ကော့ကရိတ်၌ စာသင်ကျောင်းအနီး Drop Bomb ကျရောက်ပေါက်ကွဲ၍ ကျောင်းသူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းအနီးသို့ ယမန်နေ့က Drop Bomb ကျရောက်ပေါက်ကွဲရာ ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးသေဆုံး၍ ကျောင်းသူ သုံးဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည်ပိုင်းက ကော့ကရိတ်မြို့၊ (၂) ရပ်ကွက်၊ အထကခွဲ (ဝန်းကြီး) မုဒ်ဝအနီးသို့ Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့ရာ အဆိုပါနေရာအနီး ကျောင်းလွှတ်ချိန် တွင် မုန့်ဝယ်နေသည့် ကျောင်းသူလေးဦးအား ဗုံးစများထိမှန်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် Grade – 5 ကျောင်းသူမှာ သေဆုံးခဲ့ကာ ကျန်ကျောင်းသူသုံးဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ မနေ့က ခလရ ၉၇ ကို Drop Bomb နဲ့ရော လက်နက်ကြီးနဲ့ရော ပစ်ပြီးတိုက်တာမှာ Drop Bomb တစ်လုံးက စာသင်ကျောင်းနားကို ပြုတ်ကျပြီး ကျောင်းသူလေးတွေကို ထိမှန် သွားတာ။ လေးဦးစလုံးကို ဆေးရုံကို အချိန်မှီပို့ပေးခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်တဲ့တစ်ဦးက သေဆုံးသွားတာ။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဗုံးစထိမှန်၍ အသက် ၆ နှစ်အရွယ် Grade – 1 ကျောင်းသူ၊ အသက် ၁၁ နှစ်အရွယ် Grade – 4 ကျောင်းသူနှင့် အသက် ၁၈ နှစ်အရွယ် Grade -12 ကျောင်းသူတို့သုံးဦးမှာ ခန္ဓာ ကိုယ်အတွင်း ဗုံးစဖောက်ဝင် ဒဏ်ရာများရရှိ၍ ကော့ကရိတ်ခရိုင်၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၆ ရက်၊ ညနေကလည်း ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက် ၊ ဓမ္မရာမဘုန်းကြီးကျောင်းအနီး၊ ဝင်းကြီးကွက်သစ်သို့သွားသည့် လမ်းပေါ်တွင် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ လမ်းလျှောက်လာသည့် အသက် ၁၀ နှစ်အရွယ် Grade – 4 ကျောင်းသားတစ်ဦးနှင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဗုံးစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကော့ကရိတ်မြို့နယ်၌ နစကတပ်များနှင့် KNU, PDF ပူးပေါင်းအဖွဲ့များ နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလျက်ရှိကာ တိုက်ပွဲအတွင်း လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများနှင့် Drop Bomb ဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းတို့ မကြာခဏဖြစ်ပေါ် လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မောင်ဇော်

ဓါတ်ပုံ- စီဂျေ

#ယနေ့ခေတ်

ကော့ကရိတ်၌ စာသင်ကျောင်းအနီး Drop Bomb ကျရောက်ပေါက်ကွဲ၍ ကျောင်းသူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်