ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား သင်္ဘောများ ဆိုက်ကပ်နိုင်ရေး စစ်တွေဆိပ်ကမ်းကို ယာယီပြည်တွင်းဆိပ်ကမ်းအဖြစ် သတ်မှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အိန္ဒိယနိုင်ငံနှင့်သာမက ဒေသတွင်း နိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်မည့် စစ်တွေဆိပ်ကမ်းကို ကမ်းရိုးတန်းနှင့် မြစ်တွင်းသွားသင်္ဘောများ ဆိုက်ကပ်နိုင်ရေးအတွက် ယာယီပြည်တွင်းဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်အထိ သတ်မှတ်လိုက်ကြောင်း သိရသည်။

“ လောလောဆယ်ကတော့ သင်္ဘော‌အကြီးတွေက မဆိုက်ကပ်သေးဘူး။ မဆိုက်ကပ်သေးတဲ့အခါကျတော့ ပြည်တွင်းကကမ်းရိုးတန်းသ‌င်္ဘောတွေ အသုံးပြုလို့ရအောင်ဆိုပြီး ယာယီဆိပ်ခံတံတားအဖြစ် သတ်မှတ်လိုက်တာပါ။” ဟု ရခိုင်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၁ တွင် အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို မြန်မာနဲ့ အိန္ဒိယအစိုးရကြား ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၊ မေလအစောပိုင်းတွင် နှစ်နိုင်ငံအာဏာပိုင်များက တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကုန်တွင်းပိုင်းဒေသများအတွက် ဘင်္ဂလားပင်လယ်အော်ကနေတဆင့် ရခိုင်ပြည်နယ် စစ်တွေနှင့် ပလက်ဝမြို့နယ်များကိုဖြတ်ပြီး ရေလမ်းကုန်းလမ်းကနေတစ်ဆင့် ကုန်သွယ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား သင်္ဘောများ ဆိုက်ကပ်နိုင်ရေး စစ်တွေဆိပ်ကမ်းကို ယာယီပြည်တွင်းဆိပ်ကမ်းအဖြစ် သတ်မှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်