ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်အတွင်း ဒရုန်းဗုံးကျ၍ ကုန်ကားများ မီးလောင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်အနီးရှိ ကားဝင်းအတွင်းသို့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့၍ ဝင်းအတွင်း ရပ်နားထားသည့် ကုန်တင် ကားများ မီးလောင်နေကြောင်း မူဆယ်မြို့ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်အနီးရှိ 7 ဟွာဂျင်ကုမ္ပဏီပိုင်သည့် ကားဝင်းအတွင်း ဒရုန်းဗုံးကျရောက်ပေါက် ကွဲခဲ့ပြီး ကုန်အပြည့်တင်ဆောင်ထားသည့်ကားများ မီးလောင်ကျွမ်းခဲ့ကာ ယခုအချိန်အထိ မီးငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ကုန်ကားတွေမီးလောင်နေတာ မနည်းဘူး။ ကားတွေက ကုန်အပြည့်တင်ပြီး မန္တလေးဘက်ကိုပို့ဖို့ ဂိတ်ဝင်းထဲမှာ စောင့်နေကြတာ။ အခုမီးလောင်နေတဲ့ ကုန်ကားတွေတောင် ၁၀ စီးလောက်ဖြစ်နေတယ်။ မီးလောင်တဲ့နေရာက တိုက်ပွဲတွေဖြစ်နေတာဆိုတော့ မီးသတ်ဖို့ သွားလို့မရဘူး။ ကားကြီးတွေဆိုတော့ ဂိတ်ဝင်းထဲက ချက်ချင်းထွက်လို့မရဘူးလေ။ တရုတ်ဘက်ကဝင်လာတဲ့ ကုန်ကားတွေကတော့ တရုတ်ဘက်ကိုပြန်ဝင်သွားတယ်။ မီးလောင်တာကြီးတဲ့အတွက် ဆုံးရှုံးမှုကတော့များလိမ့်မယ်။” ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲခဲ့သည့် ကားဂိတ်မှာ 7 ဟွာဂျင်ကုမ္ပဏီပိုင်သည့်ကားဝင်းဖြစ်ပြီး အဆိုပါကားဝင်းအတွင်း နစကတပ်များရှိနေကြောင်း နယ်စပ်ကုန်သည်တစ်ဦးထံမှ သိရသည်။

“ ကျင်စန်းကျော့ဂိတ်နားမှာ ကားဝင်းကြီးနှစ်ခုရှိတယ်။ ရွှေလည်ဧကားဝင်းဆိုတာက New Star Light ကုမ္ပဏီကဖွင့်ထားတဲ့ ပုဂ္ဂလိကပိုင်ကားဝင်းပေါ့။ နောက်တစ်ခုက 7 ဟွာဂျင် ကားဝင်းပေါ့။ အခုဖြစ်တာက 7 ဟွာဂျင်ကုမ္ပဏီပိုင်တဲ့ ကားဝင်းမှာဖြစ်တာ။ အဲဒီထဲမှာ နစကစစ်ကြောင်းရှိတယ်။ အဲ့စစ်ကြောင်းကိုလာပစ်လို့ ကားတွေကိုထိတယ်ပြောတယ်။ ရွှေ့လို့ရတဲ့ကားတွေကိုတော့ နီးစပ်ရာကိုရွှေ့နေတယ်။ လွတ်သွားတဲ့ကားတွေလည်းများပါတယ်။” ဟု ၎င်းက ပြောသည်။

အဆိုပါ မီးလောင်နေသည့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်သည် မူဆယ်မြို့နှင့် ၇ မိုင်ခန့်အကွာ၊ လွယ်ဟိန်းကျေးရွာတွင်ရှိပြီး ပြည်တွင်းမှ ထွက်ကုန်များကို တရုတ်နိုင်ငံ သို့တင်ပို့၍ တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်းများ၊ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို ပြည်တွင်းသို့ ပြန်လည်တင်သွင်းနေသည့် နယ်စပ်ကုန် သွယ်ရေးဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။

#အောင်သူရိန်#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်အတွင်း ဒရုန်းဗုံးကျ၍ ကုန်ကားများ မီးလောင်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်