ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား ခေါ်ဆိုရန်မရှိဟု ကိုရီးယားသံရုံးမှ ထပ်မံအသိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား ခေါ်ဆိုရန်မရှိဟု ကိုရီးယားသံရုံးမှ ထပ်မံအသိပေးထားကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီ MOEAF မှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ ကိုရီးယားနိုင်ငံ၌ ရာသီချိန်လုပ်သားများ ခေါ်ယူမည်ဆိုသည့်သတင်းများ.ထွက်ပေါ်လာခဲ့ချိန်မှစ၍ ပြည်တွင်း၌ရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့က မြေပြင်၌ဖြစ်စေ၊ အွန်လိုင်းတွင်ဖြစ်စေ ကိုရီးယားသို့ ရာသီချိန်လုပ်သားများ သွားရောက်လုပ်ကိုင်နိုင်ကြောင်း ဆက်လက်ကြော်ငြာနေသဖြင့် ကိုရီးယားသံရုံးက မဟုတ်မှန်ကြောင်း ထပ်မံအသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီသတင်းတွေထွက်လာပြီး မကြာဘူး။ ကိုရီးယားဘက်က မဟုတ်ပါဘူးလို့ ငြင်းထားပြီးပြီ။ ဒါကို ပြည်တွင်းမှာရှိတဲ့ အေဂျင်စီတစ်ချို့က လိုင်းပေါ်မှာရော၊ မြေပြင်မှာပါ ရာသီချိန် လုပ်သားတွေ ခေါ်နေပါတယ်ဆိုပြီး သတင်းတွေလွှင့်၊ ကြော်ငြာနေလို့ ကိုရီးယားဘက်က ထပ်ငြင်းတာ။” ဟု MOEAF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုရီးယားနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသား ရာသီချိန်လုပ်သားများနှင့် ပတ်သက်၍ မည်သည့်ညွှန်ကြားချက်နှင့် ရပ်တည်ချက်ကိုမျှ ကြေညာထုတ်ပြန်ထားခြင်းမရှိကြောင်း ထပ်မံအသိ ပေးထုတ်ပြန်ခဲ့ပြီး၊ ခိုင်လုံသည့်သက်သေမရှိပဲ၊ ကိုရီးယားအစိုးရ၏ ရပ်တည်ချက်ကို ကိုယ်စားပြုကြေညာသည့် အပြုအမူများကို အထူးသတိပြုစေလိုကြောင်း ကိုရီးယားသံရုံးက သတင်းထုတ်ပြန်ထားသည်။

#အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား ခေါ်ဆိုရန်မရှိဟု ကိုရီးယားသံရုံးမှ ထပ်မံအသိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်