ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား စေလွှတ်ရန် အေဂျင်စီ ၁၁ ခု တင်ပြထား

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက်

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား စေလွှတ်နိုင်ရန်အတွက် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၁ ခုက တင်ပြထားကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ရာသီချိန်လုပ်သား စေလွှတ်ရေးအတွက် ကိုရီးယားနိုင်ငံဘက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များရှိပြီး၊ မြန်မာနိုင်ငံမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များလည်းရှိကာ၊ အဆိုပါစည်းကမ်းချက်များကို လုပ်သားများနှင့် အေဂျင်စီများ လိုက်နာရန်လိုအပ်ကြောင်း သိရသည်။

“ ရာသီချိန်လုပ်သားခေါ်ဖို့အတွက် အသိပေးလာတာရှိလို့ လျှောက်ထားပါတယ်။ အေဂျင်စီတွေအနေနဲ့ တရားဝင်သွားဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာရမယ်လို့ ပြောတယ်။ ပြီးတော့ ကိုယ်ပို့မယ့် လုပ်သားကလည်း စည်းကမ်းလိုက်နာမှရမယ်။ အလုပ်က စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက်ခေါ်တာ။” ဟု ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သား ခေါ်ယူခြင်းမရှိပဲ၊ ယခုအခါ လုပ်သားလိုအပ်ချက်ကြောင့် နှစ်နိုင်ငံအစိုးရ၏ သဘောတူညီချက်အရ ခေါ်ယူခြင်းဖြစ်ပြီး၊ လာမည့် ၂၀၂၄ ခုနှစ်မှစတင်ကာ ရာသီချိန် လုပ်သားများအား ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရာသီချိန်လုပ်သားများသည် ကိုရီးယားနိုင်ငံတွင် တစ်နှစ်လျှင် ၈ လ အလုပ်လုပ်ကာ၊ ၄ လ နားသည့်စနစ်ဖြင့် လုပ်ကိုင်ရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသည့် ဗီဇာသက်တမ်းကျော် လွန်ပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

#အောင်သူရိန်

ဓါတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား စေလွှတ်ရန် အေဂျင်စီ ၁၁ ခု တင်ပြထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်