ကော့ကရိတ်၌ ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအမိန့်အား ဒီဇင်ဘာ ၃ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ သတ်မှတ်၍ မြို့ နယ်ထွေအုပ်ရုံးမှ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် လက်နက်ကိုင်အဖွဲ့များက မကြာခဏဝင်ရောက် ပစ်ခတ်မှုများပြုလုပ်ခြင်းသည် နယ်မြေလုံခြုံရေးအား ထိခိုက်လျက်ရှိ၍ လူငါးဦး သို့မဟုတ် ငါးဦးထက်ပို၍ လမ်းမကြီးများ၊ လမ်းသွယ်များနှင့် လမ်းကြားများတွင် စုဝေးခြင်းမပြုရန်နှင့် ဒီဇင်ဘာ ၃ ရက်မှ ၂၀၂၄ ခုနှစ်မှ ဖေဖော်ဝါရီ ၂ ရက်နေ့ အထိ ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ည မထွက်ရအမိန့်ထုတ်ပြန်ကြောင်း သိရသည်။

“ သူတို့က ညမထွက်ရအမိန့်သာ ထုတ်ပြန်နေတာ။ မြို့ပေါ်က လူတွေအများစုက ပြီးခဲ့တဲ့ရက်ထဲက စစ်ရှောင်နေကြရတာ။ မြို့ပေါ်မှာ လူတောင် သိပ်မကျန်တော့ဘူး။ ကျန်တဲ့သူတွေ လည်း နီးစပ်ရာကို ထွက်ပြေးကြဖို့ လုပ်ဆောင်နေကြတယ်။” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁ ရက်မှ ယနေ့အထိ ကော့ကရိတ်မြို့ပေါ်နှင့် အနီးတဝိုက်၌ နစကတပ်များနှင့် KNU, PDF ပူးပေါင်းအဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကာ အာရှ လမ်းပိုင်းအား ပိတ်ဆို့ထားလျက်ရှိပြီး ဒေသခံထောင်ချီ၍ ဘေးလွတ်ရာနေရာများတွင် ရွေ့ပြောင်းနေထိုင်လျက်ရှိနေကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကို ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ – ဒီဇင်ဘာ ၅ ရက်၊ နံနက်တွင်တွေ့ရသည့် ကော့ကရိတ်မြို့မြင်ကွင်း

#ယနေ့ခေတ်

ကော့ကရိတ်၌ ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်