အကျပ်အတည်းအဖြစ် တဖြေးဖြေးပြောင်းလဲလာသည့် ကုန်ဈေးနှုန်းမြင့်တက်နေမှုများ

#လင်းခေါင်

ဗမာကြက် တစ်ပိသာကောင် လေးထောင့်ငါးရာ (သို့) ငါးထောင်၊ ဝက်သားသုံးထပ်သား ခုနှစ်ရာစျေး၊ ကန်စွန်းရွက် ငါးရာဖိုးသုံးစည်း၊ မုန့်ဟင်းခါး ပဲကြော်ထည့်ရင် ရှစ်ရာ၊ အလွတ် ခြောက်ရာ၊ လဖေ့ရည်တစ်ခွက် ငါးရာ၊ ပဲပလာတာတစ်ချပ် သုံးရာကျပ်စသည့် ကုန်စျေးနှုန်းများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူတန်းစားအသီးသီးအတွက် အိပ်မက်လား၊ တကယ် လား မသဲကွဲကြတော့သည်မှာ အမှန်ပင်ဖြစ်သည်။ စျေးသွားချိန် လက်ထဲ၌ ငါးထောင်တန်တစ်ရွက်ကိုင်လာလျှင် အိမ်ရှင်မတစ်ယောက် မျက်နှာပန်းပွင့်သည်ဟု ဆိုနိုင်သည်။ လူသုံး ယောက်ထက်မများသည့် မိသားစုတစ်ခုအတွက် ငွေသားကျပ်ငါးထောင်သည် နံနက်စာ (Breakfast) အပါအဝင် သုံးနပ်မျှသော တစ်နေ့တာ၏ ဝမ်းရေးပြဿနာကို အခက်အခဲမရှိ စေခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

ကုန်စျေးနှုန်းနှင့် မိသားစုဝင်ငွေမှာ လိုက်လျောညီထွေမှုရှိကြောင်း လဖေ့ရည်ဆိုင် (သို့) ဘီယာဆိုင်များတွင် ခေတ္တခဏမျှထိုင်ရင်း အလုပ်မှပြန်လာသည့် အိမ်ထောင်ဦးစီးများက မာန်ပါပါဖြင့် ပြောဆိုနိုင်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရဖူးသည်။ ကုန်စျေးနှုန်းဆိုသည်မှာ မိန်းမနှင့်ကလေးကိုအိမ်တွင်ထားကာ ယောကျာ်းဖြစ်သူက သာမန်လခစားဝန်ထမ်းအလုပ်အား လုပ်ကိုင်နေသူဖြစ်လျှင်ပင် လှည့်ကြည့်စရာမလိုသောအချိန်ဖြစ်ခဲ့သည့် ကာလတစ်ခုကို မြန်မာနိုင်ငံသူ/သားများ ပိုင်ဆိုင်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

အသုံးအဖြုန်းကြီးသူများမဟုတ်လျှင် မိသားစုတစ်စုအတွက် တစ်လလျှင် သုံးသိန်းမျှသောဝင်ငွေသည် ဝမ်းရေးကို ပူပန်မှုမရှိစေခဲ့ကြောင်း အိမ်ထောင်ဦးစီးတစ်ဦးထံမှ သိရသည်။ “ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကုမ္ပဏီဝန်ထမ်းဘဝဆိုတာ ပျော်ဖို့ကောင်းခဲ့ပါတယ်။ အိမ်အတွက်လည်း အပူအပင်မရှိဘူး။ ကော်မရှင်ခရတာလေးတွေနဲ့ တစ်ပတ်တစ်ခါလောက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘီယာဆိုင်လေးထိုင်၊ ရီဝေဝေလေးဖြစ်လာပြီဆိုရင် ဝါသနာပါတဲ့လူက KTV တို့၊ အနှိပ်ခန်းတို့ လမ်းကြောင်းဆက်နဲ့ပေါ့ဗျာ။ အိမ်ကမိန်းမလည်း လစာမ ထိတော့ မရိပ်မိဘူး။ နည်းနည်းပါးပါးပိုလာတဲ့ ပိုက်ဆံလေးကို စျေးဖိုးအနေနဲ့ မိန်းမကို ပြန်အပ်လိုက်ရင် ပြီးပြီ။ အခုလို မတို့မထိနဲ့ ရှာလို့ရသမျှ စားစရိတ်ထဲပဲရောက်သွားတာ မရှိ ဘူး။ အခုဒါတောင် ကလေးကို နှစ်ဘက်မိဘတွေဆီ တစ်လှည့်စီအပ်ပြီး နှစ်ယောက်စလုံး အလုပ်ထွက်လုပ်နေကြလို့သာပဲ။ မဟုတ်ရင် ဝမ်းရေးအတွက် မလွယ်လှဘူး။ ခုနောက် ပိုင်း ကုန်စျေးနှုန်းတွေကြောင့် ကိုယ့်သားသမီးတောင် မမွေးမိခဲ့ရင် ကောင်းသားလို့ တွေးမိတာတွေဖြစ်လာတယ်” ဟု စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချရသည့် ကုမ္ပဏီတစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ကုန်စျေးနှုန်းများသည် ၂၀၂၀ ခုနှစ်ဝန်းကျင်မှ သုံးနှစ်ကျော်အကြာ ၂၀၂၃ ခုနှစ်အရောက်တွင် တားဆီးမရနိုင်သည့် ရေစီးကြောင်းတစ်ခုကဲ့သို့သော အလျှင်မျိုးဖြင့် အရှိန်ပြင်းပြင်း ထိုးတက်လာခဲ့သည်။ ညအိပ်ရာဝင်ပြီး နံနက်အိပ်ရာထလျှင် ခေါင်ခိုက်သွားတက်သည့် ကုန်စျေးနှုန်းများကြောင့် စားဝတ်နေရေးအတွက် ခက်ခဲမှုများသည် လူတိုင်းတွင် ကိုယ်စီရှိ လာခဲ့ကြသည်။ အများအားဖြင့် အခြေခံလူတန်းစားနှင့် အလယ်အလတ်လူတန်းစားများသော မြန်မာနိုင်ငံတွင် လူတိုင်းအခက်အခဲများကိုယ်စီဖြင့် မွန်းကြပ်မှုများရှိလာခဲ့ကြသည်။ သတင်းစာများနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မွေးကင်းစကလေးငယ် စွန့်ပစ်မှုများပြားလာခြင်း၊ အိမ်ခြေယာမဲ့ဘဝဖြင့် လမ်းဘေး၌ သေဆုံးမှုများပြားလာခြင်း၊ ရာဇဝတ်မှု များ အဆမတန်များပြားလာခြင်းအစရှိသည့် အခြေအနေအရပ်ရပ်၊ ပြဿနာအဖုံဖုံနှင့် အခက်အခဲပေါင်းစုံတို့သည် ကုန်စျေးနှုန်းမြင့်တက်လာမှုများ၏ နောက်ဆက်တွဲ ရိုက်ခတ်မှု များဖြစ်ကြောင်း လူအများက ထောက်ပြပြောဆိုမှုများ ရှိလာခဲ့သည်။

မြန်မာနိုင်ငံသူ/သားများ၏ လက်ရှိအခြေအနေမှာ ဒုက္ခပင်လယ်ကြီးအတွင်း ကြိုးစားကူးခပ်ရင်း နစ်သထက်နစ်လာသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း လူအ များ၏ညည်းတွားပြောဆိုမှုများအရ သိရသည်။ “ ပြောရရင် ရုန်းလေနစ်လေပဲဗျ။ သမင်မွေးရင်း ကျားစားရင်းဆိုသလိုကို ဖြစ်လာနေတာပါပဲဗျာ။ ဒီလိုခေတ်ပျက်ကြီးမှာ ချမ်းသာနေ တဲ့ ကောင်တွေကျတော့လည်း ဘယ်လိုတွေကြောင့် ချမ်းသာနေလဲဆိုတာက မပြောလည်း လူတိုင်းသိကြပါတယ်။ သမ္မာအာဇီဝကျကျ ရှာဖွေစားသောက်နေတဲ့လူတိုင်းတော့ ကုန် စျေးနှုန်းဒဏ်ကို အနည်းနဲ့အများခံကြရတာပါပဲ။ လွန်ခဲ့တဲ့သုံးနှစ်လောက်က တိုင်းပြည်ကြီးမဟုတ်တော့သလိုပါပဲဗျာ။ ဒါတွေပြောရင်လည်း ညည်းလို့ကို ဆုံးနိုင်မှာမဟုတ်ဘူး။ ကုန် စျေးနှုန်းတွေအကြောင်း ပြောရမယ်ဆို စကားလိုပြောလို့ကို မရတော့ဘူး။ ညည်းညူနေရတာကိုက လက်ရှိကုန်စျေးနှုန်းတွေရဲ့ အကြောင်းပဲ။ အဲ့အကြောင်းတွေ ပြောတာနဲ့ကို ခို တစ်ကောင်လို ညည်းရတော့တာပဲ။ လက်ရှိမှာ စျေးမတက်တာဆိုလို့ သောက်သုံးမကျတဲ့ ဒီနိုင်ငံရဲ့တန်ဖိုးနဲ့ ဒီလိုတိုင်းပြည်မှာ ဒီအချိန်လူလာဖြစ်နေရတဲ့ ကိုယ်တိုင်အပါအဝင် သနား စရာဒီနိုင်ငံသားတွေရဲ့ တန်ဖိုးပဲရှိတော့ မယ်ထင်တယ်” ဟု အသက် ၄၀ ကျော်ခန့်ရှိသည့် ဆယ်စုနှစ်တစ်ခုကျော်အကြာ အငှားယာဥ်မောင်းနှင်ကာ အသက်မွေးဝမ်းကြောင်းခဲ့သော အငှားယာဥ်မောင်းတစ်ဦးက ပြောကြားသည်။

ကုန်စျေးနှုန်း အဆမတန်မြင့်တက်ခြင်း၏ အဓိကအကြောင်းအရင်းများမှာ ကိုဗစ်ကပ်ဘေး၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရခြင်းဖြစ်သလို၊ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များနောက်တွင် ကုန်စျေးနှုန်းအား ထိန်းချုပ်နိုင်ခြင်းမရှိတော့ခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ လေ့လာစောင့် ကြည့်သူများကပြောသည်။

ကုန်စျေးနှုန်း အဆမတန်မြင့်တက်ခြင်း၏ အဓိကအကြောင်းအရင်းများမှာ ကိုဗစ်ကပ်ဘေး၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရခြင်းဖြစ်သလို၊ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ် များနောက်တွင် ကုန်စျေးနှုန်းအား ထိန်းချုပ်နိုင်ခြင်းမရှိတော့ခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ လေ့လာစောင့် ကြည့်သူများကပြောသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုဖြစ်သည့်အတွက် ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုသည် သာမန်လက်လုပ်လက်စားများနှင့် အခြေခံလူတန်းစားများကို အပြင်းအထန်ထိုး နှက်ခဲ့သည်။ ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့လူတန်းစား အများအပြားမြင်တွေ့ခဲ့ရသလို၊ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကြောင့် အလုပ်လက်မဲ့လူတန်းစားများသည် များသ ထက်ပိုမိုများပြားလာခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် နိုင်ငံရေးအပြောင်းအလဲများနောက်တွင် နိုင်ငံအနှံ့အပြား လက်နက်ကိုင်ပဋိပက္ခများ မြင့်တက်လာခဲ့ပြီး ဒေသခံပြည်သူများ စစ်ရှောင်ရသည့်ဖြစ်စဉ်များကြောင့် စီးပွားရေးနှင့်ပတ်သက်သော ကဏ္ဍပေါင်းစုံအား ထိခိုက်မှုများရှိခဲ့သဖြင့် ကုန်စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ဆိုင်သော လေ့ လာစောင့်ကြည့်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်က သုံးသပ်မှုများရှိခဲ့သည်။

နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများသည် နိုင်ငံစီးပွားရေးနှင့် တိုက်ရိုက်အချိုးကျနေခဲ့ပြီး နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုများကို ထိန်းချုပ် ရန် အခက်အခဲများရှိလာခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ထို့အပြင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းသည် ကုန်စျေးနှုန်းမြင့်တက်မှုများကို ထိန်းချုပ်နိုင်ရန် ခက်ခဲမှုများဖြစ်စေခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေသည့်အချိန်၌ ငွေစက္ကူအသစ် ထပ်မံထုတ်လုပ်ခြင်းသည်လည်း ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ် ရန် ခက်ခဲစေနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဝေဖန်သုံးသပ်ကြသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ဩဂုတ်လ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး ငွေစက္ကူသစ်ထုတ်ဝေရန် စတင်ကြေညာခဲ့သည့်အချိန်မှစ၍ ကုန်စျေးနှုန်းမှာ ပိုမိုမြင့်တက် လာခဲ့သည်ကို တွေ့ရသည်။ သက်သေအားဖြင့် ကန်စွန်းရွက်တစ်စည်းလျှင် ခြောက်ရာကျပ်နှုန်းအထိ မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများ၏ စားဝတ်နေရေးအတွက် ပိုမို ကျပ်တည်းမှုများ ရှိလာခဲ့သည်ကို တွေ့ရသည်။

“ ပိုက်ဆံအသစ်က ငွေကြေးဖောင်းပွမှုကို မဖြစ်စေပါဘူးဆိုတဲ့ အယူအဆကို လုံးဝလက်မခံပါဘူး။ ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ မကြိုးစားဘဲ ပိုက်ဆံအသစ် ရိုက်ထုတ်ပြီး ဖြေရှင်း လိုက်မယ်ဆိုတဲ့ နည်းလမ်းက အမှန်မဟုတ်ဘူး။ အခုတောင် လူတွေဒီလောက်ခက်ခဲနေကြတာ ရေရှည်ဆိုမလွယ်ဘူး။ စီးပွားရေးသမားတစ်ယောက်အနေနဲ့တောင် ရှေ့ ဖြစ်လာမှာ တွေကိုတွေးပြီး ပူနေရတယ်။ သာမန်လက်လုပ်လက်စားတွေဆို အခုထဲက တော်တော့်ကိုရုန်းကန်နေကြရပြီ။ ကြာလာရင် လူတွေအကုန် ငတ်ဖို့ပဲရှိတယ်။ တိုင်းပြည်က ဘယ်နေ ရာကိုကြည့်ကြည့် အောက်ကိုထိုးဆင်းနေတာကြီးပဲ တွေ့နေရတယ်။ ကုန်ဈေးနှုန်းတွေက လွဲလို့ပေါ့” ဟု ဆီလုပ်ငန်းလုပ်ကိုင်သည့် စီးပွား‌ရေးသမားတစ်ဦးက ပြောကြားသည်။

ငွေစက္ကူအသစ် ထပ်မံရိုက်နှိပ်ခြင်းသည် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပြီး ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်စေသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း နစက၏ ပြောရေးဆို ခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုခဲ့သည်။ နှစ်သောင်းကျပ်တန်ထုတ်ဝေမည့် သတင်းကြောင့် ပြင်ပတွင်ကောလာဟလများ ဖြစ်ပေါ်လျှက်ရှိကြောင်း၊ နှစ်သောင်းကျပ် တန်ကို အလုံးအရင်းဖြင့် ထုတ်လုပ်မည်မဟုတ်ဘဲ အထိမ်းအမှတ်အနေဖြင့်သာ ထုတ်လုပ်မည်ဖြစ်၍ ငွေကြေးဖောင်ပွမှု မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

အခြေခံဥပဒေအရ စီးပွားရေးလုပ်ငန်းများ၊ ငွေကြေးများအား အာမခံထားသည့်အတွက် စီးပွားရေးလုပ်ငန်းများအားသိမ်းယူခြင်း၊ ငွေကြေးကို တရားမဝင်အဖြစ်ကြေညာခြင်းများ လုပ်ဆောင်မည်မဟုတ်သဖြင့် လူထုအကြား စိုးရိမ်မှုမရှိရန် ၎င်းဆက်လက်ပြောသည်။

“ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ကောင်းစွာထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိပါတယ်။” ဟု နစကပြောရေးဆိုခွင့်ရှိသူက နိုင်ငံပိုင်မီဒီယာသို့ ပြောသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွါးတော် တည်ဆောက်ပြီးစီးမှုနှင့် ဆင်ဖြူတော်၏တစ်နှစ်မြောက်အထိမ်းအမှတ်အဖြစ် ရည်ရွယ်၍ နစကမှ နှစ်သောင်းကျပ်တန်ငွေစက္ကူများ ဩဂုတ်လ ၁ ရက် နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး ငွေစက္ကူအဟောင်းများနှင့် အစားထိုးလဲလှယ်၍ လူတစ်ဦးလျှင် ၃ ရွက်သာထုတ်ပေးမည်ဟု ဇူလိုင် ၂၃ ရက်နေ့က ကြေညာခဲ့ပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုးများ ကျဆင်းသွားသည်ဟု ပြင်ပ၌ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ပိုက်ဆံမရှိလျှင် ကန်စွန်းရွက်ကြော်ဖြင့် စား၍ရသည့် ခေတ်အခြေအနေမှ ငွေကြေးပြေလည်မှုရှိသည့် လူတန်းစားများသာ ကန်စွန်းရွက်စားနိုင်သည့်အထိ ကန်စွန်းရွက်သည် တန်ဖိုး မြင့်စားသောက်ကုန်တစ်ခုဖြစ်လာခဲ့သည်။ ယခုကဲ့သို့အခြေအနေများကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့နေကြရသူများမှာ အိမ်ရှင်မ အများစုပင်ဖြစ်သည်။

ယခင်က ကျပ်ငါးထောင်တန်တစ်ရွက် လက်ထဲကိုင်လာလျှင် မျက်နှာပန်းပွင့်သည့် အိမ်ရှင်မများ၏အခြေအနေမှာ ငွေကျပ်ငါးထောင်သည် ဘာဝယ်လိုက်မှန်းမသိဘဲ လက်ထဲမှ ပျောက်သွားသည့် အ‌ခြေအနေမျိုးဖြစ်လာခဲ့ကြောင်း ကြားသိရသည်။ မိသားစု၏ဝမ်းရေးအတွက် ဈေးထဲတွင် ခေါင်းခဲနေရသည့် အိမ်ရှင်မများ၏ အခြေအနေသည် လက်ထဲပါသ မျှ ပိုက်ဆံကုန်သွားသော်လည်း ယခင်ကာလများကဲ့သို့ ဘယ်နှစ်ရက်စာဟူ၍ တွက်ဆမရနိုင်သော အခြေအနေများ ဖြစ်လာခဲ့သည်။ ရုန်းကန်နေရသည့် အိမ်ထောင်စုမှ အိမ်ရှင်မများ သည် ဈေးသွားရန်ပင် ကြောက်လန့်နေရသည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။

“ အရင်က လက်ထဲသုံးသောင်းလောက်ပါရင်ကို တစ်ပတ်စာလောက် ဝယ်ထည့်ထားလို့ရတယ်။ ဈေးခြင်းတောင်းထဲမှာလည်း ပြည့်ရုံမကလို့ လျှံပါလျှံတယ်။ ခြင်းတောင်းတောင် မသယ်နိုင်တော့လို့ ဆိုက်ကားပါငှားပြန်ရတဲ့ အ‌ခြေအနေကနေ အခုဆို ငွေသုံးသောင်းဆိုတာ ဈေးခြင်းတစ်ဝက်‌တောင် မပြည့်ချင်တော့ဘူး။ တစ်ပတ်စာဝယ်ထားမယ်ဆို ခုနှစ် သောင်း၊ တစ်သိန်းဖိုးလောက်ဝယ်မှ လောက်ငှတယ်။ အမတို့လို အိမ်ရှင်မတွေဆိုတာ နိုင်ငံရေးတွေဘာတွေလည်း သိပ်မသိပါဘူး။ အဓိက,က မိသားစုအတွက် စီးတဲ့ရေကို ဆည်တဲ့ ကန်သင်းမျိုးပဲ ဖြစ်ချင်ကြတာ။ အခုက ပလိုင်းပေါက်နဲ့ ဖားကောက်နရသလိုဖြစ်နေပြီ။ ငွေကြေးဖောင်းပွတာတွေဘာတွေလည်း နားတော့မလည်ပေမယ့် ကိုယ့်မိသားစု ထမင်းဝိုင်း လေးတော့ စိုပြေနေစေချင်တယ်။ အရင်လိုအခြေအနေမျိုးမဟုတ်တောင် ကုန်ဈေးနှုန်းတွေကြောင့် ဈေးသွားဖို့ ခေါင်းခဲနေရတာမျိုးတာ့ မဖြစ်ချင်ဘူး” ဟု တာမွေမြို့နယ်အတွင်း နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

ဗမာကြက် တစ်ပိသာကောင် လေးထောင့်ငါးရာ (သို့) ငါးထောင်၊ ဝက်သားသုံး ထပ်သား ခုနှစ်ရာစျေး၊ ကန်စွန်းရွက် ငါးရာဖိုးသုံးစည်း၊ မုန့်ဟင်းခါး ပဲကြော်ထည့်လျှင် ရှစ်ရာ၊ အ လွတ် ခြောက်ရာ၊ လက်ဘက်ရည်တစ်ခွက် ငါးရာ၊ ပဲပလာတာတစ်ချပ် သုံးရာကျပ်စသည့် ကုန်ဈေးနှုန်းများမှ ဗမာကြက် တစ်ပိသာကောင် ကိုးထောင်(သို့)တစ်သောင်း၊ ဝက်သား သုံးထပ်သား နှစ်ထောင်ဈေး၊ ကန်းစွန်းရွက်တစ်စည်း ခြောက်ရာ၊ မုန့်ဟင်းခါး ပဲကြော်ထည့်လျှင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တစ်ထောင့်ငါးရာ၊ လက်ဘက်ရည်တစ်ခွက် တစ်ထောင်ဖြစ်လာသည့် ကုန်ဈေးနှုန်း များသည် ကြားရသူတိုင်း အသက်ရှုပင်ရပ်သွားနိုင်သည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။ ဤအခြေအနေကိုထိန်းချုပ်နိုင်မည့် အရိပ်အယောင်မျိုးလည်း လက်ရှိအချိန်အထိ မတွေ့ရ သေးဘဲ ဆက်လက်မြင့်တက်လာဖွယ်သာရှိသည့် အခြေအနေမျိုးကို မြင်တွေ့နေရသည်။

ကုန်ဈေးနှုန်းများသည် ယခုကဲ့သို့ ဆက်လက်မြင့်တက်နမည်ဆိုပါက မကြာတော့သည့် အချိန်ကာလတစ်ခုအတွင်း အကျပ်အတည်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း သုံးသပ် ပြောဆိုမှုများသည် အမှန်တကယ်ပင်ဖြစ်လာနိုင် ပြီး နိုင်ငံသားတိုင်းအတွက် အခက်ခဲဆုံးအခြေအနေများကို မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ကြရဖွယ်ရှိနေသည်။

လင်းခေါင်

Photo: လင်းခေါင်

အကျပ်အတည်းအဖြစ် တဖြေးဖြေးပြောင်းလဲလာသည့် ကုန်ဈေးနှုန်းမြင့်တက်နေမှုများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်