ကော့ကရိတ်၌ လက်နက်ကြီးကျည်ထိမှန်၍ သံဃာနှစ်ပါး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖလေးကျေးရွာ၌ ယမန်နေ့ ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ သံဃာနှစ်ပါးအား ထိမှန်ခဲ့ကြောင်း KNU ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ညနေ ၅ နာရီခွဲက ကော့ကရိတ်မြို့နယ်၊ အံဖလေးကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်းသို့ လက်နက်ကြီးကျည် လေးလုံးကျရောက် ပေါက်ကွဲခဲ့ရာ ဘုန်းကြီးကျောင်း ဆောင်နှင့် ရေချမ်းစင်တို့ပျက်စီးခဲ့ကာ သံဃာနှစ်ပါးကို ကျည်စများထိမှန်ခဲ့ကြောင်း သိရသည်။

“ ဒဏ်ရာရတဲ့ သံဃာနှစ်ပါးအနက် အသက် ၁၆ နှစ်အရွယ် ရှင်က္ကန္ဒြိယက ဘယ်ဘက်ခြေသလုံးကို ထိမှန်ပြီး၊ အသက် ၁၄ နှစ်အရွယ် ရှင်ထေရိဒ္ဒက ညာဘက်ပေါင်ကို ကျည်စထိမှန် သွားတယ်။” ဟု KNU ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကော့ကရိတ်မြို့နယ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ အံဖလေးကျေးရွာအတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော ကြားသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ကော့ကရိတ်မြို့နယ်နှင့် အနီးတဝိုက်တွင် ယခုလအတွင်း နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိကာ တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်လျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

Photo – KNU

#ယနေ့ခေတ်

ကော့ကရိတ်၌ လက်နက်ကြီးကျည်ထိမှန်၍ သံဃာနှစ်ပါး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်