ကသာမြို့၌ အခြေခံပညာကျောင်းများနှင့် ဘဏ်များ ယာယီပိတ်ထားရ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကသာမြို့၌ အခြေခံပညာကျောင်းများနှင့် ဘဏ်များအား ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၇ ရက်မှစတင်ကာ ကျောင်းသားမိဘများက စိုးရိမ်ကာ ကျောင်းမပို့ကြတော့သဖြင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရ​ခြင်းဖြစ်သည်ဟု ဆိုသည်။

“ တနင်္လာနေ့ကတော့ လာတက်ကြသေးတယ်။ ဒါပေမယ့်နည်းတယ်။ အင်္ဂါနေ့တော့ ယာယီပိတ်တယ် ကြေညာလိုက်တယ်။ ဘဏ်တွေကတော့ပိတ်ထားတယ်။ ငွေလွှဲကလည်း အင်တာနက်လိုင်းကောင်းတဲ့ဆီပဲရတယ်။ အင်တာနက်လိုင်းတွေလည်းကျ၊ မီးတွေလည်းပျက်နေတယ်။” ဟု ကသာမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ အခြေခံပညာကျောင်းနှင့် ဘဏ်များပိတ်ထားခြင်းမှာ ကသာမြို့နှင့် မိုင် ၅၀ ခန့်တွင်ရှိသည့် ​ကောလင်းမြို့၌ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ ကသာမှာတော့ တိုက်ပွဲတွေဖြစ်တာတော့ မရှိဘူး။ ညပိုင်းတွေတော့ လက်နက်သံတွေကြားရတယ်။ တချို့လဲကြောက်ပြီး ​တခြားမြို့တွေကို ပြောင်းကုန်ကြတယ်။ တစ်ချို့ဆိုင်တွေ လည်းပိတ်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းထဲမှ ကောလင်းမြို့၌ တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ကသာမြို့မှ ရဲစခန်းသည်လည်း မကြာခဏဆိုသလို ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင်း ရဲစခန်းမှ မိသားစုဝင်များ ရွှေ့ပြောင်းသွားကြကြောင်း သိရသည်။

လက်ရှိတွင် ကသာမြို့ရှိ ဒေသခံအချို့ ​ရွေ့ပြောင်းနေထိုင်ကြပြီး မြို့တွင်း၌လည်း လျှပ်စစ်မီးပြတ်တောက်နေသည်မှာ နှစ်ရက်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကသာမြို့၌ အခြေခံပညာကျောင်းများနှင့် ဘဏ်များ ယာယီပိတ်ထားရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်