ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်အချို့ လျော့ပေါ့ပေးခြင်းက နစက၏ဖြေလျော့ခြင်း လမ်းစလား

သီဟ

နစက၏ ခြောက်လသက်တမ်းတိုးခါနီး အချိန်များတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သည့်သတင်းများ မကြာခဏထွက်ပေါ်လာခဲ့သော်လည်း ပြီးခဲ့သည့် ဩဂုတ် ၁ ရက် တွင်တော့ အဖြူအမည်းသည်းကွဲစွာ သိလိုက်ရပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခြင်း၊ နေအိမ်အကျယ် ချုပ်သို့ ပြောင်းရွှေ့စေခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်နှင့် တွေ့ဆုံခြင်း စသည့်သတင်း များ ပေါ်ထွက်ခဲ့သော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံသည့်သတင်းသာ အတည်ဖြစ်ခဲ့ပြီး ကျန်သတင်းများသည် ကောလာဟလအဖြစ်နဲ့သာ အဆုံးသတ်သွားခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ၎င်းတို့အပေါ် စွဲဆိုချမှတ်ထားသည့် ပြစ်ဒဏ်အချို့ လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ကြ သည်။ သို့သော် ထုတ်ပြန်ချက်အပေါ် နားလည်မှု လွဲမှားသူအချို့က ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဟု ထင်မြင်ကာ လူမှုကွန်ရက်များပေါ်တွင် ပိုစ့်များတင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပြန်ဖြုတ်သွားခဲ့ကြသည်။

“ကြေညာချက်ကို ဖတ်ဖတ်ခြင်းတုန်းကတော့ လွတ်ပြီလို့ထင်ပြီး ပျော်ခဲ့တာ။ နောက်မှ ပြစ်မှုတစ်ချို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်ဆိုတာကို နားလည်သွားတာ” ဟု ကမာရွတ်မြို့နယ်တွင်နေထိုင်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည့် ပြစ်မှုများမှာ ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီး အမှတ် ၃၇/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၇၁/၂၀၂၁၊ ရာဇဝတ်မှုကြီး အမှတ် ၃၈/၂၀၂၁၊ ရာဇဝတ်မှုကြီး အမှတ် ၄၅/၂၀၂၁ တို့ဖြစ်ကြသည်။

အဆိုပါ အမှုများမှာ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စသည့်ဥပဒေများဖြစ်သည်။ နစကသည် ဒေါ်အောင်ဆန်းစုကြည်အား စုစုပေါင်းအမှု ၁၉ မှုဖြင့်တရားစွဲကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။

ယခု လွတ်ငြိမ်းသက်သာခွင့်ကြောင့် ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ်လျော့ပေါ့မည်ဖြစ်သည်။ သို့သော်လည်း ထူးခြားမှု ထိထိရောက်ရောက်မရှိနိုင်ဟု သုံးသပ်ချက်များလည်း ထွက် ပေါ်လာခဲ့သည်။

လွတ်ငြိမ်းခွင့်များပေးရာတွင် ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၂၀၄(က) အရပေးခြင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၄၀၁ ပုဒ်မခွဲ (၁) အရပေးခြင်းနှင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် သမ္မတမှ မည်သည့်ကန့်သတ်ချက်မျှမပါဘဲ အထွေထွေလွတ်ငြိမ်းခွင့်ပေးခြင်းဟူ၍ရှိကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

ယခုပေးသည့် လွတ်ငြိမ်းသက်သာခွင့်များသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ (၁) အရပေးခြင်းဖြစ်ပြီး လွတ်မြောက်လာသူအများစုမှာလည်း ပြစ်ဒဏ် သက်တမ်းသုံးလခန့် သာ ကျန်တော့သည့်သူများကြောင်း သိရသည်။

ယခုလွှတ်ပေးသည့် လွတ်ငြိမ်းသက်သာခွင့်သည် ပြင်ပတွင်ရှိနေစဉ် မည်သည့်ပြစ်မှုမျှ ထပ်မံကျူးလွန်ခြင်းမပြုပါဟု ဝန်ခံကတိဖြင့်ပေးခြင်းဖြစ်ပြီး ပြင်ပတွင် ပြစ်မှုတစ်စုံတစ်ရာ ထပ်မံကျူးလွန်ပါက ယခင်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ပေါင်းပြီးကျခံရမည်ဖြစ်သည်။

ဩဂုတ် ၁ ရက်ကပေးခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံတော်အတိုင်ပင်ခံတာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့သာ လူ သိများသည့် ပုဂ္ဂိုလ်များအဖြစ်ပါဝင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးသည်လည်း ပြစ်မှုအချို့သာ လွတ်ငြိမ်းသက်သာခွင့်ရကြပြီး ကျန်စွပ်စွဲချက်များအတွက် ထောင်တွင်း တွင် ဆက်လက်နေထိုင်ရဦးမည်ဖြစ်သည်။

“ပြစ်ဒဏ်လျော့တဲ့နေရာမှာ သူ့(ဒေါ်အောင်ဆန်းစုကြည်)ကိုတရားစွဲဆိုထားတဲ့ တရားစွဲဆိုမှုတွေထဲက ၅၀၅ နဲ့ တရားစွဲဆိုထားတာရှိတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရား စွဲဆိုတာတစ်ခု၊ ပြီးတော့ သဘာဝဘေးစီမံနဲ့ ၂၅ နဲ့တရား စွဲဆိုထားတာ တစ်ခုရှိတယ်။ ပြီးရင် နောက်တစ်ခု ဆက်သွယ်ရေးနဲ့တရားစွဲဆိုထားတာရှိတယ်။ ပြီးရင် ပို့ကုန်သွင်းကုန်နဲ့ တ ရားစွဲဆိုထားတာရှိတယ်။ ခြောက်နှစ်ပြစ်ဒဏ်လျော့ပေါ့ရှိပါတယ်။ သမ္မတဟောင်းဦးဝင်းမြင့်ကတော့ ပြစ်ဒဏ်လျော့ လေးနှစ်ရှိလိမ့်မယ်။ သဘာဝဘေးစီမံတစ်ခုရှိတယ်။ ၅၀၅ (ခ) က နှစ်နှစ်ရှိတယ်။ ပြစ်ဒဏ် လေးနှစ်လျော့ဖို့ရှိပါတယ်” ဟု နစကပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာအချို့အား ဖြေကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ကျန်ရှိသည့်ပြစ် ဒဏ်များအတွက် ဆက်လက်ဖြေလျော့မှု လုပ်ခြင်းမလုပ်ခြင်းမှာလဲ နစက၏ နိုင်ငံရေးဆန္ဒအပေါ်တွင် မူတည်နေကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကပြောသည်။

“လက်ရှိ နိုင်ငံရေးအကျပ်အတည်းကနေ ဖြေလျော့ချင်တဲ့လမ်းကြောင်းဖောက်တာလို့မြင်မိပါတယ်။ ဖြေလျော့ချင်တဲ့ဆန္ဒရှိတယ်ဆိုတာကို ပြတဲ့သဘောပေါ” ဟု ဦးခင်မောင်မြင့်က ဆက်လက်ပြောကြားသည်။

“လက်ရှိ နိုင်ငံရေးအကျပ်အတည်းကနေ ဖြေလျော့ချင်တဲ့လမ်းကြောင်းဖောက်တာလို့မြင်မိပါတယ်။ ဖြေလျော့ချင်တဲ့ဆန္ဒရှိတယ်ဆိုတာကို ပြတဲ့သဘောပေါ” ဟု ဦးခင်မောင်မြင့်က ဆက်လက်ပြောကြားသည်။

ပုဒ်မအချို့မှ လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့ ဆက်လက်ကျခံရမည့် စွပ်စွဲချက်များမှာ ရဟပ်ယာဉ် ငှားရမ်းဝယ်ယူမှု၊ ရွေး ကောက်ပွဲတွင် မလျော်ဩဇာသုံးမှု၊ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေနှင့် အဂတိလိုက်စားမှုများဖြင့် ချမှတ်ထားသည့် ပြစ်ဒဏ်များဖြစ်သည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ပုဒ်မအချို့ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းသည် နိုင်ငံ၏လက်ရှိအနေအထား၊ နိုင်ငံရေးအကျပ်အတည်း၊ ဒေါ် အောင်ဆန်းစုကြည်၏အခန်းကဏ္ဍ အားလုံးနဲ့ဆိုင်ပါတယ်ဟု ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဌ ဒေါက်တာအေးမောင်က သုံးသပ်သည်။

နစကသည် ပြီးခဲ့သည် ဇူလိုင် ၃၁ ရက်က သာမန်အခြေအနေ မဟုတ်သေးဟူသည့် အကြောင်းပြချက်ဖြင့် အရေးပေါ်ကာလအား နောက်ထပ်ခြောက်လ ထပ်မံသက်တမ်းတိုးခဲ့ပြီး ယခုတစ်ကြိမ်တိုးခြင်းသည် အရေးပေါ်ကာလ စတင်ကြေညာသည့် တစ်နှစ်ပြည့်ပြီးနောက်ပိုင်းမှစ၍ လေးကြိမ်မြောက်သက်တမ်းတိုးခြင်းဖြစ်သည်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှစ၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒေါ် အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့်သတင်းများသည်လည်း ယခုတစ်ကြိမ် သက်တမ်းတိုးခါနီးတွင် ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်အချို့အား လျော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်။

“သူတို့ဘက်က လိုက်လျောလို့ရတာကို လိုက်လျောပေးပါတယ်။ အကုန်လုံးကို ပိတ်ထားတာမျိုး မဟုတ်ပါဘူး။ သံခင်းတမံခင်းလည်း ဖွင့်ပေးထားပါတယ်ဆိုတာမျိုး ပြချင်တဲ့သ ဘောလည်းဖြစ်မှာပေါ့” ဟု AFP ပါတီဥက္ကဌ ဒေါက်တာအေးမောင်က သုံးသပ်သည်။

ယခုကဲ့သို့ လွတ်ငြိမ်းပေးခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ကဏ္ဍ ရှိနေသေးသဖြင့်သာ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်နိုင်ပြီး ကျန်ပြစ်မှုများကိုလည်း နောက်ပိုင်း ယခုကဲ့သို့ နေ့ထူး နေ့မြတ်များတွင် ဆက်လက်လွတ်ငြိမ်းခွင့်ပြုမည်ဟုတ်၊ မဟုတ်ကို စောင့်ကြည့်ရမည်ဟု ဒေါက်တာအေးမောင်ကပြောသည်။

“နစကအနေနဲ့ ဒီခြောက်လကာလမှာ လုံခြုံရေးနဲ့ကာကွယ်ရေးကို ဖိဖိစီးစီးလုပ်ရတော့မယ်။ အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလွှတ်ပေး/မပေးဆိုတာကို တွက်မှာပေါ့။ လွှတ်,မလွှတ်ဆိုတာကို ချိန်ဆပြီးလုပ်နေရတဲ့အခြေအနေပေါ့” ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။

ယခုတိုးသည့် ခြောက်လပြည့်မြောက်ပြီးသည့် နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေ မည်သို့ဖြစ်လာနိုင်သည်ကို ယခုခြောက်လအတွင်း လုပ်ဆောင်ချက်များက အဖြေထုတ်ပေးနိုင် ခြင်းရှိ၊ မရှိအား နိုင်ငံရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်လျက်ရှိနေကြသည်။

သီဟ

Photo: Aung Shine Oo/AP

#ယနေ့ခေတ်

#ဒေါ်အောင်ဆန်းစုကြည်

#ဦးဝင်းမြင့်

#လွတ်ငြိမ်းသက်သာ

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်အချို့ လျော့ပေါ့ပေးခြင်းက နစက၏ဖြေလျော့ခြင်း လမ်းစလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်