ကန့်ဘလူ၌ ငါးလောင်းပြိုင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ နေအိမ်တစ်လုံး၌ ယမန်နေ့က မိသားစုဝင်ငါးဦး သတ်ဖြတ်ခံရပြီး ၂ နှစ်အရွယ်ကလေးတစ်ဦးသာ ကျန်ရစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ (၂) ရပ်ကွက်၊ ကန့်ဘလူ-ကျွန်းလှသွားကားလမ်းဘေးရှိ နေအိမ်တစ်လုံးတွင် မိသားစုဝင်များဖြစ်သော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံး ဦး၊ စုစုပေါင်း ၅ ဦးတို့ကို သေဆုံးလျက်တွေ့ရပြီး သေဆုံးသူများအနက်မှ အမျိုးသမီးတစ်ဦး၏ ၂ နှစ်အရွယ်ကလေးငယ်ကို ငိုယို၍ အသက်ရှင်လျက်တွေ့ရကြောင်း ဒေသခံအမျိုး သားတစ်ဦးက ပြောသည်။

“ ရက်ရက်စက်စက်ကို သတ်သွားတာ။ မျက်နှာကို အဝတ်တွေနဲ့စည်းထားပြီး လည်ပင်းတွေချည်း လှီးပြီးသတ်ထားတာ။ ၂ နှစ်အရွယ်ကလေးငယ်ကို သတ်မသွားတာပဲ ကံကောင်း တယ်ပြောရမယ်“ ဟု အဆိုပါဒေသခံက ဆိုသည်။

သေဆုံးသူများမှာ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းကျေးရွာတွင်နေထိုင်သည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် ၎င်း၏ ဇနီး၊ သားနှင့် ချွေးမဖြစ်သူတို့ ၄ ဦးဖြစ်ကာ ၎င်းတို့ မှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများကြောင့် ယခုသတ်ဖြတ်ခံရသည့် တူမဖြစ်သူ၏နေအိမ်တွင် လာရောက်တိမ်းရှောင်ရာမှ တူမအပါအဝင် အားလုံးသတ်ဖြတ်ခံရခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်တွင် နေအိမ်မှပစ္စည်းများ ပျောက်ဆုံးခြင်းမရှိဘဲ သေဆုံးသူများတွင် ကျန်းမာရေးဝန်ထမ်းနှစ်ဦး ပါဝင်ကြောင်းသိရပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက သတ်ဖြတ်သည် ဟု ပြောဆိုမှုများရှိနေသော်လည်း ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

၂ နှစ်ကျော်ကာလအတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် စစ်ကိုင်းတိုင်းအတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များကြောင့် ထိခိုက်သေဆုံးသူနှင့် သတ်ဖြတ်ခံရသူ ဒေသခံအရပ်သား ထောင်ချီရှိကြောင်း အရပ်ဘက်အဖွဲ့ များ၏ သုတေသနပြုချက်များအရ သိရသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ကန့်ဘလူ၌ ငါးလောင်းပြိုင် လူသတ်မှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်