တန်ဖိုးထား ရှင်သန်နေဦးမယ့် ပေးစာတွေ

သွေး (စစ်ကိုင်း)

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက တနယ်တကျေးရောက်နေကြတဲ့ မိသားစုဝင်၊ မိတ်ဆွေ၊ သူငယ်ချင်းတွေအချင်းချင်း ဆက်သွယ်ဖို့ စာတိုက်ကနေ စာလေးတွေ ပေးပို့ဆက်သွယ် ကြရတာဖြစ်လို့ အဲဒီပေးစာ/ပြန်စာလေးတွေက သူတို့တစ်ဦးချင်းစီအတွက်လည်း အရေးပါလို့နေပါတော့တယ်။ အခုခေတ်လို လူတိုင်းနီးပါး လက်ကိုင်ဖုန်း မသုံးနိုင်သေးတဲ့ကာလမို့ စာကလေးတွေရေး၊ စာအိတ်လေးထဲထည့်၊ စာပို့တံဆိပ်ခေါင်းကပ်ပြီး စာတိုက်ကနေဆက်သွယ်ရတဲ့ ခေတ်ကာလတစ်ခု အသေအချာရှိခဲ့ပါတယ်။ အဲဒီပေးစာ/ပြန်စာလေးတွေထဲ မှာ သူတို့ကိုယ်စီ ဖြတ်သန်းခဲ့ရတဲ့ခေတ်ရဲ့ အငွေ့အသက်တွေ ပါဝင်နေသလို တစ်ဦးနဲ့ တစ်ဦးကြားထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ဆိုတာလည်း ထင်ဟပ်လို့နေပါတော့တယ်။

ကျမရဲ့အဖေက ဇာတိစစ်ကိုင်းမြို့ကလေးကနေ ရန်ကုန်မှာ လအတန်ကြာခွဲခွာပြီး နေထိုင်ရတတ်ပါတယ်။ အဲသလို ခွဲခွာနေရတဲ့ကာလမှာ အဖေက အမေ့ဆီ စာတွေပုံမှန်ရေးလေ့ ရှိသလို၊ စာတိုက်ကနေလည်း ငွေလွှဲပေးပို့တာလည်း ရှိခဲ့ပါတယ်။ မှတ်မိပါသေးတယ်။ စာအိတ်ပေါ်မှာရေးတဲ့လိပ်စာထိပ်မှာ “သို့/ မခင်ရီ (အေးလွင်၏ ဇနီး)” လို့ ဖော်ပြထားတာပါ။ ဘာဖြစ်လို့ အဲသလိုဖော်ပြရတာလဲဆိုတော့ ကျမတို့ရပ်ကွက်မှာ “မခင်ရီ” အမည်ရှိတဲ့ အမျိုးသမီးက သုံးယောက်တောင်ရှိလို့တဲ့။ မကြာခဏဆိုသလို စာတွေမှားမှားရောက်သွား တတ်လို့ပါပဲ။ အဲဒီပေးစာတွေဟာ အခုဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၀ ကျော်ခဲ့ပါပြီ။

ကျမဇာတိမြို့လေးက အမေ့အိမ်ဆီပြန်ရောက်ချိန်မှာ ဆယ်စုနှစ် လေးခုကျော်တဲ့တိုင် မပျောက်မပျက်ရှိနေဆဲဖြစ်ပါတယ်။ အဖေက ၁၉၈၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပေမဲ့ အမေ က အဖေ့ရဲ့ပေးစာလေးတွေကို ဘီရိုလေးထဲမှာ သေသေချာချာသိမ်းဆည်းထားတာ တွေ့ရတဲ့အခါ အဖေ့ကို လွမ်းလွမ်းမောမော ခံစားလာရပါတော့တယ်။ စာတွေထဲမှာတော့ ရန် ကုန်မှာနေထိုင်ရတဲ့ အခြေအနေ၊ စစ်ကိုင်းက သားသမီးတွေကို လွမ်းတာတွေ၊ အမေ့ကို သတိရတာတွေ ပါဝင်နေပါတယ်။ တချို့စာလေးတွေထဲမှာ လက်ဖက်ရည်ဖိုး ဘယ်လောက်၊ ဆေးလိပ်ဖိုး ဘယ်လောက်ဆိုတာတွေလည်း ရေးထားတာမို့ ပေးစာ/ပြန်စာတွေဟာ အဲဒီခေတ်ကိုလည်း ထင်ဟပ်ပြနေပါတယ်။

နောက်ထပ် အမေ့ဘီရိုလေးထဲမှာ သိမ်းဆည်းထားတဲ့ စာတွေကတော့ ရန်ကုန်ကနေ ကျမရေးပို့လိုက်တဲ့ စာတွေပါ။ ဘဝရှင်သန်ရပ်တည်မှုအတွက် ရန်ကုန်ကို ပြောင်းရွှေ့နေထိုင် နေတဲ့ကျမက အမေ့ဆီကို စာတွေပုံမှန်ရေးဖြစ်ခဲ့ပါတယ်။ အဲဒီစာတွေထဲမှာ အမေစိတ်မကောင်းဖြစ်မှာစိုးလို့ ‘အားလုံးအဆင်ပြေပါတယ် အမေ’ လို့ ထည့်ရေးခဲ့တာကိုလည်း အမှတ်ရမိပါရဲ့။ ရန်ကုန်ရဲ့ နေစရိတ်၊ စားစရိတ်တွေ ကြီးမြင့်တဲ့အတွက် သမီးဖြစ်သူ အဆင်ပြေပါ့မလားလို့ အမေတွေးပူတာ သဘာဝကျပါတယ်။ အဆောင်တွေမှာနေထိုင်ရတာ အဆင်မပြေလို့ အဆောင်တွေ တစ်ခုပြီးတစ်ခု ထပ်ရှာခဲ့ရတာ၊ ရတဲ့ပိုက်ဆံလေးနဲ့ မနည်းချွေတာ သုံးရတာတွေကိုတော့ စာထဲမှာထည့်မရေးဖြစ်ခဲ့ပါဘူး။

အမေစိတ်ချမ်းသာအောင်လို့ အမေ့အတွက် ပိုက်ဆံပို့ပေးမယ်၊ အမေမှာတဲ့ ပစ္စည်းတွေ စစ်ကိုင်းပြန်လာရင် ဝယ်ခဲ့မယ်ဆိုပြီး ရေးခဲ့တာတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမရေးခဲ့တဲ့ စာတွေကို အမေကတန်ဖိုးထား သိမ်းဆည်းထားတာတွေ့ရလို့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီးနားလည်လာရပါတယ်။ အရင်တုန်းက အမေဟာ အဖေ့ဆီကစာတွေကို မျှော်နေခဲ့ပြီး၊ အဖေမရှိတော့တဲ့နောက် ဘယ်လိုခံနိုင်ရည်တွေနဲ့ ဖြတ်သန်းနေခဲ့ပါလိမ့်လို့ ကျမဆက်တွေးနေမိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျမရေးခဲ့တဲ့ စာတွေကို အမေကတန်ဖိုးထား သိမ်းဆည်းထားတာတွေ့ရလို့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီးနားလည်လာရပါတယ်။ အရင်တုန်းက အမေဟာ အဖေ့ဆီကစာတွေကို မျှော်နေခဲ့ပြီး၊ အဖေမရှိတော့တဲ့နောက် ဘယ်လိုခံနိုင်ရည်တွေနဲ့ ဖြတ်သန်းနေခဲ့ပါလိမ့်လို့ ကျမဆက်တွေးနေမိပါတယ်။

ကျမဆီမှာ သိမ်းဆည်းထားတဲ့ ပေးစာတွေထဲမှာ အမေ့ဆီကပေးစာတွေလည်း အများအပြားပါ။ စာတွေထဲမှာ ထပ်ခါတလဲလဲပါတာကတော့ ကျမကိုစိတ်မချဘူးဆိုတာရယ်၊ စစ် ကိုင်းမှာကျန်ခဲ့တဲ့ မောင်နှမတွေနဲ့ ပတ်သက်ပြီး အမေဘယ်လောက်ထိ ပင်ပင်ပန်းပန်းဖြတ်သန်းနေရတယ် ဆိုတာရယ်၊ အမေ့ဆီကို ပိုက်ဆံပုံမှန်ပို့ပေးလို့ ကျေးဇူးတင်တယ် ဆို တာတွေရယ်ပါပဲ။ သားတွေ ဘယ်လောက်ဆိုးဆိုး ဆင်းရဲဒုက္ခခံပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိခင်ကောင်းပီသတဲ့ အမေပါ။ စာတွေရဲ့ အဆုံးသတ်မှာ “ကျန်းမာပါစေ/၏” ဆိုတဲ့ စာကြောင်းလေးလည်း အမြဲပါတာ သတိပြုမိပါတယ်။ အခုတော့ အမေ့ဆီကစာတွေ ကျမဆီရောက်မလာတော့သလို၊ ကျမကလည်း အမေ့ဆီကို စာတွေမပို့ဖြစ်တော့တဲ့အပြင် ဖုန်းဆက်လည်း မဆက်ဖြစ်တော့တာ ၂၀၂၁ ခုနှစ် အမေကွယ်လွန်သွားပြီးကတည်းကပါ။

ပေးစာတွေရဲ့ တန်ဖိုးနဲ့ပတ်သက်လာရင် ချန်လှပ်ထားလို့မရတာက ကျမဆရာရဲ့ မိဘနှစ်ပါးက ကျမဆီရေးပို့ပေးတဲ့ စာတွေဖြစ်ပါတယ်။ ကျမ တတိယနှစ်ကျောင်းသူဘဝမှာ အင်္ဂလိပ်စာသင်ကြားပေးခဲ့တဲ့ ဆရာဦးသန်းထွဋ်ဟာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့ရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၂၉ နှစ်ပဲရှိသေးတာမို့ မိဘဆွေမျိုးတွေ အတွက် နှမျောစရာကောင်းသလို လူချစ်လူခင်များသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆရာ့ရဲ့မိဘတွေက နယ်မြို့တစ်မြို့မှာ နေထိုင်ကြတာမို့ ကျမနဲ့ စာတွေအပြန်အလှန်ရေး ဖြစ်ခဲ့ပါတယ်။ သူတို့သားကို တပည့်တစ်ယောက်အနေနဲ့ ဂါရဝထားလေးစားတဲ့အတွက် သားအတွက်ကြည်နူးရတယ်လို့ ဆရာ့မိဘက စာထဲမှာဖော်ပြထားပါတယ်။

ဆရာက အကြီးဆုံးသားတစ်ယောက်ဖြစ်သလို တပည့်တွေအတွက် သင်ကြားရေးမှာ ဘဝကိုမြှုပ်နှံထားတဲ့ သားဖြစ်သူအတွက် ဂုဏ်ယူရတယ်ဆိုတာလည်း စာထဲကနေ သိခွင့်ရခဲ့ ပါတယ်။ ထင်မှတ်မထားပဲ သားကိုဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ ရင်နင့်ရတဲ့ ခံစားချက်နဲ့ ဖခင်တစ်ယောက်ရဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေဟာ ပေးစာတွေထဲမှာ အပြည့် အသိပ် ထင်ဟပ်နေပါတော့တယ်။ ကျမကို သမီးတစ်ယောက်လိုချစ်ခင်တဲ့ ဆရာ့မိဘနှစ်ပါးရဲ့ ပေးစာတွေဟာ ကျမရဲ့ဘဝစာမျက်တစ်ခုမှာ ပဲ့တင်သဖွယ် ပြောပြနေတာမို့ တန်ဖိုး ထား သိမ်းဆည်းသွားမှာပါ။

အစ်ကိုတစ်ယောက်လို လေးစားချစ်ခင်ရတဲ့ ကဗျာဆရာ၊ တေးရေးဆရာတစ်ယောက်ရဲ့ ပေးစာတွေကိုလည်း သိမ်းဆည်းထားပါတယ်။ ကျမ မန္တလေးတက္ကသိုလ်တက်ရောက် နေတုန်းက လူချင်းလာတွေ့ပြီး ကဗျာစာအုပ်တွေထုတ်ဖို့ ဆွေးနွေးဖူးပါတယ်။ အဲဒီနောက် မန္တလေးတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်က ကဗျာဝါသနာပါတဲ့ ကျောင်းသား၊ ကျောင်း သူတွေစုပေါင်းပြီး ကဗျာစာအုပ်လေးတွေ အမှတ်တရထုတ်ဝေခဲ့ကြတာပါ။ ကျမလိုပဲ ရူပဗေဒအထူးပြုတစ်ဦးဖြစ်ပေမဲ့ သူက ကျမထက်အရင် မဂ္ဂဇင်းတွေမှာ ကဗျာနဲ့ ဝတ္ထုတို တွေ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ တေးရေးဆရာ “ဧထက်”ဆိုပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာချိန် လွန်ခဲ့တဲ့ ၆ နှစ်က ဆုံးပါးကွယ်လွန်သွားခဲ့တာ ကျမအတွက် တကယ့်ကို စိတ်မကောင်းပါ။ ပိုပြီး စိတ်မကောင်းစရာက ဟိုအရင်ပေးစာတွေနဲ့ ဆက်သွယ်ခဲ့ရစဉ်က အဆက်အသွယ်မပြတ်ခဲ့ပေမဲ့ ဖုန်းတွေတွင်ကျယ်လာတဲ့အချိန်မှာ နောက်ကျ ပြီးမှ သိလိုက်ရလို့ ဝမ်းနည်းရပါတယ်။ သူဖန်တီးခဲ့တဲ့ ကဗျာတွေ၊ သီချင်းတွေကတော့ ဆက်လက်ရှင်သန်နေဦးမှာပါ။

သူငယ်ချင်းဆိုပေမဲ့ ညီအစ်မအရင်းအချာလို ချစ်ခင်ရသူတစ်ဦးရဲ့ ပေးစာတွေလည်း မပျောက်မပျက် သိမ်းဆည်းထားပါတယ်။ ၂၀၀၃ ခုနှစ်၊ ဇွန်လက ကျမ အလုပ်လုပ်နေတဲ့ မဂ္ဂဇင်းတိုက်ရုံးခန်းကို သူရောက်လာတဲ့အခါ ကျမကိုမတွေ့လို့ ရေးထားခဲ့တဲ့ စာတိုလေးအပါအဝင် အမှတ်တရ သူပေးခဲ့တဲ့ မှတ်စုစာအုပ်လေးရောပေါ့။ ကျမ ရန်ကုန်ကို ပထမ ဆုံးရောက်လာစအချိန် နေထိုင်ဖို့ အဆောင်ရှာမရသေးတဲ့ကာလမှာ “မခိုင်” လို့ခေါ်တဲ့ သူငယ်ချင်းညီအစ်မရဲ့အိမ်မှာ ၁၀ ရက်လောက် နေထိုင်ခဲ့ရတာကို မေ့မရနိုင်ပါ။ မခိုင်ဟာ ကျမအပေါ် သူငယ်ချင်းကောင်းလိုရော ညီအစ်မအရင်းလိုပါ နွေးထွေးချစ်ခင်မှုပေးသူ၊ ကူညီစောင့်ရှောက်သူဖြစ်ပါတယ်။ နောက်ပိုင်း သူဝါသနာပါတဲ့ သတင်း‌ထောက်အလုပ်ကို လုပ်ကိုင်ရင်း ကယားပြည်နယ်မှာ နှစ်အတန်ကြာ နေထိုင်လုပ်ကိုင်ခဲ့တာတောင်မှ သူရန်ကုန်ကိုရောက်တိုင်း ကျမတို့အမြဲလိုလို တွေ့ဆုံနေကျပေါ့။ ကင်ဆာဝေဒနာနဲ့ ၂၀၂၁ ခုနှစ်မှာ “မခိုင်” ကွယ်လွန်ခဲ့ပေမဲ့….ကျမဆီမှာ အမှတ်တရတွေ သိမ်းဆည်းထားဆဲပဲ ဖြစ်ပါတယ်။

ပေးစာတစ်စောင်စီ၊ တစ်စောင်စီတိုင်းမှာ နောက်ခံအကြောင်းအရာတွေ ရှိနေကြသလို အဲဒီနောက်ခံက သူတို့ဖြတ်သန်းရာ ခေတ်ကာလကိုလည်း ထင်ဟပ်စေတယ်လို့ ကျမနား လည်ခံစားလာရပါတယ်။ တစ်ယောက်ဆီက ပို့လာမယ့်စာကို လွမ်းတတမျှော်နေရတဲ့ နေ့ရက်တွေထဲမှာ ‘အားမလို အားမရ ခံစားမှု’ တွေ၊ ဒါမှမဟုတ် ‘မချိတင်ကဲ နောင်တရ ခံစားမှု’ တွေ၊ ဒါမှမဟုတ် သမီးရည်းစားတွေဆိုရင်လည်း ‘ရင်ခုန်၊ ရင်တုန် စိတ်လှုပ်ရှား ခံစားမှု’ တွေ၊ ဒီခံစားမှုတွေက သက်ဆိုင်ရာတစ်ဦးချင်းစီရဲ့ ရင်နှလုံးခုန်သံကို တိုးမြင့်ကျယ် လောင်စေပေမဲ့ တိတ်တိတ်ကလေးစောင့်လင့်နေရတဲ့ အဖြစ်တွေလည်း ရှိနေကြမှာပါပဲ။

ပေးစာတွေကနေ သူငယ်ချင်းတစ်ယောက်ရဲ့ လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ ချစ်သူနှစ်ဦးရဲ့ ယုံကြည်အားထား မျှော်လင့်ခံစားရမှုတွေ၊ ခင်ပွန်းတစ်ယောက်ရဲ့ မိသားစုအပေါ် ချစ်ခြင်းမေတ္တာတွေ၊ မိဘတို့ရဲ့ သားသမီးအပေါ် ထားရှိတဲ့ မျှော်လင့်အိပ်မက်တွေ၊ စတဲ့ချစ်ခြင်းမေတ္တာဖွဲ့ နောက်ခံတွေကတော့ ဘယ်တော့မှ ပျောက်ပျက်မသွားဘဲ ရှင်သန်လတ် ဆတ်နေဆဲဖြစ်မှာပါလို့ ကျမယုံကြည်နေမိပါတယ်။

သွေး (စစ်ကိုင်း)

ဓာတ်ပုံ- ရွှေသန်းဌေး

တန်ဖိုးထား ရှင်သန်နေဦးမယ့် ပေးစာတွေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်