လျှပ်စစ်မီးနဲ့ ကုန်ဈေးနှုန်းကြား ဟန်ချက်မညီတော့သည့် အိမ်ရှင်မများ

ဂျူဂျူး

နိုင်ငံတဝန်းတွင် ယခင်နှစ်အဆက်ဆက်ကပင် လျှပ်စစ်မီးလုံလောက်အောင်မရရှိခဲ့ကြသည့် ပြည်သူများမှာ ယခုအခါ နိုင်ငံရေးပဋိပက္ခများ၊ စစ်ရေးပဋိပက္ခများကြောင့် လျှပ်စစ်မီး ပြက်တောက်မှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ထို့အပြင် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးနှုန်းများမြင့်တက်လာခြင်း၊ ကုန်စည်စီးဆင်းရာလမ်းကြောင်းများ ပိတ်ပင်ထားခြင်း၊ နယ်စပ်ကုန်သွယ်ရေးများ ကျဆင်းလာခြင်းများကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ရာ အောက်ခြေပြည်သူလူထုများမှာ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဘေးကျပ်နံကျပ် အ ခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။

ယခုလပိုင်းများအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုများပြားလာခဲ့သည့်အပြင် အိမ်သုံးဂက်စ်ဝယ်မရသည့် ပြဿနာများလည်း ကြုံတွေ့လာရခြင်းကြောင့် ဈေးနှုန်းနှစ်ဆခန့်မြင့်တက်လာသည့် မီးသွေးကိုပင် အသုံးပြုနေရကြောင်း အိမ်ရှင်မများထံမှ သိရသည်။

“ မီးသွေးက တစ်ပိဿာ နှစ်ထောင်ဖြစ်နေပြီ။ အရင်က ၇၀၀၊ ၈၀၀ ကနေ ၁၃၀၀၊ ၁၅၀၀ အခု ၂၀၀၀ လေ၊ ဂက်စ်တွေကလည်း တစ်ပိဿာ ၁၀,၀၀၀ ခေါ်နေတာတောင် လိုသ လောက်မရဘူး။ မီးကလည်းမမှန်တော့ မီးသွေးပဲသုံးနေရတာပေါ့။” ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

လျှပ်စစ်မီးကို တစ်နေ့လျှင် လေးနာရီလာ၊ လေးနာရီပြတ်စနစ်မှဖြင့် ပေးနေသည်ဟုဆိုသော်လည်း မြို့နယ်အများစုတွင် သတ်မှတ်ထားသည့်အချိန်ထက် မီးပြတ်ချိန်ပိုမိုများပြားလာခဲ့သည်။ ထို့အပြင် နံနက် ၅ နာရီမှ ၉ နာရီအချိန် မီးပြတ်ခြင်းနှင့် ညနေ ၅ နာရီမှ ည ၉ နာရီ မီးပြတ်ခြင်းများသည် အိမ်ရှင်မများအတွက် အလွန်ခက်ခဲကြောင်း ​ပြောဆိုကြသည်။

“ မနက် ၅ နာရီဆိုတာက ထမင်းထချက်ချိန်လေ။ ရုံးသမားတွေ၊ ကျောင်းသမားတွေအချိန်မီဖို့ ချက်ပြုတ်ရတဲ့အချိန်ကိုပြတ်တော့ အပိုငွေကုန်တာပေါ့။ မီးသွေးကပဲ တစ်နေ့ နှစ်ပိ ဿာကုန်တယ်။ ဆက်တိုက်ချက်နေရတာ မဟုတ်ဘူးလေ။ တစ်ပိုင်းစီချက်နေရတော့ မီးကိုသတ်လိုက်၊ မွှေးလိုက်နဲ့ ပိုကုန်တယ်။” ဟု ရွှေပြည်သာမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

အိမ်ရှင်မများမှာ နေ့စဥ်မြင့်တက်နေသည့် ကုန်ဈေးနှုန်းများ၏ဒဏ်ကို ခံစားနေရပြီး အထူးသဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်များမှာ တစ်ပတ်ထက်တစ်ပတ် မြင့်တက်နေခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် တစ်သိန်းခြောက်သောင်းကျပ်ဝန်းကျင်၊ ဆန်ကြမ်း(ဧည့်မထ)တစ်အိတ်လျှင် ၇ သောင်းမှ ၉ သောင်းကျပ်ဝန်းကျင်၊ စားအုန်းဆီ တစ်ပိဿာလျှင် (လက်လီပြင်ပဈေး) တစ်သောင်းနှစ်ထောင်ကျပ်ဝန်းကျင်၊ ကြက်သွန်နီ တစ်ပိဿာ ငါးထောင်ကျပ်ဝန်းကျင်၊ ကြက်သွန်ဖြူ တစ်ပိဿာ တစ်သောင်းခြောက်ထောင်ကျပ်ဝန်းကျင် စသည်ဖြင့် ဈေးနှုန်းများရှိခဲ့​ကြောင်း ဈေးကွက်လေ့လာချက်များအရ သိရသည်။

“ အခုရက်ပိုင်းမှာ ဈေးအကြီးဆုံးက ကြက်သွန်နီပါ၊ နောက်တစ်ခုက စားအုန်းဆီပါ၊ ထိုင်းကဝင်တဲ့ဆီတွေလည်း ဈေးတက်တယ်။ အချိုမုန့်တွေရောပေါ့။ အရင်က ပိုက်ဆံနှစ်သောင်းကိုင်ပြီးဈေးဝယ်ရင် တစ်ပတ်စာလောက် အခြောက်အခြမ်းဖိုးလောက်တယ်။ အခုက ၃ ရက်စာတောင်မရချင်ဘူး။ ဒါတောင် ဆန်မပါဘူး။ ဆန်ပါအပါ အသားဟင်းတစ်ခွက်၊ အသီးအရွက်ကြော်နဲ့ အရည်ဟင်းတစ်ခွက်ရဖို့ တစ်သောင်းခွဲရှိမှ ညမနက်စားရတယ်။” ဟု ရန်ကင်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

စားဝတ်နေရေးဖူလုံဖို့ တစ်နိုင်တစ်ပိုင် ဈေးရောင်းချနေသူများမှာလည်း ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းကြောင့် နေ့စဥ်ပြန်လည်ရင်းနှီးနိုင်ရန်ပင် မလုံလောက်ဘဲ အကြွေးဖြင့်လည်ပတ်နေရကြောင်း မုန့်ဟင်းခါးရောင်းချသူတစ်ဦးက ဆိုသည်။

“ အရင်က ၅ သောင်း ၆ သောင်းရင်းရင်တောင် အမြတ်က ၃ သောင်းကျော်လောက်ကျန်သေးတယ်။ မုန့်ဟင်းခါးတစ်ပွဲလည်း အကြော်နဲ့မှ ၆၀၀၊ ၇၀၀ လေ။ အခု အလွတ်တစ်ပွဲ ၁၂၀၀ လောက်ရောင်းနေရပြီ၊ အရင်ကကြီး အဲ့အရင်းပြန်ရဖို့တောင် တနေ့တနေ့ မမှီဘူး။” ဟု ၎င်းက ပြောသည်။

မုန့်ဟင်းခါးချက်ပြုတ်ရောင်းချရာ၌ ငါး၊ နံနံပင်၊ မုန့်ဖက်စသည့် ပါဝင်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာသည့်အပြင် ကြက်သွန်မှအစ မီးသွေးအဆုံး ကုန်ဈေးနှုန်းများမှာနှစ်ဆကျော်ခန့်မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

အလားတူ ညနေခင်းအစာပြေရောင်းချသည့် မာလာရှမ်းကောနှင့် မောက်ချိုက်ရောင်းချသူများသည်လည်း ယိုးဒယားအကင်စုံဈေးမှာ အဆမတန်မြင့်တက်ခြင်း၊ ဂက်စ်ဝယ်ယူရန်ခက်ခဲခြင်း ပြဿနာများကြောင့် ဆိုင်ရေရှည် ဆက်လက်ဖွင့်လှစ်နိုင်ရန်ပင် ခက်ခဲလာသည်ဟု ဆိုသည်။

ထိုင်-မြန်မာနယ်စပ်၊ တရုတ်နယ်စပ်စသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားရခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ ကြန့်ကြာပြီး၊ ပြည်တွင်း၌ ပစ္စည်းပြတ်ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းများရှိလာခဲ့သည်။

“ ဂက်စ်တစ်ပိဿာကို ရှစ်ထောင်၊ တစ်သောင်းလောက်ပေးဝယ်နေရတော့ အမြတ်ကျန်ဖို့ထက် အရင်ရဖို့တောင် မနည်းရောင်းနေရတာ။ အရင်က တစ်နေ့ကို တစ်သိန်းဖိုးလောက်ရောင်းရရင်၊ နောက်နေ့အတွက်က ပစ္စည်းထပ်ဖြည့်ဖို့မလိုဘူး။ အခုက မနက်ဈေးဝယ်ရင် ရှစ်သောင်း၊ တစ်သိန်းနီးပါးရောင်းရတော့ ငါးသောင်းကျော်လောက်နဲ့ ပစ္စည်းက နှစ်ရက်တစ်ခါလောက်ဖြည့်ရတော့ အရင်းကိုမလည်ဘူး။” ဟု Street food ရောင်းချသူ အမျိုးသမီးတစ် ဦးက ဆိုသည်။

အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေခြင်းမှာ ၂၀၂၁ ခုနှစ်မှစတင်ကာ တစ်ရိပ်ရိပ်မြင့်လာခဲ့ရာမှ ၂၀၂၃ ခုနှစ်မှာတော့ အဆိုးရွားဆုံးမြင့်တက်ခဲ့သည်ဟု ဆိုရပေမည်။ ကုန်ဈေး နှုန်းများမြင့်တက်နေသဖြင့် လမ်းဘေးဈေးသည်များ၊ ထမင်းဆိုင်များမှာလည်း ရပ်တည်နိုင်ရန် ခက်ခဲကြပြီး၊ အိမ်ပိုင်၊ မြေပိုင်၊ ဆိုင်ပိုင် ဖွင့်လှစ်နိုင်သူများသာ ဆက်လက်ရောင်းချနိုင်ပြီး၊ အချို့မှာ ဆိုင်ပိတ်သိမ်းသွားကြ​သည်ကို တွေ့ရသည်။

“ ပိတ်တဲ့ဆိုင်ပိတ်၊ ဖွင့်တဲ့ဆိုင်ဖွင့်တာတွေလည်း ရှိပါတယ်။ အဲ့ဒါကကျတော့ အရင်က တခြားလုပ်ငန်းကြီးတွေ လုပ်တဲ့သူတွေက သူတို့စီးပွားရေးမကောင်းတော့ ဈေးရောင်းတဲ့ဘက်ကို ရောက်လာတာတွေ ရှိတယ်။ မြို့ထဲမှာဖွင့်တဲ့ ဆိုင်ကြီးတွေက ဒီဘက်က မြောက်ဒဂုံတို့ တောင်ဥက္ကလာတို့ဘက်ကို ဆင်းပြီးဖွင့်လာကြတာတွေရှိတယ်။ ဆိုင်တွေနည်းတာကိုကြည့်ချင်ရင် မြို့ထဲဘက်မှာကြည့် တော်ရုံစားသောက်ဆိုင် သိပ်မရှိတော့ဘူး။ ပိတ်ကုန်တာ များတယ်။” ဟု မာလာရှမ်းကော၊ မောက်ချိုက်ရောင်းချသူတစ်ဦးက ပြောသည်။

မိသားစုစားဝတ်နေရေးအတွက် လစာငွေဖြင့်မလုံလောက်သည့်အတွက် ဆိုင်ထွက်ပြီး ဈေးရောင်းချသည့်အလုပ်၊ အွန်လိုင်းမှ ဈေးရောင်းချသည့်အလုပ်များ လုပ်ကိုင်လာကြသော်လည်း အဆင်ပြေသူနည်းပါးပြီး ဝန်ပိုပိကာ အကြွေးပတ်လည်ဝိုင်းနေသူများလည်းရှိကြောင်း သိရသည်။

ကိုဗစ်ကာလမှစတင်ကာ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် အလုပ်လက်မဲ့လူဦးရေ များပြားလာခြင်းကြောင့် နေ့စားအခြေခံလူတန်းစားများမှာ ဘဝရပ်တည်မှု လွန်စွာခက်ခဲလာခဲ့သည်ကို တွေ့ရသည်။

ထို့နည်းတူ မိဘများမှာ ငွေကြေးရှာဖွေရန် ခက်ခဲလာခြင်းကြောင့် ကလေးငယ်များ၏ပညာရေးကို ရိုက်ခတ်လာခဲ့သည်ကို တွေ့ရသည်။ ကလေးငယ်အချို့ ကျောင်းမတက်နိုင်တော့သည့်အခြေအနေနှင့် ရင်ဆိုင်လာကြရသည်။

“ ဆန်တစ်ပြည် ၃၀၀၀ ကျော်နဲ့ ဝယ်စားနေရတာ၊ အလုပ်တွေကလည်း အရင်လိုမကောင်းဘူး။ အိမ်မှာ ၃ တန်း တစ်ယောက်။ ၆ တန်း တစ်ယောက်။ အခုမှစတက်မယ့် ကလေးတစ်ယောက်ရှိတယ်။ သုံးယောက်လုံး ကျောင်းမတက်ခိုင်းတော့ဘူး။ အကြီးလေးနှစ်ယောက်က ဒီဘက်ကမ်းက ငါးဈေးမှာ နေ့စားလုပ်နေကြတယ်။” ဟု ကြည့် မြင်တိုင်တစ်ဖက်ကမ်းမှ လက်လုပ်လက်စား အမျိုးသမီးတစ်ဦးက ပြောသည်။

လစဥ်ရရှိလာသည့် ဝင်ငွေများကို နေ့စဥ်ဈေးဖိုး၊ မုန့်ဖိုးဖူလုံရန် သုံးစွဲနေရသည်မှာ ခက်ခဲနေပြီး၊ အပိုကုန်ကျငွေများလည်း ပိုလာသည်ဟု ဆိုကြသည်။

အပိုကုန်ကျငွေဟုဆိုရာတွင် ယခင်က လျှပ်စစ်မီးဖြင့် နေ့စဥ်စားသောက်ရန် ချက်ပြုတ်ကြသော်လည်း ယခုအခါ လျှပ်စစ်မီးပြတ်တောက်သဖြင့် မီးသွေးဖြင့်ချက်ပြုတ်ရခြင်း၊ ဂက်စ်မီးဖိုဖြင့် အသုံးပြုသူများသည်လည်း ဂက်စ်ဝယ်ယူရန် ခက်ခဲသဖြင့် မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ရခြင်းတို့ကြောင့် အပိုကုန်ကျငွေများတိုးလာခဲ့​သည်ဟု ဆိုကြသည်။

“ မီးလာတော့ မီးကသုံးရတာပဲလေ။ မီးသာပျက်တာ မီတာခက အမြဲတိုးတယ်။ မီးသွေးကလည်း တစ်ပိဿာ ၇၀၀ ကနေ အခု ၂၀၀၀ ဖြစ်နေပြီ။ မီးသွေးက တစ်နေ့ တစ်ပိဿာဆိုတာ အနည်းဆုံးပဲ။ အရင်က တစ်နေ့ကို ဈေးဖိုး ၅၀၀၀ နဲ့လောက်ရင် အခုက ဟင်းတောင်ကောင်းကောင်းမပါ တစ်သောင်းလောက်ကုန်တယ်။ တစ်လ ၃ သိန်းဆိုတဲ့အိမ်စရိတ်က ဆန်ဖိုးနဲ့တင် တစ်ဝက်ကုန်သွားပြီ။” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းတွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ဆိုသည်။

အိမ်ထောင်ရှင်မအများစုသည် လစဥ်ဝင်ငွေနှင့် နေ့စဥ်ကုန်ကျနေသည့် အသုံးစရိတ်များအား မျှတရန်ကြိုးစားနေရင်းက ပိုမိုကုန်ကျလာခဲ့ပြီး သောက်ရေသန့်တစ်ဗူး တစ်ထောင် ကျပ်၊ ဆိုက်ကားခ ဈေးသွားဈေးပြန် တစ်ထောင်ကျပ် စသည်ဖြင့် အထွေထွေကုန်ကျစရိတ်များပါ မြင့်တက်လာပြီး ငွေတစ်ထောင်မှာ အလွန်ပင်အသုံးမတည့်တော့သည့် ငွေပမာဏဖြစ်လာခဲ့သည်။

“ အများကြီးမတောင်းဆိုဘူး၊ အများကြီးလဲ မသိပါဘူး။ မိသားစုထမင်းဝိုင်းလေး စိုပြေဖို့ပဲ တောင်းတတယ်။ လူတိုင်းခက်ခဲနေကြတာပါပဲ။ နားလည်ပါတယ်။ တချို့ဒေသတွေဆို နေထိုင်စရာတောင်မရှိကြတာ၊ ကိုယ့်လဲ သူ့မကူနိုင်၊ သူလဲ ကိုယ့်မကူနိုင်ဖြစ်နေရတယ်။” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းတွင်နေထိုင်သည့် အိမ်ထောင်ရှင်မတစ်ဦးက ​ဆိုသည်။

ဂျူဂျူး

ယနေ့ခေတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

လျှပ်စစ်မီးနဲ့ ကုန်ဈေးနှုန်းကြား ဟန်ချက်မညီတော့သည့် အိမ်ရှင်မများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်