နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲများကြားက အဝေးပြေးယာဉ်မောင်းများ၏ ဘဝပုံရိပ်များ

ဂျူဂျူး

၂၀၂၁ ခုနှစ်မှအစပျိုးခဲ့သည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နှစ်ဖက်တိုက်ပွဲများနှင့် ညမထွက်ရအမိန့်များကြားမှ အသက် အန္တရာယ်များလွန်းသည့် လမ်းခရီးအခက်အခဲများ နှင့်အတူ ခရီးသွားများ၏လုံခြုံမှုကိုပါ ဦးစားပေးကာ အသက်နှင့်ရင်း၍ ဝမ်းကြောင်းနေရသည့် ခရီးသည်တင် အဝေးပြေးယာဥ်လိုင်းများမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် များမှာ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။

ခရီးသည်တင် အဝေးပြေးယာဥ်မောင်းများမှာ နိုင်ငံရေးအပြောင်းအလဲများကြားမှ မိသားစုစားဝတ်နေရေးအတွက်သာ ကြိုးစားရုန်းကန်နေရသော်လည်း စက်သုံးဆီဈေးမြင့်တက် ခြင်း၊ လိုင်းကြေးပေးရမှုများလာခြင်း၊ ညမထွက်ရအမိန့် အချိန်မီအောင်မောင်းနှင်ရခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရကာ သေနတ်ဖြင့်ပစ် ခတ်ခံရခြင်း၊ မိုင်းဆွဲခံရခြင်း များလည်းရှိနေသည်ကို သတင်းမှတ်တမ်းများအရ တွေ့မြင်ကြားသိနေရသည်။

ခရီးတင်ယာဉ်အများစု ကြုံနေရသည့်ပြဿနာမှာ ညမထွက်ရအမိန့်ပြဿနာဖြစ်ပြီး ညမထွက်ရအမိန့် သတ် မှတ်ထားသသည်မှာလည်း မြို့နယ်အလိုက် ကွာဟမှုရှိ‌နေကာ အချိန်မီ ရောက်ရှိရန် မောင်းနှင်ရခြင်းကြောင့် ယာဥ်မတော်တဆမှုများလည်း ဖြစ်ပွားမှုများလာကြောင်း သိရသည်။

“ခေတ်ကာလအခြေအနေအရ ညမထွက်ရအမိန့် သတ်မှတ်ခံထားရတဲ့ မြို့တွေရှိတယ်ဗျ၊ တချို့နေရာတွေက ညနေ ၆ နာရီ၊ တချို့နေရာတွေက ညနေ ၅ နာရီ သတ်မှတ်ထားတာ ရှိတယ်။ လမ်းခရီးဘယ်လိုပဲကြမ်းကြမ်း ကားအနာခံပြီးတော့ အဲ့သတ်မှတ်ထားတဲ့နေရာတွေကို အချိန်မီအောင်မောင်းရတယ်။ အချိန်မီမရောက်ရင် လည်း ၂ ညအိပ်ခရီးကနေ ၃ ညအိပ်တွေဖြစ်သွားမှာဆိုတော့ အဲ့လိုနှောင့်နှေးကြန့်ကြာတာတွေ အများကြီး ရှိတယ်။ ည ၁၂ နာရီဆိုတာက ခရီးသွားကားတွေရဲ့ မောင်းလို့ကောင်းတဲ့အချိန်တွေပေါ့၊ မနက် ၄ နာရီ ဆိုတာ က လူသားတစ်ယောက်အတွက် ဘယ်လောက်ပဲခံနိုင်ပါတယ်ပြောပြောပေါ့နော် အိပ်ရေးမဝရင် အိပ်ငိုက်တဲ့ ဒဏ်ကတော့ အချိန်ကြာလာတာနဲ့အမျှခံစားရတော့ ယာဉ်တိုက် မှုတွေကရှိနေတာပေါ့” ဟု အဝေးပြေးခရီးသည်တင် ယာဥ်မောင်းတစ်ဦးကပြောသည်။

မြို့နယ်အလိုက် သတ်မှတ်ထားသည့် ညမထွက်ရအမိန့်အချိန်များမှာ မတူညီသည့်အတွက် မြို့နယ်အလိုက် သတ်မှတ်ထားသည့် အချိန်များအလိုက် နားချိန်အမီ ရပ်နားရမည့်နေရာ သို့ ရောက်ရှိအောင်မောင်းနှင်ကြရပြီး အချို့သော မအေးချမ်းသည့်နယ်မြေဒေသများ၌လည်း အစစ်ဆေးများ၍ အချိန်ကြန့်ကြာမှုရှိသည့်အခါ အချိန် မီရန် အခက်အခဲများရှိကြောင်း သိရသည်။

အစစ်အဆေးဟုဆိုရာ၌ တိုက်ပွဲဖြစ်ပွားမှုများရှိသည့် စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် မြဝတီလမ်းပိုင်း အစရှိသည်တို့၌ နှစ်ဖက်အ ဖွဲ့အစည်းများက စစ်ဆေးမှုများ ပိုမိုများပြားလျက်ရှိနေကြောင်း သိရသည်။

(၂)

“တရားဝင်တော့မဟုတ်ဘူး၊ ဂိတ်ကြေးပေးဆောင်နေရတာတွေရှိတယ်။ စစ်ကိုင်းဘက်မှာဆိုရင် တစ်စီးဆို တစ်စီး သတ်မှတ်ထားတဲ့အတိုင်း ပေးရတာတွေရှိတယ်။ မပေးရင် လုပ်ပိုင်ခွင့်ထဲကနေ ခရီးစဉ်နှောင့်နှေး အောင်လုပ်တာမျိုးတွေရှိတယ်။ နှစ်ဘက်လုံးကတော့ တမျိုးစီပါပဲ။ ခရီးသည်အိတ်တွေစစ်တာရှိတယ်။ မှတ်ပုံ တင်ကတော့ မဖြစ်မနေစစ်ကြတာပါပဲ။ ဟု အဝေးပြေးခရီးသည်တင် ယာဉ်မောင်းတစ်ဦးကပြောသည်။

အဝေးပြေးခရီးသည်တင်ယာဉ်များမှာ ယခင်ကကဲ့သို့ ဝင်ငွေမရှိတော့ပဲ အထွေထွေအခွန်အခများနှင့် မြင့်တက် လာသည့် စက်သုံးဈေးနှုန်းများကြောင့် အခေါက်ရေအလိုက် ဝင်ငွေရရှိမှုမှာ နည်းပါးလာခဲ့ကြောင်း သိရသည်။

အဝေးပြေးယာဉ်လိုင်းကြီးအချို့မှာ ယခင်က လစာနှင့်ခရီးစဉ်ခေါက်ရေအလိုက် အပိုကြေးများရရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ခရီးသည်ဦးရေနည်းပါးလာခြင်း၊ အထွေထွေကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ယာဉ်လိုင်ပိုင်ရှင်များက အခေါက်ရေအလိုက် ခေါက်ကြေးသဘောသာ ပေးဆောင်နေကြသည့် ယာဉ်လိုင်များ လည်းရှိလာကြောင်း သိရသည်။

“အခုနောက်ပိုင် ယာဉ်လိုင်းကြီးတွေတောင် ရပ်လိုက်ကြတာတွေရှိတယ်။ တချို့ကျတော့ အစီးရေခွဲဆွဲတယ်။ ဆီဈေးကလည်းကျကွာတယ်။ လမ်းကြေးတဲတားကြေးတွေကလည်း တစ်ကြောင်းကို ၂ သောင်းဝန်းကျင်က အနည်းဆုံး၊ မြို့နယ်အလိုက် စစ်ဆေးရေးဂိတ်တွေ များရင်များသလိုပေးရတာပဲ။ ဒီကြားထဲ တိုက်ပွဲရှိနေရင် ရက်ရှည်စောင့်ရရင် ပိုကုန်ကျတယ်။ ဟု အမည်မဖော်လိုသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

ထိုကဲ့သို့ အဘက်ဘက်မှ ကုန်ကျစရိတ်၊ ပြင်ဆင်စရိတ်နှင့် စက်သုံးဆီဈေးနှုန်းများကြောင့် အဝေးပြေးခရီး သည်တင်ယာဉ်လိုင်များ၏ ယာဉ်စီးခများမှာ ပြီးခဲ့သည့်နှစ်ကထက် သုံးဆခန့်မြင့်တက်လာသည်ကိုတွေ့ရ သည်။

“ခရီးသည်တွေအနေနဲ့ကလည်း ဈေးများတယ်ဆိုပြီး ငြိုငြင်တာပေါ့ဗျာ။ ဆီဈေးကလည်း သိတဲ့အတိုင်း ဒီရေ အလားတက်နေတာဆိုတော့ အရင်က ကားအစီးရေ ၂၀ လောက်ထွက်ပေမယ့် အခု ၆ စီးလောက်ပဲထွက်နိုင် တယ်။ ကားခက ရန်ကုန်ကနေ မုံရွာ ၂ သောင်းခွဲပဲရှိတယ်။ မန္တလေးကနေ တမူး၊ မုံရွာကနေ တမူးဆိုရင် ၇ သောင်း၊ ၈ သောင်းပေါက်တယ်။ အဲတော့ ရန်ကုန်ကနေ ကလေးအထိကို ၉ သောင်းတောင်းမှရတယ်။ အံဇာ တုံးကားဆိုရင် တစ်ယောက်ကို တစ်သိန်းသုံးသောင်းလောက်အထိတောင်းကြတာ။” ဟု တမူးခရီးသည်တင် ယာဉ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကဆိုသည်။

ခရီးသွားယာဉ်လိုင်းများမှာ ပုံမှန်အချိန်တွင် ကားစီးရေလျှော့ ပြေးဆွဲလာခဲ့ပြီး ခရီးသွားရာသီနှင့် ရုံးပိတ်ရက် ရှည်များ၌ အစီးရေအနည်းငယ်တိုး၍ ပြေးဆွဲလာသော်လည်း ၂၀၂၀ မတိုင်မီကဝင်ငွေကိုမူ မီနိုင်ခြင်းမရှိသေ ကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ကိုင်သူ အချို့ထံမှသိရသည်။

“ပြီးခဲ့တဲ့နှစ်ကတည်းက ရပ်နားထားကြတဲ့ ယာဉ်လိုင်းတွေကများတယ်။ ဆီဈေးအဆမတန်မြင့်မားလာပြီး လမ်းမှာ သူတို့တောင်းသမျှလည်းပေးနေရတော့ ဘယ်လိုမှမကိုက်တော့ပဲ အရှုံးပေါ်လာတော့ ရပ်ထားရမယ့် အခြေအနေဖြစ်လာတာပေါ့။ လမ်းမှာတောင်းတာမပေးရင်လည်း ကားတစ်စီးလုံး မွှေနှောက်ပြီးစစ်တော့ အ ချိန်ကြန့်ကြာတာတွေလည်းဖြစ်တယ်။” ဟု တောင်ကြီးမြို့မှ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းက ခရီးသွားလာမှု အလွန်နည်းပါးခဲ့ခြင်းကြောင့် ခရီးသွားကားများပေါ်၌ ကုန်ပစ္စည်းများ ဖြင့်သာ ခရီးစဥ်ပြေးဆွဲမှုများရှိခဲ့ပြီး အချို့မှာ ခရီးသည်နည်းပါး၍ ခုံများအားခေါက်သိမ်းကာ ကုန်ပစ္စည်းများ တင်ဆောင်ပြေးဆွဲခဲ့ကြကြောင်းလည်း သိရသည်။

သို့သော်လည်း ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်မှစတင်ကာ အဝေးပြေးခရီးသည်တင်ယာဥ်များ၌ ထိုင်ခုံများကို ခေါက်၍ ကုန်ပစ္စည်းသယ်ဆောင်ခြင်းများအား အမြန်လမ်းတစ်လျှောက်ရှိဂိတ်များ၌ ဖမ်းဆီးစစ်ဆေး အရေး ယူခဲ့ကြောင်း သိရသည်။ အဝေးပြေးခရီးသည်တင်ယာဥ်လိုင်များ၌ ကုန်ပစ္စည်းတင်ဆောင်ခြင်းအား ယာဥ်၏ ဝမ်းဗိုက်နေရာမှသာ တင်ဆောင်လေ့ရှိပြီး ကိုဗစ်ကာလအတွင်းမှစတင်ကာ ခရီးသွားစီးနင်းမှု နည်းပါခဲ့ခြင်း ကြောင့် ခရီးသည်ခုံများအား ခေါက်သိမ်းကာ စက်သုံးဆီဖိုးနှင့် ဂိတ်ထွက်စရိတ်ကာမိအောင် ကုန်စ္စည်းများပို မိုသယ်ဆောင်ခြင်းများကို အဝေးပြေးခရီးသွားယာဥ်လိုင်းအချို့ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဝင်ငွေနည်းပါးခြင်း၊ အဘက်ဘက်မှ အတားအဆီးများ၊ ကုန်ကျစရိတ်မြင့်တက်နေခြင်းများသာမက အ ဝေးပြေးခရီးသည်တင် ယာဥ်မောင်းများမှာ ၎င်းတို့၏လုံခြုံရေးအတွက်လည်း ဂရုစိုက်နေရခြင်းရှိနေသည့်အ ပြင် မအေးချမ်းသောနယ်မြေများ၌လည်း တာဝန်ရှိသူများဆိုသည့် နယ်ပယ်စုံမှ စစ်ဆေးဂိတ်များကို တောင်း ပန်ပြောဆိုမှုများဖြင့် အသက်အန္တရာယ်ကိုရင်း၍ ဖြတ်သန်းနေခဲ့ရကြောင်း အဆင့်မြင့် Express ယာဉ်လိုင်း များထံမှ သိရသည်။

“လက်ရှိဆွဲနေတာ ကချင်ပြည်နယ်ဘက်ကို ဆွဲနေတယ်၊ လမ်းခရီးအခြေအနေနဲ့ပတ်သက်ပြီး အမြဲမပြတ်ကို နားစွင့်နေရတယ်ဗျ၊ လမ်းကြောင်းထိုးလာတဲ့ အခြေအနေတွေဆိုရင် ရှေ့ကားနဲ့နောက်ကားကို တစ်စီးနဲ့တစ်စီး အခြေအနေမပြတ်အောင် ချိတ်ဆက်ထားရတယ်။ ရှေ့ကားက လမ်းကြောင်းမကောင်းဘူးဆိုရင် ရပ်ထားရ တယ်။ ပိတ်မိတဲ့နေရာမတိုင်ခင်မှာ ခရီးသည်တွေ အဆင်ပြေစေဖို့ ထမင်းဆိုင်မှာ နားသင့်နားပေးရတာပေါ့။ အဲ့လိုနဲ့ ချိတ်ဆက်သွားနေရတယ်” ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။

လတ်တလော မငြိမ်းချမ်းသည့်ကာလတွင် ခရီးသည်တင်ယာဥ်မောင်းများအနေဖြင့် ဖိအားများစွာရှိနေပြီး လမ်းခရီး၌လည်း ယာဥ်ပျက်စီးချို့ယွင်းမှုအခြေအနေများ၊ ခရီးသည်များအား ကောင်းမွန်သည့် ဝန်ဆောင် မှုမပေးနိုင်မည်ကို စိုးရိမ်ရခြင်းများ၊ မိုင်းဆွဲခံရခြင်းနှင့် ပစ်ခတ်ခံရခြင်း အန္တရာယ်များကြုံတွေ့ရခြင်းများအပြင် ညမထွက်ရအချိန်မီရန် မောင်းနှင်ရခြင်းများ စသည့်ဖိအားပေါင်းများစွာဖြင့် ခရီးစဥ်လမ်းကြောင်းတစ်လျှောက် မောင်းနှင်နေရကြောင်း ယာဥ်မောင်းအချို့၏ ဖွင့်ဟပြောဆိုလာမှုများအရ သိရှိရသည်။

“ လမ်းအချိန်နှောင့်နှေးကြန့်ကြာတာရယ်၊ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေတွေရယ်၊ ပိတ်မိရင် စားရေးသောက် ရေးအဆင်ပြေဖို့ လိုအပ်ပေမယ့်လည်း ရှေ့ခရီးမဆက်နိုင်တာမျိုးလည်းရှိတော့ ကားရပ်ထားလိုက်ရတယ်။ စား ရေးသောက်ရေးအတွက် ထမင်းဆိုင်မနီးရင်၊ ရွာနဲ့ဝေးရင် အခက်အခဲဖြစ်တယ်၊ ကြန့်ကြာတယ်။ သိသိနဲ့မသွား ကြဘူး။ တချို့က မိုင်းဆွဲခံရတာတွေ၊ ပစ်ခတ်ခံရတာတွေဆိုရင် သူတို့(နှစ်ဖက်ပစ်ခတ်မှု) လမ်းပိတ်ထားတဲ့ အ ခြေအနေတွေရယ်၊ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေတွေကို မသိဘဲသွားမိလို့ ဖြစ်တာပါ။ သတ်မှတ်ကာလကို ကျော် မောင်းမိတဲ့အချိန်မှာ ဖြစ်တာများတယ်” ဟု ကချင်ပြည်နယ်ဘက်သို့ သွားလာနေသည့် ယာဥ်မောင်း တစ်ဦးက ၎င်းတို့တွေ့ကြုံနေရမှုကို ပြောပြသည်။

နိုင်ငံရေးအခြေအနေငြိမ်သက်မှုမရှိသည့် နယ်မြေများ၌ ခရီးသည်ယာဥ်များမှာ မကြာခဏဆိုသလို မိုင်းဆွဲခံရခြင်း၊ မိုင်းနင်းမိခြင်း၊ ပစ်ခတ်ခံရခြင်းများအပြင် ပြန်ပေးဆွဲခံရခြင်း၊ ချောဆွဲဖမ်းဆီးခံရခြင်းနှင့် မီးရှို့ခံရခြင်းများပါ ကြုံတွေ့နေခဲ့ရသည်ကိုလည်း သတင်းမှတ်တမ်းများအရ တွေ့မြင်‌နေရသည်။ အထူးသဖြင့် ၂၀၂၂ ခုနှစ်အတွင်း၌ မြဝတီမြို့၊ အာရှလမ်းမပေါ်၌ ခရီးသည်တင်ယာဥ်များ၊ ကုန်တင်ယာဥ်များ မီးရှို့ခံရခြင်း၊ ပစ်ခတ်ခံရခြင်းများစွာ ရှိခဲ့ပြီး သေဆုံးခဲ့ရသူများလည်းရှိခဲ့ကြောင်း ဒေသခံခရီးသည်တင်ယာဥ်မောင်းများထံမှ သိရသည်။ “ တချို့ကတော့ ကားပေါ်က ဆင်းခိုင်းတယ်။ သေနတ်တွေနဲ့ပြီးရင် ကားကိုမီးရှို့သွားတယ်၊ အဲ့လမ်းသွားဖို့ဆိုတာ သတင်းနားစွင့်နေရတာ၊ အစစ်အဆေးကလည်း ကြမ်းတယ်၊ အကောက်အခွန်ကလည်း များတယ်၊ တိုက်ပွဲဖြစ်နေရင် ဖြတ်လို့မရဘူး၊ ကြိုမသိရတော့ ဟိုဘက်ဒီဘက်ပစ်နေတဲ့ကြားကနေ ကားကို ရပ်ပြီး တိုက်ပွဲပြီးတဲ့အထိ စောင့်ခဲ့ရတာတွေရှိတယ်။ အသက်ကို ကံနဲ့ထပ်ပြီး လှုပ်ရှားနေရတာပဲလေ” ဟု ဘားအံမှ ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။ လက်တလောကာလတွင်လည်း မြဝတီသို့ သွားလာနေသည့် ခရီးသည်တင်ယာဥ်နှင့် ကုန်တင်ယာဥ်များအား ဆက်တိုက်စစ်ဆေးမှုများရှိနေပြီး မြဝတီမှ ရန်ကုန်သို့အပြန်  ဘားအံတံတားအနီးရှိ စစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့် ဇွန် ၁၃ ရက်တွင် ခရီးသည်ယာဥ်ပေါ်မှ ကုန်ပစ္စည်းများအား အသေးစိတ်ဖွင့်ဖောက် စစ်ဆေးနေ၍ တန်ဆာထုပ်ပိုးပစ္စည်းများ ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။ “ ပါလာတဲ့ ပစ္စည်းတွေအကုန် ဖောက်စစ်တာပါ။ ပါဆယ်ထုပ်တွေလည်း အကုန်ဖောက်လိုက်တော့ လုံးဝကို တစ်စစီဖြစ်သွားတာ၊ အရင်ကတော့ အဲ့လိုသိပ်မစစ်ဘူး၊ ဒီရက်ပိုင်းတော့ အစစ်အဆေးကြမ်းနေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့နောက် မကြာခဏဆိုသလို မိုင်ဆွဲခံရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ချောင်းဦးမြို့နယ်၊ မန္တလေး-မုံရွာကားလမ်း၊ မုံရွာတိုးဂိတ်အထွက်၌ အဝေးပြေးခရီးသည်တင်မော်တော်ယာဥ်တစ်စီးမှာ မိုင်းဆွဲခံခဲ့ရပြီး ခရီးသည်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်ကလည်း မန္တလေး-မုံရွာကားလမ်း၊ မြို့သစ်ရပ်ကွက်နှင့် ငါးယှန်ကျေးရွာကြား၌ Famous ခရီးသည်တင်ယာဥ်မှာ မိုင်းခွဲခံရမှုဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါ ခရီးသည်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။ “ မုံရွာလမ်းပိုင်းက မကြာခဏတော့ ဖြစ်နေတာပါပဲ၊ သူတို့ရဲ့ အခြေအနေအရ သတင်းကြားလို့ လုပ်တာတွေလည်း ရှိတယ်၊ တားမြစ်နေတဲ့ကြားက သွားလို့ဖြစ်တယ်လို့ပြောကြတာတွေကလည်း ရှိတယ်။ ခရီးသည်ရှိရင် ကျွန်တော်တို့ဘက်က ထွက်ပေးနေရတာပဲလေ၊ နောက်ပြီး ဘယ်သူဘယ်ဝါ ပါလာတယ်ဆိုတာကလည်း လက်မှတ်ဝယ်ပြီးလိုက်လာကြတာဆိုတော့ ကျွန်တော်တို့က ခရီးသည်တွေအတွက် ဝန်ဆောင်မှုပေးတဲ့ အလုပ်ဆိုတော့ ခရီးသည်တိုင်းကို တင်ခေါ်ရတာပေါ့ဗျာ။ မိုင်းဆွဲတော့လည်း ခံရတာပေါ့” ဟု ဝါရင့်ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

(၅)

ထို့အပြင် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃ ရက် ကလည်း မုံရွ သို့သွားသည့် Elite ခရီးသည်တင်မော်တော်ယာဥ်မှာ မြင်းမူနှင့် ချောင်းဦးကြား၊ဂွေးပင်တောကျေးရွာနား၌ မိုင်းထိမှန်ပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့သည့် ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။ ထို့နောက် Elite မော်တော်ယာဥ်နှင့်အတူ ခရီးသည် ၁၂ ဦး၊ ယာဥ်မောင်း ၃ ဦး၊ ယာဥ်အကူ ၁ ဦးတို့ပါ ပျောက်ဆုံးသွားခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ခရီးသည်များမှာ မိသားစုထံပြန်လည်ရောက်ရှိခဲ့ကြပြီး သြဂုတ် ၂၂ ရက်မှာတော့ ယာဥ်လိုင်းမှ ဝန်ထမ်းများပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ယာဥ်အား ပြန်လည်ရရှိခြင်းမရှိကြောင်း သိရသည်။ “ ဒီကာလမှာ အဝေးပြေးကားမောင်းရတယ်ဆိုတာက အသက်နဲ့ရင်းပြီးငွေရှာနေရတာပါ၊ မိသားစုအဆင်ပြေဖို့ အကုန်လုံးဈေးကြီးနေတဲ့အချိန်၊ အလုပ်အကိုင်ရှားပါးနေတဲ့အချိန်၊ ဒီအလုပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့အချိန်မှာ ငွေရဖို့ဦးစားပေးရပြီလေ။ ကြောက်တာပေါ့ သေမှာတော့။ ဒါပေမယ့် ကိုယ်လုပ်တတ်တာနဲ့ မိသားစုထမင်းဝဖို့ကလည်း ကြည့်ရသေးတယ်လေ၊ ကားမမောင်းချင်တော့တဲ့စိတ်တွေ ခဏခဏဖြစ်တယ်၊ ဒါပေမယ့်လည်း မလုပ်လို့မှ မရတာလေ” ဟု ဘားအံမှခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ၎င်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာကို ဖွင့်ဟသည်။ ထိုကဲ့သို့သော အခက်အခဲများကြောင့် ယခုကာလအတွင်း ကျွမ်းကျင်သည့် ယာဉ်မောင်း အများစုမှာ အနားယူသွားကြပြီး အတွေ့အကြုံနည်းသည့် လိုင်စင်ရယာဥ်မောင်းများဖြင့် လုပ်ဆောင်နေရကာ အတွေ့အကြုံနည်းသဖြင့် အခက်အခဲများရှိနေကြောင်းလည်း ထပ်မံသိရသည်။ “ လူငယ်ယာဉ်မောင်းတွေ လိုင်စင်ရှိတယ်၊ အဲလို ယာဉ်မောင်းအတွေ့အကြုံမရှိတဲ့သူတွေကို တွဲခေါ်ရတာရှိတယ်။ အဲ့လိုလူတွေများတော့ ယာဥ်တိုက်မှုတွေလည်း မကြာမကြာဖြစ်တယ်။ ဒီကာလက အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်ဘူးလေ၊ အဲ့အတွက်ကြောင့် မိသားစုစားဝတ်နေရေးဆိုတာလည်းရှိနေတော့ မဖြစ်မနေကိုထွက်နေရတယ်။ ကားလိုင်းတွေ ထွက်ထွက်နေသမျှ အုံနာလည်းကိုက်အောင် ကျွန်တော်တို့လည်းရအောင်၊ ပြီးတော့ ခေါက်ရေလည်းများအောင် မဖြစ်မနေထွက်နေကြရတာပဲ” ဟု သက်ကြီးယာဥ်မောင်းတစ်ဦးက ဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး လမ်းခရီးတစ်လျောက် စစ်ဆေးမှုအပိုင်းများလည်းပြောင်းလဲခဲ့ရာ အချို့သောနေရာများ၌ ရက်ကြာရှည်စွာ ယာဥ်ကြောပိတ်ဆို့မှုများ ရှိလာခဲ့ကြောင်း သိရသည်။ အထူးသဖြင့် X Ray စက်ဖြင့် စစ်ဆေးသည့် ညောင်ခါးရှည်ဂိတ်၌ ယာဥ်ကြောပိတ်ဆို့မှုများလည်းရှိခဲ့သည်။ “ အဲ့လိုဆိုတော့ ညောင်ခါးရှည်ဆို မလိုအပ်ဘဲ ပိတ်တယ်၊ အဲ့မှာဆို အချိန်ကြာတယ်။ အခုထိပဲ express ဆိုတာကလည်း အချိန်ဇယားနဲ့သွားနေရတာလေ။ ဒီကား ဒီချိန်ရောက်ရင် ဘယ်အချိန်ပြန်ထွက်မယ်ဆိုတာမျိုးပေါ့၊ သူ့ဟာသူ လည်ပတ်နေတာဖြစ်တော့ ခရီးတစ်ခုနှောင့်နှေးသွားရင် တခြားခရီးသည်တွေအတွက်ရော ဆင့်ကဲဆင့်ကဲ နှောင့်နှေးမှုတွေ ဖြစ်တာပေါ့” ဟု မြဝတီဘက်သို့ သွားသည့် ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြင့်တက်လာသည့် ကုန်ဈေးနှုန်းများ၊ ရှားပါးလာသည့်အလုပ်အကိုင်များနှင့် တရားဥပဒေစိုးမိုးမှုယိမ်းယိုင်နေစဥ် လုယက်သတ်ဖြတ်မှုများ ကြီးစိုးလာခဲ့သော်လည်း နေ့စဉ်မိသားစုအရေး ရုန်းကန်လှုပ်ရှားနေရသည့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများမှာ အခက်အခဲများစွာရှိနေသည်ကို ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်လောကမှ ထောက်ပြမှုများလည်း အထက်ပါအတိုင်းသိရှိရသည်။ ထိုနယ်ပယ်များထဲမှ အဝေးပြေးယာဥ်မောင်းများ၊ ကုန်တင်ယာဥ်မောင်းများနှင့် မြို့တွင်းအငှားယာဥ်မောင်းများမှာ အခက်အခဲများစွာနှင့် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး ၁၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရမှုများလည်း ရှိနေကြောင်း နေ့စဥ်ထုတ်ပြန်လာသည့် သတင်းဖော်ပြချက်များအရ သိရသည်။

ဂျူဂျူး

#သတင်းဆောင်းပါး

နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲများကြားက အဝေးပြေးယာဉ်မောင်းများ၏ ဘဝပုံရိပ်များ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်