အိမ်ငှားခ ‘ဝဲဩဃ’ ထဲမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေ

လူသားတာဝန်ဖြစ်တဲ့ ‘စား၊ ဝတ်၊ နေ’ အရေးသုံးပါးမှာ ‘နေရေး’က အရေးကြီးတဲ့နေရာကနေ ပါဝင်နေပါတယ်။ မိသားစုတွေ နားခိုဖို့နေရာဖြစ်တဲ့အိမ်ကို လူတိုင်းလူတိုင်းက တန်ဖိုးထားကြတာပါ။ လက်ရှိအချိန်မှာ တရိပ်ရိပ်တက်လာနေတဲ့ အိမ်ငှားခနဲ့ အိမ်၊ ခြံ၊ မြေဈေးတွေက အခြေခံလူတန်းစားတွေရဲ့ နေထိုင်မှုအပေါ် လေးလံဖိစီးနေတဲ့ သက်ရောက်မှုရှိလာနေရုံသာမက အိမ်လခပေးနိုင်ဖို့အတွက် မနည်းရုန်းကန်နေရတဲ့ အနေအထားလည်း ဖြစ်နေပါတယ်။

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာသာမက မြန်မာနိုင်ငံက အခြားသောနယ်မြို့တော်တော်များများမှာ အိမ်လခနဲ့ အိမ်၊ ခြံ၊ မြေဈေးတွေ မြင့်တက်လာနေတာပါ။ ဥပမာအနေနဲ့ပြောရရင် ၂၀၁၇ ခုနှစ်က သိန်း ၂၀၀ ဝန်းကျင်နဲ့ ဝယ်ယူလို့ရတဲ့ တိုက်ခန်းတစ်ခန်းဟာ လက်ရှိအချိန်မှာ သိန်း ၅၀၀ ဝန်းကျင်ထိ မြင့်တက်နေတာပါ။ ရန်ကုန်မြို့ Downtown လိုနေရာမျိုးသာမက မြောက်ဒဂုံ၊ တောင်ဥက္ကလာပမြို့နယ်တွေမှာတောင် ပေ ၄၀ x ၆၀ မြေတစ်ကွက်ကို သိန်းပေါင်းသောင်းချီတန်ဖိုးအထိ ခေါ်ဈေးရှိနေပါတယ်။ သန်လျင်တံတားသစ် တည် ဆောက်နေတဲ့ သန်လျင်မြို့နယ်မှာဆိုရင်လည်း မြေဈေးနှုန်းတွေက သိသိသာသာမြင့်တက်လာနေတာပါ။

တစ်ဖက်က စဉ်းစားကြည့်ရင် မြန်မာနိုင်ငံသား သာမန်လူတစ်ယောက်ရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေက သိန်း ၅၀ တောင်မပြည့်ပါဘူး။ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အ ထည်ချုပ်အလုပ်သမားတွေဟာ တစ်နေ့လုပ်အားခ ၄,၈၀၀ ကျပ်နဲ့ပဲ လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ စတိုးဆိုင်တွေ၊ အဝတ်အထည်ရောင်းချတဲ့ဆိုင်တွေမှာ အရောင်းစာရေးအဖြစ် လုပ်ကိုင်နေကြသူတွေဟာလည်း တစ်လကို အလွန်ဆုံး နှစ်သိန်းကျပ်ဝန်းကျင်ပဲ လစာရရှိကြတာပါ။ လစာ တစ်လ ၁၀ သိန်း၊ ၁၅ သိန်းခန့်ရရှိတဲ့သူဟာ အရေအတွက်အားဖြင့် တော်တော်လေးနည်းပါးတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ တချို့သောဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေသလို ဝင်ငွေအားဖြင့်လည်း နည်းပါးတဲ့ဝင်ငွေနဲ့ အသက်ဆက်နေရတာပါ။ လယ်ယာလုပ်ငန်းခွင်အပါအဝင် တခြားလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်သူတွေဟာ နေ့စဉ် တစ်သောင်းကျပ်တောင်မရှိတဲ့ လုပ်အားခပဲ ရရှိပါတယ်။ ဝင်ငွေနည်းပါးနေတဲ့ကြား ကုန်ဈေးနှုန်းက အဆမတန်တက်လာတဲ့အခါ ပြည်သူတွေအနေနဲ့ ကုန်ဈေးနှုန်းဒဏ်ကို ခါးစည်းခံရုံပဲ ရှိပါတော့တယ်။

ရန်ကုန်မှာ ၂၀၁၂ ခုနှစ်ဝန်းကျင်က တစ်လ တစ်သိန်းကျပ်နဲ့ ငှားရမ်းနိုင်ခဲ့တဲ့ တိုက်ခန်းတစ်ခန်းဟာ လက်ရှိမှာ တစ်လအနည်းဆုံး ၃ သိန်းဝန်းကျင် ဖြစ်နေပါတယ်။ ကျေးလက် ဒေသတွေမှာ အလုပ်အကိုင်ရှားပါးလို့ ရန်ကုန်ကို အလုပ်လာလုပ်သူတွေအနေနဲ့ တိုက်ခန်းတစ်ခန်းကို ငှားရမ်းနေထိုင်နိုင်ဖို့တောင် မလွယ်ကူတဲ့အနေအထား ဖြစ်နေတာပါ။ ဒါကြောင့် တချို့သူတွေက တိုက်ခန်းကို စုပေါင်းငှားရမ်းနေထိုင်ကြသလို တချို့က အဆောင်တွေမှာပဲ ကျဉ်းကျပ်စွာနဲ့ ငှားရမ်းနေထိုင်ကြပါတယ်။ အဆောင်ငှားရမ်းခဈေးကို ကြည့်မယ်ဆိုရင်လည်း နှစ်ယောက်ခန်းတစ်ခန်းကို ရှစ်သောင်းနဲ့ တစ်သိန်းကျပ်ထိ ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ဝန်းကျင်က ရန်ကုန်ရဲ့အထင်ကရနေရာဖြစ်တဲ့ လှည်းတန်းမှာအဆောင်ငှားရမ်းခဟာ နှစ်ယောက်ခန်းတစ်ခန်းမှာ တစ်ယောက်စာ ၃,၀၀၀ (သုံးထောင်) ကျပ်ပဲရှိပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ယောက်ခန်းတစ်ခန်းကို ရှစ်သောင်းနဲ့ တွက်ကြည့်ရင်ပဲ တစ်ယောက်စာအတွက် ၄၀,၀၀၀ (လေးသောင်း) ကျပ်အထိ ပေးရတဲ့အနေအထား ဖြစ်နေပါတယ်။ ဒါပေမဲ့ လှည်းတန်းက တချို့အဆောင်တွေဟာ တစ်ယောက်ခန်းတစ်ခန်းတည်းကိုပဲ တစ်သိန်းကျပ်အထိယူတာလည်း တွေ့ရပါတယ်။ တစ်လမှာ နှစ်သိန်းကျပ်ခန့်လစာရတဲ့သူတစ်ယောက်ဟာ သူ့လစာထက်ဝက်ခန့်ကို နေထိုင်ရေးအတွက် အသုံးပြုနေရတာ ဖြစ်နေပါတယ်။

ဒါအပြင် တရားဝင်လိုင်စင်နဲ့လုပ်ကိုင်တဲ့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တွေရှိသလို ရပ်ကွက်ပွဲစားတွေလည်း အများကြီးရှိပါတယ်။ ရပ်ကွက်ပွဲစားဆိုရာမှာလည်း ကွမ်းယာရောင်းသူ၊ ရေစည်လှည်းဆွဲသူတွေကအစ ပွဲခရဖို့အရေး ပွဲစားဝင်လုပ်နေတာပါ။ တချို့သော ရပ်ကွက်ပွဲစားတွေက အိမ်ရှင်တွေ၊ အဆောင်ပိုင်ရှင်တွေကို အိမ်ငှားရမ်းခ၊ အဆောင်ငှားရမ်းခ မတက်တက်အောင် တိုက်တွန်းပြောဆိုတာတွေ၊ အငှားနေထိုင်ရသူတွေ မကြာခဏအိမ်ပြောင်း၊ အဆောင်ပြောင်းရ‌အောင်လုပ်ပြီး ပွဲစားခထပ်ရအောင် လုပ်တာတွေလည်း ရှိနေပါတယ်။ တိုက်ခန်းငှားရမ်းရာမှာ တစ်နှစ်စာလခ ကြိုပေးရတာရှိသလို၊ ခြောက်လစာ ကြိုပေးရတာလည်းရှိရာမှာ ပွဲစားခကို တစ်လစာထိ ပေးနေရတာပါ။

ဒေါ်လာဈေး၊ ရွှေဈေးတွေ မြင့်တက်လာမှုနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုးက ကျဆင်းလာနေပါတယ်။ ကျပ်ငွေတန်ဖိုးကျနေတဲ့အတွက် လက်ထဲမှာ ငွေကိုကိုင်မထားချင်သူတွေက ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ အိမ်တွေ၊ မြေတွေကို လိုက်ဝယ်ကြလို့ ဈေးတွေအဆမတန်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ရောင်းမယ့်သူဘက်က ဈေးခေါ်ရင် ခေါ်သလို ဝယ် လက်တွေက ပေးဝယ်တဲ့အတွက် သိန်းတစ်ရာတန်မြေကွက်က သိန်းတစ်ထောင်၊ သိန်းတစ်ထောင်တန်မြေကွက်က သိန်းတစ်သောင်းထိ မြင့်တက်သွားပါတယ်။ ဒါပေမဲ့ အဲဒီလို ဈေးအမြင့်တွေပေးပြီး ဝယ်နေကြပေမဲ့ အများစုဟာ အမှန်တကယ်နေထိုင်မယ့်သူတွေ မဟုတ်ကြဘဲ အငှားချထားဖို့ ဒါမှမဟုတ် တက်ဈေးမှာပြန်ရောင်းဖို့ ရည်ရွယ်လုပ်ဆောင်နေတာပါ။ ဒီလို အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ဈေးကစားမှုတွေ များပြားကျယ်ပြန့်လာနေတာကြောင့် အခြေခံလူတန်းစား မဆိုထားနဲ့ လူလတ်တန်းစားတွေတောင် အိမ်၊ ခြံ၊ မြေဝယ်ဖို့ မလွယ်ကူတဲ့အနေအထား ဖြစ်နေပါတယ်။

ပိုင်ဆိုင်မှုမခိုင်မာတဲ့မြေတွေကို အကွက်ရိုက်ရောင်းချနေတာတွေလည်းရှိနေပြီး၊ ပြဿနာတစ်စုံတရာဖြစ်လာရင် တာဝန်ခံဖြေရှင်းပေးတာမျိုးလည်း မရှိပါဘူး။ အိမ်ရာလိုအပ်ချက်တွေ များပြားနေပေမဲ့ အဲဒီလိုအပ်ချက်ကို လုံလောက်အောင်ဖြည့်ဆည်းပေးနိုင်မှု မရှိသေးတာကြောင့် အိမ်ငှားနေထိုင်ရသူတွေဟာ အိမ်လခအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတာပါ။ တစ်နှစ်မှာ သိန်း ၅၀ ဝန်းကျင်ပဲ ဝင်ငွေရှိတဲ့သူတစ်ယောက်ဟာ သိန်း ၅၀၀ ထိပေးရတဲ့ မြေတစ်ကွက်ဝယ်ယူဖို့ဆိုတာ ၁၀ နှစ်လောက် ငွေစုဝယ်မယ်ဆိုရင်တောင် လုံးဝမလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။ မိသားစုတစ်စုရဲ့ အသုံးစရိတ်ဟာ တစ်လမှာ အနည်းဆုံး လေးသိန်းကျပ်ဝန်းကျင်ရှိပြီး၊ အဲဒီထဲက နေထိုင်စရိတ်မပါသေးပါဘူး။ နေထိုင်စရိတ်အတွက် တစ်လကို နှစ်သိန်းကျပ်သုံးစွဲရရင်တောင် စုစုပေါင်း ခြောက်သိန်းထိ ရှိပါတယ်။

တာမွေမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ယောက်က “တိုက်ခန်းငှားခတွေက တအားတက်လာတော့ အခန်းငှားခပေးဖို့ မနည်းရှာဖွေနေရတာပဲ။ အခုဆို ၅ လွှာကိုတောင် နှစ်သိန်းထိပေးနေရတာ။ ဒါတောင် အိမ်ရှင်က တခြားနေရာတွေဆို ဒီထက်ပိုတောင်းနေကြပြီ။ ငှားနေတာကြာပြီမို့ ဒီဈေးနဲ့ပေးတာလို့ ပြောတယ်။ ကိုယ်ပိုင်အိမ်ခန်းတစ်ခန်းရဖို့ဆိုတာ မ လွယ်ပါဘူး” လို့ ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်မှာ လုံးချင်းအိမ်ငှားရမ်းနေထိုင်တဲ့ စာရေးဆရာတစ်ယောက်ကလည်း “အစ်မသိတဲ့အတိုင်း ကျွန်တော်တို့က ကလေး ၃ ယောက်နဲ့ဆိုတော့ မိသားစုက ၅ ယောက်ရှိတယ်။ တိုက်ခန်းမှာ ကျဉ်းကျဉ်းကျပ်ကျပ်မနေချင်လို့ မြောက်ဒဂုံမှာပဲ တောက်လျှောက်ငှားပြီး နေလာတာကြာလှပြီ။ အခုကျတော့ အိမ်လခက တစ်လကို ၃ သိန်းတဲ့ဗျာ။ အဲဒီ ၃ သိန်းပေးနိုင်ဖို့ပဲ မနည်းရှာနေရတယ်” လို့ သူတွေ့ကြုံနေရတာကို ပြောပြပါတယ်။

မြောက်ဒဂုံမြို့နယ်မှာသာမက သန်လျင်မြို့နယ်မှာလည်း လုံးချင်းအိမ်တစ်လုံးကို တစ်လမှာ ၂ သိန်းခွဲထိ ငှားရမ်းခပေးနေရတာပါ။ ဒါကြောင့် မြို့ပြမှာနေထိုင်သူတွေဟာ နေထိုင်စရိတ်၊ စားသောက်စရိတ်အတွက် တနင့်တပိုးကုန်ကျနေရလို့ ကျန်းမာရေးစရိတ်အတွက်တောင် စုဆောင်းထားနိုင်ခြင်းမရှိတာ တွေ့ရပါတယ်။ တချို့သောအိမ်ရှင်တွေက ကိုယ် ချင်းစာနာမှုနဲ့ အိမ်လခကို ရာခိုင်နှုန်းနည်းနည်းပဲတက်ပေမဲ့ အများစုကတော့ တစ်နှစ်တစ်ခါ၊ ခြောက်လတစ်ခါဆိုသလို ငှားရမ်းခကို တိုးမြှင့်တောင်းနေတာ ဖြစ်ပါတယ်။ စပေါ်နဲ့ငှားရမ်းတဲ့ တိုက်ခန်းတွေဟာ အိမ်လခ အနည်းငယ်သက်သာတယ်လို့ ဆိုနိုင်ပေမဲ့ ပေးရတဲ့စပေါ်ငွေက သိန်း ၁၀၀ ကျော်တဲ့အထိ ရှိတာမို့ အတိုးနှုန်းအတိုင်းဆိုရင် များပြားလွန်းတဲ့ ပမာဏပါပဲ။

ဒေသတွင်း ပဋိပက္ခနဲ့ မငြိမ်မသက်မှုတွေကြောင့် နေရပ်ကနေစွန့်ခွာလာရတဲ့ ပြည်သူတွေဟာလည်း အိမ်လခကြီးမြင့်မှုဒဏ်ကိုပါ ခံနေရတာပါ။ ရန်ကုန်၊ မန္တလေးမဟုတ်တဲ့ နယ်မြို့တွေမှာတောင် အိမ်လခက တစ်သိန်းကနေ သုံးသိန်းကျပ်အထိ ရှိနေတာဖြစ်ပါတယ်။ တစ်ဖက်က အိမ်၊ ခြံ၊ မြေဈေးကွက်ကို ကစားနေသူတွေကြောင့် ဈေးတွေအဆမတန် တက်ယူနေကြတဲ့ချိန်မှာ တစ်ဖက်မှာတော့ နေထိုင်ရေးအတွက် ရတက်မအေးဖြစ်နေရတဲ့ အခြေခံလူတန်းစားပြည်သူတွေက အများအပြားပါ။ အိမ်၊ ခြံ၊ မြေဈေးကွက် တည်ငြိမ်ရေးအ တွက် ဝယ်ယူသူအနေနဲ့ အမှန်တကယ်နေထိုင်တာမျိုး မဟုတ်ရင် ပိုင်ဆိုင်မှုအခွန် (Property Tax) တိုးမြှင့်ကောက်သင့်သလို တန်ဖိုးနည်းအိမ်ရာတွေ ပိုမိုဖော်ဆောင်သင့်ပါတယ်။ အိမ်ငှားရမ်းသူနဲ့ အိမ်ရှင်တွေအနေနဲ့လည်း တရားဝင်အကျိုးဆောင်တွေကတဆင့် ငှားရမ်းတာတွေ လုပ်သင့်ပါတယ်။

အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် စားသောက်ရေးနဲ့ ဝတ်ဆင်ရေးတွေမှာ အဆင်မပြေ‌ ပြေအောင်လုပ်ဆောင်နိုင်စွမ်းရှိပေမဲ့ နေထိုင်ရေးဆိုတဲ့ ဝဲဩဃထဲမှာ အ ပြင်းအထန်ရုန်းကန်ပြီး အသက်ဆက်နေရတဲ့ အနေအထားပါပဲ။ ဒီလိုအနေအထားမျိုးမှာ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်မှသာ တစ်ဦးချင်းဝင်ငွေတိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်မှသာ အတိုင်းအတာတစ်ရပ်အထိ ပြေလည်နိုင်မှာ ဖြစ်ပါကြောင်း။

အိမ်ငှားခ ‘ဝဲဩဃ’ ထဲမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်