အလုပ်တစ်ခုရရန် အရေးကြီးသည်

ကိုပေါက်

‘အလုပ်တစ်ခုရဖို့ မလွယ်ပါလား’ဟု ငြီးတွားရင်း ရန်ကုန်မြို့အနှံ့ ခြေတိုအောင် အလုပ်ရှာဖွေနေခဲ့သည် မှာ ကိုရိုးတစ်ယောက် လနှင့်ချီကြာခဲ့ပြီဖြစ်သည်။ သို့သော် ဇွဲမလျော့ တစ်နေ့အလုပ်ရရမည်ဆိုသည့် ခံ ယူချက်နှင့် ယုံကြည်ချက် ကိုရိုးထံ၌အပြည့်ရှိသည်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့် စကားပုံ ရှိသကဲ့သို့ သေချင်တဲ့ကျား တောပြောင်းဆိုသည့် စကားပုံကလည်း ရှိနေပြန်တော့ နယ်၌အလုပ်အကိုင် အဆင်မပြေ၍ ရန်ကုန်မြို့သို့ ပြောင်းရွေ့လာခဲ့သည်မှာ စကားပုံနှစ်ခုခြား ကိုရိုးတစ်ယောက် ဗျာများရ လေပြီ။

တစ်နေ့ ကိုရိုးဘတ်စ်ကားစီးရင်း ကားပေါ်မှ အမှတ်မထင်အလုပ်ခေါ်သည့် ဆိုင်းဘုတ်တစ်ခုကို လှမ်းမြင် လိုက်ရသည်။ ချက်ချင်းဆိုသလို အိတ်ထဲမှဖုန်းထုတ်ကာ အလုပ်ခေါ်ဆိုင်း ဘုတ်ရှိ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို တေးမှတ်ထားလိုက်သည်။ ‘ဒီတစ်ခါတော့ အလုပ်အဆင်ပြေတန်ကောင်းပါရဲ့’ ဟုတွေးရင်း ၎င်းနေထိုင်ရာ အဆောင်သို့ပြန်ခဲ့သည်။

ကိုရိုးတစ်ယောက် နယ်၌အလုပ်အဆင်မပြေ၍သာ ရန်ကုန်မြို့သို့ အရဲစွန့်ထွက်လာခဲ့ရသော်လည်း ရန် ကုန်မြို့၌ ဆွေမျိုးသားချင်းဟူ၍မရှိ။ အသိမိတ်ဆွေတစ်ဦး၏ ကူညီလမ်းညွှန် ပေးမှုကိုသာ အားကိုး၍ အရဲ စွန့်ထွက်လာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့၌ ကျောတစ်ခင်းစာ မလွယ်ကူလှပေ။ ကိုရိုးငှားနေသည့်အ ဆောင်မှာ အဆောင်ခ တစ်လ ၃၅,၀၀၀ ပေးရ သည်။ လတ်တလော အလုပ်မရသေးသည့်အတွက် ကိုရိုးတစ်ယောက် ရန်ကုန်မြို့၌ နေစရိတ်၊ စားစရိတ် အတော်ထောင်းလှသည်။ အလုပ်မြန်မြန်ရမှ ၎င်းအတွက်အသက်ရှုချောင် မည်ဖြစ်သည်။ တရိပ်ရိပ်ကြီးမြင့်နေသည့် ကုန်ဈေးနှုန်ကြောင့် ကိုရိုး ပို၍အသက် ရှုကြပ်ရသည်။

ရန်ကုန်ရောက်တာ တစ်လနီးပါးမျှ ရှိနေပြီဖြစ်သည့် ကိုရိုးတစ်ယောက် အလုပ်ကမရသေးသည့်အတွက် ပါလာသည့် ငွေစကလေးများပင် ခမ်းစပြုလာသည်။ မည်သို့သောအလုပ် ပင်ဖြစ်ပါစေ သမာအာဇီဝကျ သည့် အလုပ်မှန်လျှင် ဝင်လုပ်မည်ဟု ၎င်းသန္ဓိဌာန်ချထားသည်။ အလုပ်ရွေးချယ်နေမည်ဆိုပါက အလုပ်မရခင်စပ်ကြား ၎င်းအတွက် တစ်ရက်လျှင် တစ်ရက်ဆိုသလောက် ထွက်ငွေကသိသာလှသည်။ နေ့စဉ် ကုန်ကျနေသည့် ထွက်ငွေကို ကာမိစေရန်မှာ ဝင်ငွေရသည့် အလုပ်တစ်ခုရှိရန် လိုအပ်လှသည်။ အလုပ်မရပါက ပါလာ သည့်ငွေကြေးများကုန်၍ နယ်ပြန်ရကိန်းစိုက်နိုင်သည်။ ထိုသို့သောအဖြစ်မျိုးတော့ ကိုရိုးအဖြစ်မခံနိုင်။ နယ်မှထွက်လာကတည်းက ရန်ကုန်မြို့၌ အလုပ်တစ်ခု ရကိုရရမည်ဆိုသည့် စိတ်ပိုင်း ဖြတ်၍ ထွက်လာခဲ့ခြင်းဖြစ်သည်။

ကိုရိုးကဲ့သို့ နယ်မှရန်ကုန်မြို့သို့ ရွေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်ကြသည့်သူများရှိသကဲ့သို့ နိုင်ငံခြားအလုပ်ထွက်လုပ်ရန် သင်တန်းလာတတ်ကြသည့် သူများလည်းရှိသည်။ အချို့မှာ စု၍အိမ်ငှား‌နေကြသကဲ့သို့ အချို့မှာလည်း ကိုရိုးကဲ့သို့ အဆောင်ငှားနေထိုင်ကြသည်။ အားလုံးက အိပ်မက်ကိုယ်စီနှင့် လာရောက်ကြခြင်းဖြစ်ရာ ထိုအထဲတွင် ကိုရိုးတစ် ယောက်လည်း အပါအဝင်ဖြစ်သည်။ သို့သော် ကိုရိုး၏အိပ်မက်များမှာ လက်ရှိတွင် ဆောင်းတွင်းအိပ်မက်မက်သကဲ့သို့ ဖြစ်နေသေးသည်။

ကိုရိုး၏ လက်ရှိအိပ်မက်မှာ ရန်ကုန်မြို့၌ အလုပ်တစ်ခုရရှိရေးဖြစ်သည်။ အခွင့်သာပါက အခြားသူများ ကဲ့သို့ နိုင်ငံခြားအလုပ်ထွက်လုပ်ချင်သော်လည်း ကုန်ကျစရိတ်မှာ ကိုရိုးအဖို့ ကိုယ်တိုင်ရှာဖွေနိုင်မှ နိုင်ငံ ခြားထွက်ခွင့် အိပ်မက်မက်နိုင်မည်ဖြစ်သည်။ ထောက်ပံ့ကူညီပေးမည့် ဆွေမျိုးသာချင်းဟူ၍မရှိ။ မိဘများ မှာလည်း ထောက်ပံ့ပေးနိုင်သည့် အင်အားမရှိသည့်အတွက် ကိုရိုးအဖို့ ကိုယ်တိုင်ကြိုးစား၍ အိပ်မက်ကို အကောင်အထည်ဖော်ရုံသာရှိသည်။

မဖြစ်‌သေးသည့် အနာဂတ်ကိုခဏမေ့၍ ပစ္စုပ္ပန်တည့်တည့်ရှုကာ ကိုရိုးတစ်ယောက် အလုပ်သွားလျှောက် ရန် ပြင်ဆင်နေလေပြီ။ ကားပေါ်မှ အမှတ်မထင်တွေ့ခဲ့ရသည့် အလုပ်ခေါ်စာ ဆိုင်းဘုတ်တစ်ခုကြောင့် ကိုရိုး၏အိပ်မက်များ လင်းလက်လာခဲ့သည်။ နေထိုင်ရာ အဆောင်အတွင်းမှ ခြေအစုံတို့က ကားမှတ်တိုင် ရှိရာဆီသို့ ယုံကြည်မှုအပြည့်နှင့် တစ်လှမ်းချင်းလျှောက်လှမ်းလာသည်။ ၎င်း၏စိတ်အစဉ်၌လည်း အလုပ် သေချာပေါက်ရမည်ဟု ယုံကြည်နေမိသည်။

ရန်ကုန်ရောက်စကတည်းက လျှောက်ခဲ့ရသည့်အလုပ်ပေါင်း မနည်းလှပေ။ ဝယ်ရသည့် စီဗီဖောင်၊ ဖြည့် လိုက်ရသည့် ကိုယ်ရေးရာဇဝင်အကျဉ်း၊ ကူးရသည့် မိတ္တူ၊ လုပ်လိုက်ရသည့် ထောက်ခံစာ၊ ကုန်လိုက် သည့် လမ်းစရိတ်။ ထို့အပြင် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့နှင့် ချိတ်ဆက်လျှောက်ထားသည် များ မပါသေးပေ။

ရန်ကုန်မြို့သို့ အလည်အပတ်သာ ရောက်ဖူးခဲ့သည့် ကိုရိုးတစ်ယောက် အလုပ်လုပ်ရန် တစ်ဦးတည်း စွန့် စားထွက်လာခြင်းမှာ စိန်ခေါ်မှုကြီးလှသည်။ ပါးစပ်ပါ ရွာရောက်ဆိုသည့်အတိုင်း ရောက်လေရာ အရပ် တိုင်းမေးရသည်။ မေးပါများ၍ စိတ်ရှည်ရှည်နှင့် လမ်းညွှန်ပေးသူများရှိသကဲ့သို့ စိတ်မရှည်သူများနှင့် လည်း ကြုံတွေ့ရသည်။ အလုပ်တစ်ခါ သွားလျှောက်လျှင် ဆယ်ခါထက်မနည်း လမ်း၌ကြုံသူကို မေးရ သည်။ စီးရမည့်လိုင်းကား၊ သွားရမည့်နေရာ ဝေးလျှင်ဝေးသလို၊ နီးလျှင်နီးသလို မေးရသည့် အကြိမ်အ ရေတွက် ကွာခြားသည်။ တစ်ခါတစ်ရံ မေးရတာအားနာလာသည့်အခါမျိုးတွင် ဖုန်းထဲရှိ လမ်းညွှန်မြေပုံ လေးကို အားကိုးရပြန်သည်။

တောသားမြို့ရောက်ဆိုသည့်အတိုင်း အရာရာက ကိုရိုးအတွက် အသစ်အဆန်းဖြစ်နေခဲ့သည်။ မြို့ဟူ၍ တက္ကသိုလ်တက်စဉ်က လည်လည်ပတ်ပတ် ရောက်ဖူးခဲ့သော နယ်မြို့လေးတစ်ခုဖြစ်သည့် မအူပင်မြို့ သာရှိသည်။ ၎င်းမြို့မှာလည်း တက္ကသိုလ်တက်ခွင့်ရ၍သာ ရောက်ဖူးခြင်းဖြစ်သည်။ တက္ကသိုလ်တက်ခွင့် မရပါက ရွာ၌လယ်လုပ်ရင်းသာ အချိန်ကုန်နေမည်ဖြစ်သည်။ ရန်ကုန်မြို့တောင် ရောက်ဖူးသည်ဆိုရုံသာ ရှိသည်။ မြန်မာနိုင်ငံ၌ ကိုရိုး ရောက်ဖူးသည့် မြို့နှစ်မြို့ကို ပြပါဆိုလျှင် ရန်ကုန်နှင့် မအူပင် နှစ်မြို့သာရှိ မည်။ ကျောင်းတတ်သည့်အချိန်များမှလွဲ၍ ကျန်အချိန်များသည် မိဘကိုကူရင်း လယ်ထဲ၌သာ ကုန်ဆုံးရ သည်ကများသည်။ တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့ဖူးသည့်အလျှောက် ခေတ်နှင့်အညီ မျက်စိပွင့်နားပွင့်ရှိ သည်။ လူမှန်းသိတတ်စ အရွယ်ကတည်းက လယ်ယာတောမှာကြီးပြင်းခဲ့ရသော်လည်း မိဘများ၏ ထိုက် သင့်သည့် ပညာအမွေပေးမှုကြောင့် ကိုရိုးတစ်ယောက် ရိုးသားမှုနှင့် နုံအမှုကို ကောင်းစွာခွဲခြားတတ်လေ သည်။

ယခုလည်း လှိုင်သာယာမြို့နယ်သို့ အလုပ်သွားလျှောက်ရမည်ဖြစ်သည်။ ကိုရိုး အဆောင်ငှားနေထိုင် သည့် တောင်ဒဂုံမြိုနယ်နှင့်ဆိုလျှင် ခရီးက ဝေးလှသည်ဟုဆိုရပေမည်။ တစ်ဆင့်တည်းရောက်သည့် လိုင်းကားရှိသော်လည်း အချိန်အတော်ကြာ ကားစီးရမည်ဖြစ်သည်။ မည်သို့ပင် ဝေးစေကာမူ ကိုရိုးတစ် ယောက် အလုပ်ရရှိရေးက အရေးကြီးလှသည်ဖြစ်ရာ မရောက်ရောက်အောင် သွားရမည်ဖြစ်သည်။

ထိုသို့ သွားလာရေး အခက်အခဲထက် ပို၍ခက်ခဲသည်က အလုပ်လျှောက်ရာတွင် ကြုံတွေ့ရသည့် အခက် အခဲပင်ဖြစ်သည်။ လုပ်ငန်းအတွေ့ကြုံ၊ သင်တန်းဆင်းလက်မှတ်၊ ကျွန်ပျူတာကျွမ်းကျင်မှု၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှု စသည့်များပင်ဖြစ်သည်။ ကိုရိုးတတ်မြောက်ပိုင်ဆိုင်ထားသည်ဟူ၍ ဘွဲ့လက်မှတ်လေး တစ် ခုသာရှိသည်။ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုဟူ၍ လယ်လုပ်ခြင်းသာရှိသည်။ ဘွဲ့ရခဲ့သည်မှာလည်း မိဘ နှစ်ပါး၏ ကျေးဇူးကြောင့်သာဖြစ်သည်။

လယ်ယာလုပ်ကိုင်ရင်း မပြေလည်သည့်ကြားက တစ်ဦးတည်းသောသားဖြစ်သူ ကိုရိုးအား မိဘများက ဘွဲ့ရသည်အထိ ကျောင်းထားပေးခဲ့သည်။ ကိုရိုး နယ်၌ရှိစဉ်က မိဘနှစ်ပါးနှင့်အတူ လယ်ယာအလုပ်ကို ကူညီလုပ်ကိုင်ပေးခဲ့သော်လည်း ဘွဲ့ရပြီးချိန်တွင် ရန်ကုန်မြို့၌ အလုပ်လုပ်ကိုင်ရန် အကြိမ်ကြိမ်ကြိုးစား ခဲ့သည်။ သို့သော် တစ်ဦးတည်းသောသားဖြစ်သည်ကတစ်ကြောင်း၊ စိတ်မချသည်ကတစ်ကြောင်း သွား ရောက်လုပ်ကိုင်ရန် မိဘနှစ်ပါးက ခွင့်မပြုခဲ့ပေ။

ယခုအခါတွင် နယ်၌အလုပ်အကိုင်ရှားပါးသည်ကတစ်ကြောင်း၊ လယ်ယာအလုပ်မှာလည်း ယခင်ကဲ့သို့ အဆင်မပြေသည်ကတစ်ကြောင်း၊ လယ်ယာအလုပ်ကို မလုပ်ချင်တော့သည်ကတစ်ကြောင်း စသည့်အ ကြောင်းများကြောင့် အလည်အပတ်သဘောမျှသာ ရောက်ဖူးသည့် ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ အရဲစွန့် ထွက်လာခဲ့ခြင်းဖြစ်သည်။

ခေတ်ကာလအခြေအနေအရ မိဘများက မလွတ်ချင်သော်လည်း ပြင်းပြလှသည့် ကိုရိုး၏စိတ်ဆန္ဒကို မ တားဆီးနိုင်ခဲ့ပေ။ ခေတ်ကာလအခြေအနေအရ အခက်အခဲများရှိမည်ကို ကြိုတင်တွက်ဆထားသော် လည်း နယ်ထက်စာလျှင် အလုပ်အကိုင်အခွင့် ပေါများနိုင်သည် ဆိုသည့်အချက်က ကိုရိုးအတွက် မျှော် လင့်ချက်ဖြစ်လေသည်။

သို့သော် မှန်းချက်နှင့်နမ်းထွက် မကိုက်လှပေ။ ကိုရိုးဘွဲ့ရပြီးစ လွန်ခဲ့သည့်သုံးနှစ်အတွင်းက နယ်မှရန် ကုန်မြို့သို့ သူငယ်ချင်းများနှင့်အတူ အလုပ်လာလုပ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် အခြေအနေ အ ကြောင်းကြောင်းကြောင့် မရောက်ဖြစ်ခဲ့။ ယခုတွင် အခက်အခဲများကြားမှ တစ်ဦးတည်းရောက်ဖြစ်ခဲ့ သည်။

ရန်ကုန်မြို့၌ အလုပ်တစ်ခုရပါက ကိုရိုးလက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို အထိုက်အလျောက် ဖြေရှင်းနိုင်မည်ဖြစ်သည်။ အိမ်ပြန်ငွေပို့နိုင်ရေး မဆိုထားနှင့် အဆောင်ခနှင့် စားစရိတ်ကာမိရန်ပင် အ တော်ကြိုးစားရဦးမည်။ လနှင့်ချီ ကြာလာသည့်အတွက် ကုန်ကျစရိတ်မှာ နယ်နှင့်ရန်ကုန် သိသာစွာကွာ ခြားလှသည်။ ကံကောင်းသည်က ကိုရိုးတစ်ယောက် အခြားသူများကဲ့သို့ ကွမ်း၊ ဆေးလိပ်၊အရက်သောက် စားခြင်း မရှိသည့်အတွက် အပိုငွေမကုန်လှပေ။ စားစရိတ်နှင့် နေစရိတ်သာ အဓိကကုန်ကျသည်။

တက္ကသိုလ်ကျောင်းသားဘဝက ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း ကိစ္စရပ်များ ကို သူငယ်ချင်းများနှင့်အတူ တစ်ခါတစ်ရံ လုပ်ဆောင်ခဲ့ဖူးသော်လည်း စွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ယခုရန်ကုန်မြို့၌ အလုပ်လုပ်ရန် ဆုံးဖြတ်ပြီးသည့်နောက်ပိုင်း အဆိုပါကိစ္စရပ်များကို ကိုရိုးတစ်ယောက် ပို၍ရှောင်ကျဉ်သည်။ အပိုကုန်ကျစရိတ်များကို အတတ်နိုင်ဆုံး လျော့သည်။ လျော့၍ သုံးစွဲသည့်ကြားက အလုပ်မရသေးသဖြင့် ဝင်ငွေထက် ထွက်ငွေနှင့်သာ ကြုံနေရသည်။

နယ်မှထွက်လာကတည်းက ပါလာသည့်ငွေကြေးအချို့ကို လောက်ငှအောင် ချိုးခြံခြွေတာသုံးစွဲသည်။ သုံးစွဲသည့်ကြားက မလောက်ငှသည့်အခါမျိုးတွင် အခြားသူများကဲ့သို့ ငွေပို့ခိုင်းရန် မိဘများ မပြေလည် မှန်းသိ၍ ကိုရိုးပြောမထွက်ခဲ့။ လိုတိုင်းပို့ပေးရန်ပင် မဆိုထားနှင့် တစ်ခါတစ်ရံတောင်းဖို့ပင် ကိုရိုး အ တော်စဉ်းစားရသည်။

နယ်ကထွက်လာကတည်းက ပါလာသည့်ငွေကြေးအနည်းငယ်ကိုသာ အဆောင်ခပေး၍ စားတာကို အ ဆင်ပြေသလိုစား၍ အလုပ်တစ်ခုရရန် ကြိုးစားနေရသည်။ ယခုလကုန်လျှင် အဆောင်ခက ထပ်ပေးရ မည်ဖြစ်သည်။ ယခုလကုန်မှ အလုပ်တစ်ခုမရလျှင် ကိုရိုးအတွက်အဆင်မပြေနိုင်။ သို့သော်လည်း အဆင် မပြေမှုကို ထိုင်ညည်း၍ လွယ်လွယ်အရှုံးပေး၍ မဖြစ်ပေ။ မိဘများမှာလည်း အသက်အရွယ် ရလာပြီဖြစ် ၍ လယ်ယာအလုပ်ကို ရေရှည်လုပ်ကိုင်နိုင်မည် မဟုတ်။ ကိုရိုးမှာလည်း လယ်ယာအလုပ်ကို စွန့်၍ မြို့၌ အလုပ်လုပ်ရန် ထွက်လာခဲ့ခြင်းကြောင့် ကိုရိုးအဆင်ပြေမှ မိဘများလည်း အဆင်ပြေမည်ဖြစ်သည်။

လူလွတ်တစ်ယောက်ဖြစ်၍ ကိုရိုး ပို၍ခံသာသည်။ အိမ်ထောင်သည်တစ်ဦးသာဆိုလျှင် ပို၍အခက်တွေ့ မည်ဖြစ်သည်။။ အလုပ်အဆင်ပြေပါက နေစရိတ်စားစရိတ်နှုတ်၍ ပိုလျှံခဲ့လျှင် နယ်ရှိမိဘနှစ်ပါးကို ပြန် ထောက်ပံ့ရန် ကိုရိုးဆုံးဖြတ်ထားသည်။ လယ်အလုပ်ကိုလည်း ၎င်းမရှိ၍ မိဘများကို ဆက်၍မလုပ်စေ ချင်တော့ပေ။ ၎င်းအလုပ်လုပ်၍သာ ထောက်ပံ့ပေးချင်သည်။ သို့သော် လက်ရှိတွင် ၎င်း၏အိမ်မက်များ မှာ ထင်သလောက်မလွယ်ကူလှသေး။ တစ်နေ့တော့ အဆင်ပြေရမည်ဟု ယုံကြည်ထားသည်။

ယခုတော့ ကိုရိုး အလုပ်လျှောက်ရမည့်နေရာသို့ ရောက်ရှိနေလေပြီ။ ‘ကျွန်တော် အလုပ်လာလျှောက်တာ ပါခင်ဗျ’ အေး ညီလေး ခဏစောင့်နော် ရှေ့ကလူတွေ အင်တာဗျူးနေလို့’ ‘ဟုတ်ကဲ့ခင်ဗျ’ တစ်နာရီကျော် ကြာပြီးနောက် ‘ညီလေး အင်တာဗျူး ဝင်လို့ရပြီ’ ‘ဟုတ်ကဲ့ခင်ဗျ’ ‘ညီ ထိုင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပါတယ်နော်’ ‘ဟုတ်ကဲ့ ပါပါတယ်ခင်ဗျ ဒီမှာပါ’ ‘ညီက ဘွဲ့ရပြီးသားလား အစ်ကိုတို့က ပညာအရည်ချင်း တော့ မသတ်မှတ်ထားဘူး။ အခု လုပ်ရမယ့်အလုပ် ညီသိတယ်နော် အဆင်ပြေတယ်မလား’ ‘ဟုတ်ကဲ့ ပြေပါတယ်ခင်ဗျ’ ‘ပြေတယ်ဆိုရင်တော့ ဘာမှတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ အစ်ကိုတို့ ဘက်က အလုပ်ခန့်ဖို့ အဆင်သင့်ပဲ၊ ညီလုပ်နိုင်ဖို့ပဲလိုတာ၊ အလုပ်ဝင်ဝင်ခြင်း လစာ ၁၃၀,၀၀၀ တော့ ရမယ်၊ သုံးလပြည့်ပြီးရင် တစ်ခါတိုးမယ်၊ နောက် ခြောက်လပြည့်ရင် တစ်ခါတိုးမယ် အဆင်ပြေလား’ ‘ပြေပါတယ်ခင်ဗျ လုပ်နိုင်ပါတယ်’ အဲဒါဆို မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ၊ တစ်ရက်ဆင်း တစ် ရက်နား၊ ညီက တောင်ဒဂုံမှာနေတာဆိုတော့ မနက် ၈ နာရီတော့ အရောက်လာပေး နောက်နေ့မနက် ၈ နာရီ အလုပ်ထွက်ပေါ့ ၂၄ နာရီ၊ တစ်ရက်ဆင်း တစ်ရက်နားပေါ့’ ‘ဟုတ်ကဲ့ ကျွန်တော်ရောက်အောင်လာ ခဲ့ပါမယ်ခင်ဗျ’

အလုပ်တစ်ခုရရန် အရေးကြီးသည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်