စာအုပ်ဆိုင် ယဉ်ကျေးမှု

#ဇေယျာဦး

စာအုပ်တွေနှင့် ဝေးလာလေလေ ငယ်ဘဝကို ပိုသတိရလာလေလေ ဖြစ်သည်။

ငယ်ဘဝအလွမ်းနှင့်တွဲပြီး ပြန်ငေးမိလေတိုင်း ရပ်ကွက်အနီးက စာအုပ်ဆိုင်ငယ်လေးများနှင့် မြို့လယ်‌ခေါင်က ဒိတ်ဒိတ်ကြဲ စာအုပ်အငှားဆိုင်ကြီးများသာမက အခမဲ့စာကြည့်တိုက် များနှင့် ကျောင်းစာကြည်တိုက်များပါမကျန် သတိရသည်။

စာဖတ်ရင်း တွေးရသည့်အရသာကို နှစ်သက်ရုံမက စိတ်ကူးနှင့် ကဗျာတွေ၊ စာတွေဖွဲ့ရ၊ ရေးရသည်ကိုလည်း သဘောကျသည်။ သို့သော် ကဗျာတွေ၊ စာတွေ မရေးရ၊ မဖွဲ့ရရုံမျှမက စာဖတ်ချိန်ပင် မရတော့သည်မှာ ကာလအတန်ကြာပြီဖြစ်သည်။

စာအုပ်၊ စာပေနှင့် စာဖတ်ချိန်ဆိုသည်မှာ စားဝတ်နေရေးနှင့် နှိုင်းယှဉ်ပါက အသေးဖွဲဖြစ်သွားရုံမက နောက်ခပ်လှမ်းလှမ်း ရောက်သွားသည်မှာကလည်း သုံးနှစ်သုံးမိုးကျော်လာပြီ ဖြစ်သည်။

ယခင် အသက်မွေးခဲ့သည့်လုပ်ငန်းက လူတွေကြားတိုးဝင်၊ အင်တာဗျူး‌တွေလုပ်၊ ကိုယ်တိုင်လည်းစာဖတ်ပြီး စာပြန်ရေးခဲ့ရသည့် သတင်းသမားဘဝဖြစ်သည်။ နိုင်ငံ့အရေး တစ် ဖက်တစ်လမ်းက တာဝန်ကျေသည့်အလုပ်မို့ ဂုဏ်ယူဝံ့ကြွားစွာလုပ်ကိုင်ခဲ့ရသည့် လုပ်ငန်းလေးကလည်း ယခု အသက်ရှုရပ်သွားသည်။

လက်ရှိဘဝအခြေအနေက ဈေးသည်မို့ စာရေး၊ စာဖတ်ဖို့အခြေနေသည် မိုးနှင့် မြေလိုကွာခြားလွန်းလှသည်။ သို့သော် လွမ်းသည်ကို လွမ်းနေသည်ဟု ပြောခွင့်တော့ ရှိမည်ဟုထင် ပါသည်။

ငယ်စဉ်ကနေသည့်ရပ်ကွက်က မြို့ကလေး၏မြောက်ဘက် သုသာန်သွားရာ လမ်းပေါ်ရှိသည့် ဆင်ခြေဖုံးရပ်ကွက်လေးဖြစ်သည်။ မြို့လေး၏ သုသာန်သို့သွားရာလမ်းက သုံးနေ ရာရှိသည်။ ရန်ကုန်-မန္တလေး ကားလမ်းမအဟောင်း ဖြတ်သွားသည့် (၉) ရပ်ကွက် (ကြက်သျှာစွန်း)ဘက်က တစ်လမ်းရှိသကဲ့သို့ ဘုရားလမ်းမှလည်း လာနိုင်သည်။ မိမိတို့နေထိုင်ရာ ရပ်ကွက်ကလေး၏ နံပါတ် (၁) လမ်းမှ မြောက်ဘက်ကိုသွားလျှင်လည်း မြို၏သုသာန်ကို ဒုတ်ဒုတ်ထိရောက်သည်။ အများသုံးစွဲသည်က နံပါတ် (၁) လမ်းနှင့် ဘုရားလမ်းဘက်ခြမ်း ဖြစ်သည်။ ဟိုးယခင်က ဆင်ခြေဖုံးရပ်ကွက်တို့၏ သဘာဝအတိုင်း လမ်းမီးတိုင် မှိတ်တုပ် ခနော်နီခနော်နဲ့လမ်းနှင့် လူအသွားအလာ ညခင်းဘက်ပြတ်သည်။ သည်‌တော့ မိမိတို့ရပ် ကွက်လေးက လူတန်းစားစရိုက်အစုံ မီခိုနေထိုင်ကြသည်။

ရပ်ကွက်လေး၏ အနီးတစ်ဝိုက် အကျဉ်းဦးစီးဌာန ဝန်ထမ်းလိုင်းခန်းများနှင့် အကျဉ်းထောင်ကြီးရှိသည့်အပြင် ရပ်ကွက်က လူတန်းစားစုံလှပြီး အများအားဖြင့် နွမ်းပါးသူများသည်။ သည့်အတွက် ရပ်ကွက်ကလေးက နာမကျန်းသည့် နှင်းဆီအိုပင်လိုပင်။ ရေလောင်းပေါင်းသင်ပေးသည့် မိသားစုနည်းသည်။ ထုံးစံတိုင်း ရပ်ကွက်ထဲ ဓမ္မာရုံနှင့် ဘုံဆွမ်းလောင်းသည့် နေရာနှစ်ခုသာရှိသည်။ စာကြည့်တိုက် ဝေးစွ။ စာအုပ်အငှားဆိုင်ပင်လျှင် မရှိ။

မိဘများက စာဖတ်ချိန် သိပ်မရ၍ စာဖတ်အားနည်းကြသော်လည်း မိမိတို့ ညီအကိုသုံးယောက်စလုံး စာဖတ်ကြသည်။ ထို့ကြောင့် စာအုပ်အငှားဆိုင်များသည် ရက်ရှည်ကျောင်း ပိတ်ရက်များသာမက စနေနှင့် တနင်္ဂနွေရက်များမှာပင် မိမိတို့ ညီအကိုသုံးဦး ဆုံနေကြနေရာဖြစ်သည်။

စာအုပ်ဆိုင်သွားမည်ဆိုပါက မိမိတို့လမ်းကြားလေးမှ အရှေ့ဘက်ထွက်ပြီး သုသာန်သို့သွားသည့် လမ်းမကြီးဘက်က မြို့ထဲဝင်သည့် လမ်းအတိုင်းသွားလျှင် ရောက်သည်။ လမ်း လျှောက်သွားသည့်အခါ ဆယ်မိနစ်ကျော်ခန့်ကြာနိုင်ပြီး တစ်ခါတစ်လေ အိမ်က မောင်ဗမာစက်ဘီးအားလျှင် ညီအကိုသုံးဦး စီးသွားပါက မိနစ်ပိုင်းနှင့်ရောက်သည်။ ဆိုင်အမည်က ‘လင်းမွန် စာပေ’။

ဆိုင်ရှင်အပျိုကြီးက စိတ်သဘောထားကောင်းသဖြင့် စာအုပ်လာငှားသည့် ကလေးငယ်များ စာအုပ်ရွေးသလိုနှင့် ခိုးဖတ်လျှင်လည်း တားမြစ်ခြင်းမရှိ။ မိမိတို့ ညီကိုသုံးယောက် စာဖတ်လိုက် ရွေးလိုက်လုပ်၍ ဝလျှင် တစ်ယောက်တစ်အုပ်ခန့် ငှားခွင့်ရသည်။ အိမ်ကသတ်မှတ်ပေးသည့် ဘက်ဂျက်ဖြစ်သည်။

တစ်ခါတစ်ရံ စာအုပ်ငှားပြီးပြန်လာပါက ယူလာသည့် စက်ဘီးကိုမေ့ပြီး စာအုပ်ဖတ်ရင်း ပြန်လာမိသည်က အခါခါပင်။ အိမ်ရောက်၍ စာအုပ်ကို စာကြည့်စားပွဲနှင့်ဘာနှင့် အကျ အနဖတ်၍မပြီးခင် စက်ဘီးအသုံးလို၍ မိသားစုဝင်တစ်ဦးဦးကမေးသော် စာအုပ်ချပြီး စာအုပ်ဆိုင်ပြေးရသည်ကလည်း အကြိမ်ရေမနည်း။ သို့သော် အမှတ်မရှိ။

စာဖတ်စက ဘိုဘို၊ မောင်တီထွင်၊ စိတ်တို၊ မျောက်ညို၊ ရွှေဂေါင်းပြောင်၊ လေးမွန်၊ ထွေးမွန်၊ မြိုင်ရာဇာတွတ်ပီ ဖြစ်သော်လည်း စာဖတ်အားကောင်းလာသည့်အခါ သိုင်းဝတ္ထုဇာတ် လမ်းတွဲများ၊ မင်းသိင်္ခ ဝတ္ထုဇာတ်လမ်းများဖြစ်လာသည်။ သည့်ထက် တိုးတက်လာသည့်အပြင် လူပျိုပေါက်ဖြစ်လာသည့်အခါ ငြိမ်းကျော်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မောင်သာရ တို့၏ ဘဝသရုပ်ဖော်နှင့်တွဲသည့် အချစ်ဝတ္ထုများဖြစ်လာသည်။

တဖြည်းဖြည်းနှင့် မိုးမိုး(အင်းလျား )၊ လူထု ဒေါ်အမာ၊ နုနုရည် (အင်းဝ)၊ သိန်းဖေမြင့်၊ မြသန်းတင့်တို့၏ စာအုပ်များဖတ်တတ်လာသည့်အခါ ကာတွန်းစာအုပ်နှင့် သိုင်းဝထ္ထုများ အလိုလိုဇာတ်လမ်းပြတ်သွားသည်။

အချစ်ကဗျာများ ဖတ်တတ်လာသည့်အခါ ကဗျာတွေ၊ စာတွေ ရေးချွတ်စပြုလာသည်။ ထို့ကြောင့် အရွယ်ရောက်လာသည့်အခါ စာဖတ်စလူငယ်များကို စာရွေးချယ်ဖတ်ဖို့ထက် စာဖတ်ဖို့သာ လမ်းညွှန်သည်။ အသက်ရွယ်၊ ဖြတ်သန်းမှုနှင့် စာဖတ်သက်က အလိုလိုရွေးချယ်တတ်သွားမည်ဟုသာ ယုံကြည်သည်။

အလယ်တန်းကျောင်းသားဘဝ ဖြတ်သန်းရသည့် အထက်တန်းကျောင်းက မြို့၏ဒိတ်ဒိတ်ကြဲ အမျိုးသားကျောင်း၊ ကျောင်းစာကြည့်တိုက်ကြီးက ဟီးထနေသည်။ သို့သော် စာ ဖတ်ခွင့်က အကန့်သတ်နှင့်ဖြစ်သည်။ စာကြည့်တိုက် ကိုင်တွယ်သည့် ဆရာ၊ ဆရာမ စိတ်ကောင်းဝင်မှ နေ့လည်ထမင်းစားဆင်းချိန် တစ်နာရီလောက် ဖွင့်ပေးသည်။

စာအုပ်ငှားရမ်းခွင့် ယခင်ကပေးသည်၊ မပေးသည် မမှတ်မိ။ မိမိ ငါးတန်းနှစ်ရောက်ချိန် စာအုပ်ကောင်းအချို့က ဘီရိုထဲသော့ခတ်နေပြီးသားဖြစ်သည်။ စာဖတ်သကအရှိန်ရနေ သည့်မိမိအတွက် သိန်းဖေမြင့်၊ မောင်သိန်းဆိုင်၊ မင်းကျော်၊ နတ်နွယ် စသည့်စာရေးဆရာများ၏ စာအုပ်အနှောင့်သွားမှာ ရေးမှတ်ထားသည့် စာအုပ်နာမည်များကိုသာ မှန်ဘီရို အပြင်ဖက်က ငေးကြည့်ခွင့်ရသည်။ သို့သော် ဖတ်ခွင့်ရသည်က တော်သေးသည်ဟုသဘောထားပြီး ရသမျှစာဖတ်သည်။

စာသင်ခန်းထဲက ကျောင်းနေဖက်အချို့က မိမိနှင့်အတူ စာဖတ်ဝါသနာပါသူ အနည်းငယ်ပါသော်လည်း စာကြည့်တိုက်လိုက်ဖို့ ဝန်လေးသူများဖြစ်သည်။ သည့်အတွက် အတန်းကြီး ပြီး စာဖတ်ဝါသနာပါသူများကလွဲပြီး အတန်းငယ်ထဲ မိမိတစ်ဦးတည်းသာ စာကြည့်တိုက်ဖွင့်ချိန်ရှိသည်ကို မှတ်မှတ်ထင်ထင်ရှိနေသည်။

စာအုပ်ငှားရမ်းခွင့် မပေးသော်လည်း အလှည့်ကျကြီးကြပ်သူ ဆရာ၊ ဆရာမ လစ်ပါက မိမိကြိုက်သည့်စာအုပ်ကို အင်္ကျီနောက်ကျော၊ ပုဆိုးကြားဖွတ်ပြီး အိမ်ယူခဲ့သည်သာဖြစ် သည်။ သို့သော် ငယ်ဘဝကတည်းက မိဘဆရာသမားများ၏ ဆုံးမစကားက အသည်းထဲစွဲနေသည်မို့ ဖတ်ပြီးပါက စာကြည့်တိုက်ပြန် ပို့ခဲ့သည်ကိုဖြင့် ကျိန်တွယ်ပြောဝံ့သည်။

ကျောင်းစာဖတ် မလျော့သော်လည်း ဘောလုံးကန်ခြင်း၊ စာဖတ်ခြင်းဝါသနာပိုးက ကြီးလာခဲ့သည့်အတွက် မိဘက စာအုပ်ဆိုင်သွားခွင့် အနည်းငယ်လျော့ခိုင်းသည်။ ပါးစပ်နှင့် မပြောဘဲ စာအုပ်ငှားရမ်းခငွေကြေး ကန့်သတ်လိုက်ခြင်းဖြစ်သည်။ သည်အခက်ခဲကို ကျော်ဖြတ်သည့်အခါ စာဖတ်ဝါသနာပါသည့် အတန်းဖော်သူငယ်ချင်းများနှင့် စာအုပ်လဲ လှယ်ဖတ်ရှုခြင်းဖြစ်သည်။

ပညာနှင့်ချစ်ခြင်းတရား ခံစား တတ်၊ နားလည်တတ်၊ ကျင့်သုံးတတ်လာသည်မှာ ငယ်ဘဝစာအုပ်ဆိုင်လေးများက ထောက်ကူပေးခဲ့သည်ဟု ယနေ့အထိ ယုံကြည်နေဆဲဖြစ်သည်

ယင်းဖြေရှင်းနည်းက အထိုက်အလျောက် ပြေလည်သော်လည်း အကျိုးဆက် က စာဖတ်မြန်လာခြင်းဖြစ်သည်။ ထိုအခါ ဖတ်ပြီးသည့်စာ ကာလနည်းနည်းကြာပါက မမှတ်မိဘဲ ပြန်ငှားရမ်းလာခြင်းဖြစ်သည်။ အိမ်အရောက်ဖတ်၍ တစ်ဝက်ခန့်ရောက်မှ ဖတ်ပြီးသည်ကို သတိရသည့်အခါ စာအုပ်ဆိုင်ကို အပြေးအလွှားပြန်သွားပြီး လဲလှယ်ရသည်။ သို့သော် စာအုပ်ဆိုင်ပိုင်ရှင် စိတ်မကြည်ပါက အငေါက်ခံရပြီး ပြန်လဲခွင့်ထပ်မပေးကြောင်း သတိပေးခံရသော်လည်း ရှက်ရွံ့ရကောင်းမသိ။ သို့သော်လည်း ပညာနှင့်ချစ်ခြင်းတရား ခံစား တတ်၊ နားလည်တတ်၊ ကျင့်သုံးတတ်လာသည်မှာ ငယ်ဘဝစာအုပ်ဆိုင်လေးများက ထောက်ကူပေးခဲ့သည်ဟု ယနေ့အထိ ယုံကြည်နေဆဲဖြစ်သည်။

သည်လိုနှင့် စာကျက်လိုက်၊ ဘောလုံးကန်လိုက်၊ စာဖတ်လိုက်နှင့် ဖြတ်သန်းလာရင်း ၁၉၈၈ ခုနှစ် ၅ တန်းနှစ်တွင် ၈၈ လှုပ်ရှားမှုကြီးနှင့် ကြုံခဲ့ရသည့်အတွက် ကျောင်းရက်ရှည် ပိတ်ကုန်သည်။ အဆိုးထဲက အကောင်းက စာဖတ်ချိန် ပိုရလာခြင်းဖြစ်သည်။

စာအုပ်ဆိုင်တွေလည်း ပေါင်းစုံလာသည်။ လင်းမွန်စာပေက စာကောင်းပေကောင်း၊ တန်းဝင်စာပေမရှိမဟုတ် ရှိသည်။ သို့သော် မြို့လယ်ခေါင် စာအုပ်ဆိုင်ကြီးများဖြစ်ကြသည့် ငြိမ်းချမ်းရေးစာပေ၊ လွင်စာပေ၊ တိုးတက်ရေးစာပေ၊ မြင့်မော်စာပေ စသည့်စာအုပ်ဆိုင်ကြီးများက စာအုပ်ပိုစုံသည်။ လင်းမွန်စာပေမှာ မရနိုင်သည့် မဂ္ဂဇင်းစာအုပ်များမှသည် စာကြီးပေကြီးဟုခေါ်မလားမသိ ရသစာပေများကို ယင်းစာအုပ်ဆိုင်များတွင်ရရှိနိုင်ပြီး ကိုယ်တိုင်လည်း ဖတ်နိုင်လာသည်။

စာအုပ်ဆိုင်များ ဖြတ်သန်းလာရင်း စာအုပ်ပုံကြားခေါင်းဆိုက်လာရင်းက ဆယ်စုနှစ်နှစ်စုကျော်လာချိန် Y2K နောက်ပိုင်း အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာသည့် အင်တာနတ်ခေတ် ကြီးထဲ သူလိုကိုယ်လို စီးမျောခဲ့ရပြန်သည်။

စာအုပ်အငှားဆိုင်တချို့ပျောက်ကွယ်သွားရာမှ စာအုပ်အငှားဆိုင် ယဉ်ကျေးမှု ဆိတ်သုဉ်းခဲ့သည်။ ဂူဂဲလ်၊ ရဟူး၊ ဖေ့ဘုတ်စ်၊ အီးမေးမှသည် ယနေ့ခေတ်ပေါ် ဆိုက်ဘာစနစ်များ အားလုံး အရှိန်အဟုန်ကြီးစွာ ထိုးဖောက်ခြင်းခံလိုက်ရသည့်အခါ စာကြည့်တိုက်ကြီးအချို့မှတပါး အားလုံးရပ်တန့်သွားရသည်။

စာအုပ်ပေါင်း သောင်းချီရှိခဲ့သည့် မြို့ကြီးတစ်မြို့က စာအုပ်အငှားဆိုင်ပိုင်ရှင်က “စာအုပ်တွေ ရာစီးထုပ်တွေလုပ်ပြီး စာကြည့်တိုက်တွေ၊ ကျေးလက်‌စာသင်ကျောင်းတွေကို အကုန် လှူလိုက်တယ်။ ရောင်းစားရင် အထိုက်အလျှောက် ပြန်ရမယ်ဆိုတာသိပေမယ့် မရောင်းရက်ဘူး။ တစ်နည်းမဟုတ်တစ်နည်း စာဖတ်သူ၊ စာအုပ်စာပေ ထိန်းသိမ်းသူလက်ထဲ ရှိနေ တယ်ဆိုတဲ့ အသိလေးနဲ့ ကျေနပ်တယ်။” ဟု ဆိုသည်။

သို့သော် စာအုပ်အငှားဆိုင်လေးများကတော့ မြန်မာ့လူ့ဘောင်က ပျောက်ကွယ်သွားပြီဖြစ်သည်။ ငယ်စဉ်ကမြို့လေးရှိ ရပ်ကွက်ကြီးငယ်များ၏ လမ်းကြိုလမ်းကြားအထိ ဆိုက် ကားဘေးတွဲလေးနှင့် စာအုပ်၊ ကတ်ဆက်တိတ်ခွေ လိုက်ငှားသည့် ကိုင်ဇာ(အမည်ပြောင်)ကိုပင် ဟိုတစ်လောက မြင်လိုက်ရသေးသည်။ ယခု သူလည်း အသက် ၆၀ ကျော်ပြီဟု ထင်သည်။ လောကဓံလှိုင်းတံပိုးကြား ခက်ခက်ခဲခဲ ကူးခတ်နေရသေးသည့် အနေထားမဟုတ်သည်ကို မြင်ရ၍ ကြည်နူးမိပါသေးသည်။

စာဖတ်သူ တိုးလာသည်ဟု စာအုပ်ထုတ်ဝေသူတစ်ဦးက အွန်လိုင်းစာမျက်နှာတွင် ပြောဆိုထားသည်။ သို့သော် အဆင်းသိတစ်ဦးကတော့ စာအုပ်တစ်အုပ် အောင်မြင်ရင် အုပ်ရေ တစ်သောင်းလောက်ဆိုတော့ လူဦးရေနဲ့ တွက်သာကြည့်လိုက်ပါဗျာဟု စကားတင်းဆိုသည်။ သို့သော် စာရေးသူက စာဖတ်သည့်လူငယ်တွေ မည်သည့်အကြောင်းပြချက်နှင့်မျှ လျော့ကျသွားမည်ကို မလိုလားချေ။ ထို့နည်းတူ ငွေကုန်ကြေးကျသက်သာပြီး စာဖတ်နိုင်သည့် စာအုပ်အငှားဆိုင် ယဉ်ကျေးမှုလေးတွေကိုလည်း လွမ်းမိပါသေးသည်။

ဇေယျာဦး

ဓာတ်ပုံ-ဇော်ဇော်(မန္တလေး)

#ယနေ့ခေတ်

စာအုပ်ဆိုင် ယဉ်ကျေးမှု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်