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွါးနေသည့်အပြင် မိုးရာသီကာလဖြစ်သည့်အတွက် ရေကြီးရေလျှံမှုများလည်း ဖြစ်ပွားနေ၍ ကျေးရွာ ၈ ရွာကျော်မှ အိမ်ခြေ ၆၂ အိမ်၊ လူဦးရေစုစုပေါင်း နှစ် ထောင်နီးပါး ရေနစ်မြှုပ်မှုဒဏ်ကိုခံစားခဲ့ရပြီး စာသင်ကျောင်း ၃ ကျောင်းမှ ကျောင်းသားကျောင်းသူစုစုပေါင်း ၃၀၀ ကျော်မှာလည်း ကျောင်းတက်ရန် အခက်အခဲရှိသောကြောင့် ကျောင်းပိတ်ခဲ့ရသည်ဟု KNU ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ရေကြီးတာနဲ့ တိုက်ပွဲတွေကြောင့် ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေလည်း ဖြစ်ပွားနေပြီး လုပ်စားစရာ အလုပ်အကိုင်ကလည်း မရှိ၊ ကုန်စျေးနှုန်းကလည်း အဆမတန်တက်၊ သွားလာရေးကလည်းခက်ခဲနဲ့ တော်တော်ဒုက္ခရောက်ကြတယ်“ ဟု ကျောက်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူက ဆက်လက်ပြောပြသည်။

မေလမှ ယခုလအထိ သုံးလတာကာလအတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် လေကြောင်းမှ တိုက်ခိုက်မှု ၃၃ ကြိမ်၊ ဒရုန်းဖြင့်ပစ်ခတ်မှု ၁ကြိမ် လက်နက်ကြီး ၃၇ ကြိမ် ပစ်ခတ်ပြီး လက်နက်ကြီးကျည်အလုံးရေ ၄၀၀ ထက်မနည်းအား ပစ်ခတ်ခဲ့၍ ကျောက်ကြီးမြို့နယ်အတွင်း နေအိမ်အလုံး ၂၀ ထက်မနည်း ပျက်စီးခဲ့ပြီး ကျောင်းသားကျောင်းသူ ၄ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း KNU က ဆိုသည်။

ထို့ပြင် တိုက်ပွဲကြောင့် အရပ်သား ၁၃ ဦး ပြင်းထန်စွာဒဏ်ရာရ၍ ၁၈ ဦးဖမ်းဆီးထောင်ချခံရကာ မီးရှို့သတ်ဖြတ်ခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းတို့ကြောင့် သေဆုံးသူများလည်း ရှိကြောင်း KNU က ထုတ်ပြန်သည်။

နှစ်,နှစ်ကျော်ကာလအတွင်း တိုက်ပွဲအနည်းငယ်သာပွားဖြစ်ခဲ့သည့် ပဲခူးတိုင်းအတွင်း ယခုနှစ် ဧပြီလနောက်ပိုင်းမှစ၍ တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားလာကြောင်း ဒေသခံများက ပြော သည်။

ယခုလပိုင်းများအတွင်း ပဲခူးတိုင်းရှိ အချို့ဒေသများသို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ပြီး နစကစစ်ကြောင်းများနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်မှုများ ပြုလုပ်နေသကဲ့သို့ နစကမှလည်း ပဲခူးတိုင်း၏လုံခြုံရေးကို အဓိကတာဝန်ယူရသည့် တောင်ပိုင်း တိုင်း တိုင်းမှူးနေရာအား ယခုရက်ပိုင်းမှ အပြောင်းအလဲပြုလုပ်ကာ စစ်ရေးအရှိန်မြှင့်တင်နေဖွယ်ရှိ၍ လာမည့်လများအတွင်း ပဲခူးတိုင်းအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွား၍ စစ်ရှောင်လူဦးရေ များပြားလာနိုင်ဖွယ်ရှိသည်ဟု တိုက်ပွဲများအကြောင်း လေ့လာစောင့်ကြည့်နေသူများက သုံးသပ်ပြောကြားသည်။

မောင်ဇော်

ဓာတ်ပုံ-KNU

#ယနေ့ခေတ်

ပုံစာ- ပဲခူးတိုင်းအတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေရသော ဒေသခံများအားတွေ့ရစဉ်။ (ပုံဟောင်း)

ကျောက်ကြီးမြို့နယ်၌ နှစ်ဖက်တိုက်ပွဲများကြောင့် သုံးလအတွင်း လူရှစ်ထောင်ကျော် စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်