မကျည်းရွက်နုချိန် စစ်တမ်း

ဇေယျာဦး

နွေကျောင်းပိတ်ရက်နှင့် မန်ကျည်းရွက်နုဟုပြောလျှင် ငယ်ဘဝက အလိုလိုပါလာသည်။ ရပ်ကွက်က ဆင်ခြေဖုံးရပ်ကွက်။ လူတန်းစားက စရိုက်စုံ။ အရက်သမား၊ ခါးပိုက်နှိုက်ကအစ ဖင်စီခံလုံးသူအလယ် ဆိုက်ကားသမားအဆုံး ပါဝင်ကြသည်။

မိခင်က အိမ်တွင်မှီခိုဟုဆိုနိုင်သော်လည်း စာရေးသူ၏ဖခင်ကြီး ဆိုင်ဖွင့်ချိန် ဆိုင်ကိုအတူလိုက်သည်။ ဖခင်က ကက်ဆက်၊ ရေဒီယိုပြုပြင်သူဖြစ်သလို အသံချဲ့စက်လုပ်ငန်း တည်ထောင်ထားသူလည်းဖြစ်သည်။

မနက် ၈ နာရီကျော်လောက်မှာ အဖေနှင့် အမေစားသောက်ပြီး ထမင်းချိုင့်ဆွဲကာ စက်ဘီးလေးတစ်စီးနှင့် မြို့ထဲ ဆိုင်သွား ဖွင့်ပြီဆိုလျှင် စာရေးသူတို့ညီအကိုတွေ လွပ်လပ်ရေးရပြီ။ အကိုနှစ်ယောက်က လူပျိုပေါက်အရွယ်တွေမို့ သူတို့သူငယ်ချင်း များနဲ့အတူ သွားလာလည်ပတ်လေ့ရှိသေည်လည်း စာရေးသူက ရပ်ကွက်ထဲက သူငယ်ချင်းအချို့ နှင့် သီးခြားကစားလေ့ရှိ သည်။

စာရေးသူတို့သူငယ်ချင်းတစ်စုက ရပ်ကွက်မြောက်ပိုင်း အကျဉ်းထောင်နောက်ဖေး လယ်ကွက်လပ်တွေ၊ စိုက်ခင်းသီးနှံတွေ ကြားနေရာများသည် စာရေးသူတို့ ကစားကွင်းဖြစ်သည်။

ထောင်ကပိုင်သည့်မြေနားသတ်၊ အေးရိပ်သာကျောင်း၊ စွယ်တော်ကျောင်း၊ ထေရကုသလကျောင်းတို့ အစပ်တွင်ရှိသည့် သ ရက်ပင်၊ ဥသျှစ်ပင်၊ မန်ကျည်းပင်နှင့် ဇီးပင်ကြီးများသည် စာရေးသူတို့လို ကလေးများအတွက် ကစားကွင်းလည်းဖြစ်သည်။ သရေစာအခမဲ့ပေးရာ ပဒေသာပင်ကြီးများလည်းဖြစ်သည်။

နွေပေါက်ပြီဖြစ်၍ မန်ကျည်းပင်များ အရွက်ကြမ်းထိုးကြပြီဖြစ်သော်လည်း သဘာဝအလျှောက် အနုများထပ်ထွက်လာလေ့ ရှိသလို အပင်အများစုက မန်ကျီးသီးမှဲ့ သီးနေပြီ။

မန်ကျီးသီးကို အောက်က လေးခွနှင့်ပစ်ချ၊ ခဲနှင့်ထုပြီး ခူးစားကြသလို အပင်ပေါ်မှာမှည့်နေသော ဥသျှစ်သီးများက ကလေး အများစု ကုန်စင်အောင်မစားနိုင်။ မစားနိုင်၍ အကျန်ကို ဌာနကလွှတ်ထားသည့် နွားပါမစားသဖြင့် အပင်အောက်တွင် ယင် တစီစီနှင့် ဥသျှစ်သီးကွဲများက တစ်ပုံတပင်။

သို့သော် ခေတ်ကာလက ရှားပါးသည့်ကာလဆိုတော့ စားကောင်းသည့် သရက်၊ မန်ကျည်းနဲ့ မာလကာကတော့ အမှည့်တန် ချိန်မရ။ မရမ်းချိုပင်များဆိုလျှင် အမှည့်ဘဝပင်မရောက်လိုက်။ ကစားကွင်းရောက် ကလေးတစ်သိုက်၏ နေရပ်ဌာနေမှာ တူညီသော်လည်း ဘဝအခြေအနေက ကွဲသည်။

တစ်ရက်သား သူငယ်ချင်းတစ်ယောက် အိမ်လာခေါ်သည်။ အမေမရှိသော်လည်း ဖွားအေကြီးရှိနေသည့်အတွက် ဘယ်မှာ ဆော့မှာလဲဟုမေးသောအခါ ကွင်းထဲသွားမှာဟု ဆိုသည်။ နားလေးသောဖွားအေကြီး (အဖေ့ဖက်က) က ဝင်းထဲကစားကြ မှာကြားပြီး ကစားခွင့်ပြု၍ ပျော်ရွှင်ခုန်ပေါက်ကာ လိုက်သွားခဲ့သည်။

သူငယ်ချင်း၏ ပခုံးထက်မှလွယ်အိတ်က မထူးခြားလှသော်လည်း ကွင်းသိုင်းလာသည့်ပုဆိုးက ရေစိုကြီးဖြစ်နေသည်။ ပုဆိုး က ရေစက်လက်ကျနေ၍မေးရာ မနေ့ကရောက်ခဲ့သည့်ကျောင်းအစပ်နှင့် အကျဉ်းဦးစီးနယ်စပ်မှ မန်ကျီးပင်ကြီးများ၌ အ ရွက်နုတွေထွက်နေပြီဖြစ်၍ ခူးရန်လာခြင်းဟု ဆိုသည်။ သူ၏မိခင်ဖြစ်သူက ခူးခိုင်းလိုက်ခြင်းဖြစ်ပြီး တပါတည်း ဥသျှစ်ရွက် ပါခူးရဦးမည်ဟု ဆိုသည်။

စိတ်ထဲအတော်ထူးဆန်းသွားသည်။ ဆယ်နှစ်သားသာသာဖြစ်၍ ချဉ်ရည်ဟင်းစားဖူးသော်လည်း ပါဝင်သည့်ပစ္စည်း ကုန်စင် အောင်မသိသေး။ ဘာအတွက်လည်းဟုမေးရာ၊ ရပ်ကွက်ထဲ လှည့်ပတ်ရောင်းရန်ဟု သိလိုက်ရသည်။ ကိုယ်တိုင်လည်း သူ ငယ်ချင်နှင့်အတူ ခူးပေးခဲ့ပြီး၊ အပြန် အကျဉ်းဦးစီးဌာနက မွေးမြူထားသည့် ငါးကန်တွင် ရေဆင်းကူးခဲ့ကြသေးသည်။

မိဘကိုကူညီလုပ်ကိုင်ပေးရသည် သို့မဟုတ် နွမ်းပါး၍ ဝမ်းစာရှာဖွေရသည်ကို နားလည်နိုင်သည့်အရွယ်မဟုတ်သော်လည်း သနားမိသည်။ သို့သော် ခဏသာ။ ကလေးစိတ်နဲ့မို့ မကြာခင် မေ့မေ့ပျောက်ပျောက်။

ထိုနေ့က မှတ်မှတ်ရရ ညနေခင်းကြီး လေတွေတိုက်၊ လျှပ်စီးတွေလက်၊ မိုးသီးတွေကြွေ၊ ကလေးပီပီ နှစ်ယောက်သား ပျော် ပျော်ပါးပါးပြန်ခဲ့ကြသည်။ သူငယ်ချင်း၏ ပုဆိုးထုတ်ထဲ မန်ကျည်းရွက်နုများ အတော်ပါခဲ့သလို၊ မိမိလွယ်ထားသည့် လွယ် အိတ်မှာလည်း ဥသျှစ်ရွက်တွေ မနည်း။

အိမ်ပြန်ချိန်နောက်ကျသော်လည်း မိခင်ကြီးမရောက်သေးသဖြင့် ဖွားအေကြီးက ခေါင်းခေါက်ရုံသာဖြစ်သည်။ ရေချိုးအ ဝတ်လဲပြီး မိခင်နှင့် ဖခင်ပြန်မရောက်မီ အိမ်အပေါ်ထပ် လမ်းမဘက်ပြတင်းတံခါးရှေ့ သင်ဖြူးဖျာခင်းပြီး ခေါင်းအုံးတစ် လုံးချ၊ ဝမ်းလျားမှောက်၊ အိမ်ရှေ့လမ်းမပေါ် ငေးရသည်မှာ မိုးလေကြားက အရသာတစ်မျိုးဖြစ်သည်။

အကိုနှစ်ယောက်ကတော့ စာအုပ်ကိုယ်စီနှင့်၊ မိမိက စာဖတ်သင်စမို့ မောင်တီထွင်၊ ပြာကလောင် ပြာလချောင်ဆိုသည်က အိမ်မှာအသင့်ရှိမနေ။ စာအုပ်အငှားဆိုင်ယဉ်ကျေးမှု ထွန်းကားရာကာလမို့ ကျောင်းပိတ်ရက် မုန့်ဖိုးရမှ ဖတ်နိုင်သည်။

ထိုနေ့က အဖေနှင့် အမေဆိုင်ကအပြန် ခေါက်ဆွဲကြော်ဝယ်လာသည်။ မိသားစုဝိုင်းဖွဲ့စားသောက်အပြီးတွင် မိုးအေးအေးနှင့် အိပ်ယာဝင်ခဲ့ကြသည်က မှတ်မှတ်ရရရှိလှသည်။

နောက်တစ်နေ့မနက် အိပ်ယာနိုးချိန် အိမ်နောက်ဖေးရေကပြင်တွင် မျက်နှာသစ်၊ သွားတိုက်ပြီး အိမ်ရှေ့အထွက် “မန်ကျည်း ရွက်နုနုလေးတွေ၊ ဥသျှစ်ရွက်နုနုလေးတွေရမယ်” ဟူသော် သူငယ်ချင်၏အသံကိုကြားလိုက်ရသည်။ မရှေးမနှောင်ပင် အ မေ၏ “ကလေးရေး လာပါဦး” ဟု ခေါ်သံကြားရာ စိတ်ထဲကြိတ်ဝမ်းသာပြီး အိမ်ရှေ့ထွက်လာခဲ့သည်။

ဆင်ခြေဖုံးလမ်းကြားလေးက ခြောက်ပေပင်မပြည့်တတ်၊ အနီးရှိ ညောင်ပင်ကြီးက ဟီးထနေသည်။ စာရေးသူတို့ အိမ်၏ မြောက်ခြမ်းမှာ လူနေအိမ်အနည်းငယ်သာရှိပြီး ယင်းတို့နှင့်ကျောချင်းကပ်နေသည့် အိမ်ခြံဝင်းများသည် တစ်ဘက်လမ်းမ တန်း (ထောင်လမ်း) တွင်ဖြစ်သည်။

အဆိုပါလမ်းကြားလေး၊ စာရေးသူတို့အိမ်ရှေ့တွင် သနပ်ခါးတွေထူပိန်းအောင်လိမ်းထားပြီး ခေါင်းပေါ်တွင်ရွက်ထားသည့် ဗန်းထဲတွင် ရေစိုဝတ်နှင့်ထုတ်ထားသည့် မန်ကျည်းရွက်အချို့၊ လက်ထဲကိုင်ထားသည့် ခြင်းတောင်းထဲမှာ ဥသျှစ်ရွက်အချို့ ကို တွေ့ရသည်။

သူငယ်ချင်းက စာရေးသူကို စိတ်မဝင်စား၊ ဈေးဝယ်သူ ကျွန်တော်၏မိခင်ကို သွားလေးဖြဲပြပြီး “အန်တီဝယ်ပါဦး ကျွန်တော် ပိုပေးပါမယ်။ ဒါက မနေ့က ကျွန်တော်နဲ့ အန်တီ့သားအတူတူ ထောင်ကြီးနောက်က ဘုန်းကြီးကျောင်းဘေးတွေမှာ သွားခူး ထားတာ” ဟု ရုတ်တရက်ပြောချလိုက်သည်။ စာရေးသူ၏မိခင်မှာ မျက်နှာအနည်းငယ်ပျက်သွားသော်လည်း ရုပ်မပျက်၊ “အေးပါကလေးရယ် ငါးမူးဖိုးပေးပါ” ဟုဆိုသည်။ သူငယ်ချင်းက မိခင်လှမ်းပေးသည့်ဇလုံထဲ မန်ကျည်းရွက်နှင့် ဥသျှစ်ရွက် တကုတ်ကြီးထည့်ပေးလိုက်သည်။ စိတ်အထင် သုံးမတ်၊ တစ်ကျပ်ဖိုးခန့်ရှိမည်ထင်သည်။

“ဒီဘက်က မန်ကျည်းရွက်၊ ဥသျှစ်ရွက် နုနုလေးတွေရမယ်” ဟုဆိုကာ သူငယ်ချင်းက အော်ဟစ်ကာ ဆက်ထွက်သွားသည်။

ထိုအခါ မိခင်က အကြောင်းသုံးပါးမရွေးသည့် မျက်စောင်းဖြင့် လက်ဖဝါးက ကျောပြင်ပေါ် ဗျောတင်ရင်း နောက်နေ့ထောင် ကွင်းဘက်သွားကစားပါက ကစားခွင့်ပိတ်ခံရမည်ဟု ဆိုလေသည်။

နာကျင်ခံစား၊ မိန်းမောမိခဲ့သော နေ့ရက်များက ကုန်လွန်လွယ်လှသည်။ ဟိုတလောက အဆိုပါရပ်ကွက်လမ်းလေးထဲရောက် သည့်အခါ ကိုယ့်ထက်ကြီးသူအချို့ ရှိနေသေးသော်လည်း မိမိနှင့်ရွယ်တူတွေသာမက ငယ်ရွယ်သူတွေပါ ဘဝဟောင်းကို စွန့် သွားကြပြီ။ မအိုဆေးတန်ခိုးတွေဟု သက်ကြီးတချို့က ဆိုသည်။

မန်ကျည်းရွက်နုနုကလေးများက ဆောင်းဦး၊ နွေဦးဆို ထွက်ပေါ်လာမြဲဖြစ်သည်။ အဟောင်းတို့နေရာတွင် အသစ်အသစ်တို့ နေရာယူကြစမြဲ။ သို့သော် ရွက်ဟောင်းတွေ မချွေချနိုင်မီ၊ မကြွကျခင် ရွက်နုကလေးများက တဖြုတ်ဖြုတ်ကြွေကျနေကြ သည်မှာ ဝမ်းနည်းလွမ်းဆွတ်စရာပင်။

အသစ်အသစ်တို့ အရွယ်မတိုင်မီ မကြွေလွင့်၊ မဆုံးရှုံးသင့်သည်မှာ ဖြစ်သင့်ဖြစ်ထိုက်သည်သာဖြစ်သည်။ သို့သော်…

ဇေယျာဦး  

မကျည်းရွက်နုချိန် စစ်တမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်