ဆန် ခရေဇီ

တာရာဇင်

ရေအသက် တစ်မနက်၊ ထမင်းအသက် ၇ ရက်လို့ ငယ်ငယ်က လူကြီးတွေပြောခဲ့ဖူးတာ မှတ်မိနေပါသေးတယ်။ ထမင်းစားပြီးလို့ ပန်းကန်ထဲ နဲနဲကျန်နေရင် ကုန်အောင်စားလေ။ ဆန်ဆိုတာ အလကားမရဘူး။ ပင်ပင်ပန်းပန်းစိုက်ပျိုးပြီးမှ၊ လူအင်အားရော နွားကလေးတွေအင်အားရော အပင်ပန်းခံပြီးမှ ဆန်ရတာ။ ထမင်းဖြစ်တာ တန်ဘိုးရှိတယ်တို့ ။ ထမင်း စားရင် ထမင်းစေ့တွေ မကျစေနဲ့နော် ညကျ ထမင်းလုံးတစေခြောက်ခံနေရမယ်တို့။ ထမင်းစားရင် ပါးစပ်က အသံမည်အောင်မစားနဲ့နော်၊ ရှက်စရာကြီး အသံမည်တာက ဟိုသတ္တ ဝါလေးတွေ ဟိုဟာစားရင်မှ အဲ့အသံထွက်တာတို့။ ငယ်ငယ်က ထမင်းစားတိုင်း သတိပေးတတ်တဲ့ ကြားနေရတဲ့ ထမင်းစားချိန်ခါ တေးသံသာလေးတွေပါ။ ခုတော့ အဲ့ဒီတေးသံသာ တွေနဲ့ ဝေးကွာခဲ့ရတာ ဆယ်စုနှစ်ပေါင်းများစွာကို ကြာခဲ့ပါပြီ။ မမေ့နိုင်တဲ့ အမှတ်တရတွေပါပဲ။

ကျမတို့ငယ်ငယ်ကဆို ကျမတို့အဖိုးက လယ်ဧက ၂၀ ပိုင်ပါတယ်။ အရင်ကတော့ မေမေတို့ငယ်ငယ်ကတော့ လယ်ဧကပေါင်း တစ်ရာကျော် ပိုင်ဆိုင်ခဲ့တာပါ။ နောက် အိမ်စောင့် အစိုးရဆိုပြီး တက်လာတော့ လယ်လုပ်သူသာ လယ်ပိုင်ရမယ်။ အိမ်ထောင်တစ်စု လယ်ဧက ၂၀ သာပိုင်ဆိုင်ရမယ်ဆိုတဲ့ လယ်သမားတွေအတွက် ဥပဒေတွေကြောင့် အဖိုးတို့ ဘိုး ဘွားစဥ်ဆက် ပိုင်ဆိုင်ခဲ့တဲ့လယ်တွေ မြင်သာမြင်ရ၊ မကြင်ရ ဖြစ်ကုန်ပါရော။ ဆိုရှယ်လစ်လမ်းစဥ်ကို အကောင်အထည်ဖော်တာလို့တော့ ကြားခဲ့ဘူးသလိုပဲ။ ၆၂ ခုနှစ်ထဲက စလိုက် တဲ့လမ်းစဥ်ရဲ့ ရိုက်ခတ်မှုဟာ အချမ်းသာဆုံးဆိုတဲ့ သူဌေးကြီးတွေကနေ လယ်ကူလီဘဝတွေထိ အလူးအလဲပါပဲ။

ကျမတို့ငယ်ငယ်က တောရွာမှာနေရတယ်။ ရွာကြီးမဟုတ်တဲ့ ရွာငယ်လေးပါ။ ကျမသုံးလအရွယ်မှာ ကျမအမေဆုံးသွားတော့ အဖေက အကိုနဲ့နယ်မြိုတစ်မြို့ မှာနေပြီး။ ကျမက တောမှာအဖိုးရယ်၊ ကြီးတော်ရယ်နဲ့ နေရပါတယ်။ ကျောင်းနေတဲ့အရွယ်ရောက်တော့ ကျမက အဖွားနဲ့တနေရာ။ ကျမအကိုက အဖေနဲ့တနေရာ ကျောင်းပိတ်မှ မောင်နှမနှစ်ယောက် ရွာမှာပြန်ဆုံကြရတယ်။

အဖိုးက စပါးစိုက်တာကို လူငှားနဲ့လုပ်ပါတယ်။ ကိုယ့်ဘာသာ လယ်စိုက်စားကြတာဆိုတော့ ကိုယ့်မိသားစုစားဖို့အတွက်တော့ စပါးကောင်းစိုက်ပြီး ဆန်ကောင်းစားကြပါတယ်။ အဲ့ တုန်းကမှတ်မိတာတော့ ငစိန်စပါးဆိုတာ အစိုက်များကြတယ်။ အဖိုးက လယ်ဧက ၂၀ မှာ ပြန်ရောင်းဖို့ကို ငစိန်စပါး ၁၅ ဧကလောက်စိုက်ပြီး ကျန်တာ စပါးကောင်းစိုက်ပါတယ်။ အဲ့တုန်းကတော့ မီးဒုံးတို့၊ ငကျွဲတို့၊ တောင်ပြန်တို့ ခေါ်ကြတာပါပဲ။ ဆန်လုံးညိုလေးတွေလည်း စားခဲ့ရတယ်။ ငယ်ငယ်ကတော့ ဆန်နုရယ်၊ ဆန်ကြမ်းရယ်တော့ မခွဲခြားတတ်ပါဘူး။ အိမ်ကချက်ကြွေးတာ စားခဲ့ရတာပါပဲ။

ကျမတို့က ရွာငယ်လေးမှာ နေတာဆိုတော့ ရွာမှာ စပါးကြိတ်စက်မရှိပါဘူး။ ဘေးရွာမှာ သွားကြိတ်ရပါတယ်။ အဖိုး စပါးကြိတ်သွားရင် မောင်နှမနှစ်ယောက် သိပ်လိုက်ချင်ကြတာ။ လှည်းစီးချင်ကြတာ အဓိကပါ။ အဖိုးက နေထွက်ရင် နွားတွေနေပူမိမှာစိုးလို့ မနက် ၄ နာရီလောက် သွားတတ်ပါတယ်။ လှည်းပေါ်စပါးတွေတင်ပြီးရင် ဖျာလေးခင်းပြီး မောင်နှမနှစ် ယောက် အိပ်ချင်မူးတူးနဲ့လိုက်ကြတာ။ မိုးမလင်းသေးတော့ ကောင်းကင်ပေါ်မှာ လလေးကလည်းသာ၊ ကြယ်လေးတွေလဲစုံနဲ့ ကြည့်လို့ကောင်းတဲ့ မြင်ကွင်းလေးတွေကလည်း ခုထိ မမေ့သေးဘူးပေါ့။ ငယ်ငယ်ကဆို ဆန်ကို စပါးလုံးရွေးရတာက အလုပ်တစ်ခု။ စပါးလုံးရွေးပေးရင် မုန့်ဘိုးရတယ်။ အဲ့တော့ စပါးလုံးရွေးရတဲ့အလုပ်ကို သိပ်ကြိုက်တာပေါ့နော်။ အခုတော့ ဆန်တွေဝယ်ရင် စပါးလုံး လုံးဝကိုမပါတော့တာ။ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာပဲထင်ပါတယ်။ အခုတော့ အဖိုးလည်း မရှိ။

လယ်တွေလည်း အတန်းပညာနဲ့ ဖလှယ်လိုက်ရတော့ ကုန်။ ဆန်ကောင်းဆန်နုလည်း မစားရ။ ဘဝတွေများ။ ရန်ကုန်မှာ တက္ကသိုလ်လာတက်တော့ ထမင်းချိုင့်မှာစားရတယ်။ စား စားချင်း မြိုမကျဘူး။ သူများတွေလည်းအားနာ အခြေကြီးလိုက်တာတော်လို့လဲ ပြောခံရမှာစိုး။ မှိတ်ကြိတ်မြိုချရတာပါ”

လယ်တွေလည်း အတန်းပညာနဲ့ ဖလှယ်လိုက်ရတော့ ကုန်။ ဆန်ကောင်းဆန်နုလည်း မစားရ။ ဘဝတွေများ။ ရန်ကုန်မှာ တက္ကသိုလ်လာတက်တော့ ထမင်းချိုင့်မှာစားရတယ်။ စား စားချင်း မြိုမကျဘူး။ သူများတွေလည်းအားနာ အခြေကြီးလိုက်တာတော်လို့လဲ ပြောခံရမှာစိုး။ မှိတ်ကြိတ်မြိုချရတာပါ။ အဲ့ဒီတော့ သောကြာညနေဆို အိမ်ပြန်၊ တနင်္လာမနက်မှ ပြန်လာရတယ်။ ဒုတိယနှစ်လောက်ရောက်မှ အဆင်ပြေသွားတယ်။

ရန်ကုန်မှာ ကျမစတည်းချတဲ့အိမ်က အဖွားက ဆန်ဖွတ်တဲ့စက်ကလေးနဲ့ ဆန်ကိုဖြူအောင် ပြန်ဖွတ်တဲ့ လုပ်ငန်းသေးလေး ထောင်ထားပါတယ်။ သူတို့ ရန်ကုန်မှာ သမဆိုင်ကပေးတဲ့ ဆန်က ဝါတာတာ၊ မဲတဲတဲနဲ့ အနံ့ကပါသေး။ အဲ့ဒီ ဆန်ကို ဖြူအောင်ပြန်ဖွတ်ပြီး စားကြရတယ်။ ဆန်ကို တစ်နေရာ၊ တစ်နယ်ကနေ တစ်နယ်ကို မသယ်ရဘူးဆိုတာလည်း ဖြစ်လိုက် သေးတယ်။ အံ့ဩစရာကောင်းတဲ့ ဥပဒေတွေပေါ့။ အဖိုးမှိုင်းရဲ့ စာချိုးလေးတောင် သတိရမိသေး။ ဥပဒေတွေ နောက်တစ်မျိုး မတိုးလိုက်ပါနဲ့ ဆိုတာလေ။

အရင်ကဆို ဆန် ၂၄ ပြည်ပါတဲ့ အိတ်ဝယ်ရတယ်။ ချန်ပီယံတို့၊ သန့်တို့ကိုမှာရတယ်။ ၂၄ ပြည်ဝယ်ရင် အိမ်အရောက်ပို့တဲ့အပြင် ကောက်ညင်းဆန်တစ်ပြည် လက်ဆောင်ရသေးတာ။ ခုရော ပါသေးလားမသိတော့ပါဘူး။ ကိုယ်လည်း ဆန်မမှာဖြစ်တာ ၃ နှစ်လောက်ရှိပြီလေ။ အရင်က မိသားစုများများနဲ့နေတော့ ဆန်လည်းများများဝယ်ရတယ်။ ခုတော့ မိသားစု တွေလည်း တကွဲတပြားစီ၊ တစ်နေရာစီရောက်နေကြတော့ ဆန်လည်း အရင်လိုအများကြီးမဝယ်ရတော့ဘူး။ ဆန်စျေးကလဲ အရင်စျေးနဲ့ တခြားစီ။ ကြားဘူးခဲ့တဲ့ ဆန်တပြည် ၂ ကျပ်ခွဲ `…´ခေါင်းကိုခွဲ၊ ဆိုတာလဲ နှစ် ၃၀ ကျော်ကြာခဲ့ပြီပဲလေ။ ဆန်တစ်ပြည် ၂ ကျပ်ခွဲအခြေအနေမှာ လူတွေရဲ့ ခံနိုင်အား လျော့ကျခဲ့တာ၊ အခု ဆန်တစ်ပြည် ၅၀၀၀၊ ၆၀၀၀ ကျပ် ဆိုတော့… ဘယ်လိုတွေတောင် တောင့်ခံနေကြရမလဲ။

ပြောင်းလဲတာကို ကြိုက်ပေမဲ့၊ ပြောင်းလဲတိုင်း ကြိုက်စရာမကောင်းတာ ကုန်စျေးနှုန်းပဲ။ အခု ဒီတစ်လအတွင်းမှာကို ကိုယ်စားနေကျဆန်က တစ်ပြည်ကို ၅၅၀၀ ကနေ ၆၀၀၀၊ ၆၅၀၀၊ ဒီနေ့ ၇၃၀၀ တဲ့။ ဆန်ကောင်းလေးစားရရင် ဟင်းမပါလဲ ရပါတယ်။ ငပိရည်နဲ့လည်း စားနိုင်ပါတယ်။ ဆန်ကောင်းလေးတော့ စားမယ်နော်လို့ အိမ်ဦးနတ်ကို အဆိုတင် သွင်းရမှာတောင် အားနာ၊ အားမရှိတော့ပါဘူး။ အရင်အခြေအနေနဲ့ ခုအခြေအနေအရတော့ ကြိုက်ချင်ဦးဟဲ့ ဆန်နု၊ စားချင်ဦးဟဲ့ ဆန်ကောင်းဆိုပြီး ကိုယ့်ခေါင်းကိုယ် ရိုက်ခွဲရ တော့မယ်ဖြစ်နေပြီ။

တက္ကသိုလ်ကျောင်းတက်တုန်းက RC 1 က ကျောင်းနံရံတစ်ခုမှာ ဘယ်ကျောင်းသား ရေးထားမှန်းမသိပေမဲ့ ဘယ်တော့မှမမေ့တဲ့ စာတန်းလေးကို လွမ်းမိပါ သေးတယ်။ ဘဝ၊ ဘဝ ဘဝပေမို့သာပဲ ဘပိန်သာဆို ဒုက္ခတဲ့။

#တာရာဇင်

#ယနေ့ခေတ်

ဆန် ခရေဇီ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်