ကော့ကရိတ်၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦးအပါအဝင် အမျိုသမီးငါးဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ယမန်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ကော့ကရိတ်မြို့နယ်၊ (၁) ရပ်ကွက်၊ ရှမ်းစုရပ်အနီးသို့ ၆၀ မမ အမျိုးအစား လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ထိုနေရာ အနီးတွင်နေထိုင်သူ သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသမီးများ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ ပြီးခဲ့တဲ့ရက်ထဲက နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်နေတာ။ အခုဖြစ်စဉ်က မောင်းမရွာသစ်ဘက်က လက်နက်ကိုင်အဖွဲ့တွေနဲ့ ကော့နွဲ့ရွာဘက်က စစ်စခန်းတို့ အပြန်အလှန်ပစ်ခတ် ကြရင်း လက်နက်ကြီးကျည်က လူနေရပ်ကွက်ထဲကို ကျတာလို့တော့ပြောတယ်။” ဟု ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသော ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စများထိမှန်၍ အသက် ၃ နှစ်အရွယ် ကလေးငယ်တွင် ဝမ်းဗိုက်ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦးတွင် ပေါင်၌ ကျည် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၆၀ ကျော် အမျိုးသမီးနှစ်ဦးတွင် ဦးခေါင်း၊ ရင်ဘတ်နှင့် လက်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းထန်သူ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦးအား ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ သုံးနှစ်အရွယ် ကလေးငယ်နှင့် ကျန်နှစ်ဦးမှာ မြဝတီပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့်လအတွင်းက လက်နက်ကြီးကျည်နှင့် Drop Bomb ကျရောက်ပေါက်ကွဲမှု ကြောင့် အရပ်သားဆယ်ဦးထက်မနည်း သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကော့ကရိတ်၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦးအပါအဝင် အမျိုသမီးငါးဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်