ငါတို့ ကျောင်းသားဘဝ

#ဇေယျာဦး

အငဲရဲ့ ‘ငါတို့ကျောင်းသားဘဝ’ သီချင်းကို နားထောင်မိတိုင်း ကိုယ်တွေခေတ် ဇော်ကန့်လန့်ပညာရေးမျိုး နောက်တစ်ကြိမ်ထပ်မဖြစ်ဖို့ ဆုတောင်းရင်းနဲ့ လွမ်းမိပြန်ပါတယ်။ ကိုယ် တွေအထက်တန်းအဆင့်မှာ ‌ဘောလုံးကန်အကောင်း၊ ကျောင်းပြေးကောင်းတဲ့အတွက် တစ်တန်းနှစ်ကြိမ်တက်ခဲ့ရလို့ ဆယ်တန်းအောင်ချိန် နောက်ကျပါတယ်။

ဆယ်တန်းပြီးတဲ့အခါ တက္ကသိုလ်အချို့မှာ အသံပလံအချို့ ထွက်ပေါ်လာတာကြောင့် ကောလိပ်တက္ကသိုလ်အချို့ ပိတ်ထားချိန်နဲ့တခါပြန်ကြုံတော့ ၁၉၉၉ လောက်ကျမှ ကောလိပ် ကိုစတက်ရပါတယ်။

ကျွန်တော်တို့ခေတ် ၁၉၉၆ နောက်ပိုင်း အဆင့်မြင့်တက္ကသိုလ်နဲ့ ကောလိပ်တွေကို အစိုးရကမြို့အပြင်ခပ်ဝေးဝေး တွန်းပို့နေချိန်လည်းဖြစ်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်‌တွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အများအပြားတိုးချဲ့ ဖွင့်လှစ်ပေးခဲ့တာကြောင့်‌ ခေတ်အခါအရ သာမန်လူလတ်တန်းစားရဲ့ အထက်ဆင့်ကလွဲရင် ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်တွေမှာ နေ့ ကျောင်းတက်သူရှားပါတယ်။

‘ပညာရေးဝေးသည်မရှိ’ ဆိုတဲ့စကားနဲ့ န-ဝ-တခေတ် မင်းသားကြီးတစ်‌ဦးရဲ့ အကြံစည်လည်းဖြစ်တဲ့ တက္ကသိုလ်ပညာရေးကို နှစ်တိုတို၊ ရက်တိုတိုနဲ့ ဘွဲ့ပေးတဲ့ နည်းလမ်းတစ်ခု ပေါ်ထွက်လာပါတယ်။ အရင်က စာပေး/စာယူဆိုတဲ့ အလုပ်တဖက်နဲ့ကျောင်းသား‌တွေအတွက် အစိုးရက အဝေးသင်တက္ကသိုလ်ဆိုတဲ့နည်းလမ်းနဲ့ အစားထိုးလိုက်တာကြောင့် အဲ့ ခေတ်က လူတန်းစားအတော်များများဟာ အဝေးသင်တွေမှာ အုံလိုက်ကျင်းလိုက် ဖြစ်လာပါတယ်။ ဒါပေမယ့် ထိန်းချုပ်ဖို့လွယ်လို့ထင်ပါတယ်။ သိပ်ပြီးမတင်းကြပ်တဲ့အပြင် မသိ မသာပျော်အောင် လွတ်ပေးထားပါတယ်။ အဆိုပါခေတ်က ဆယ်တန်းစားမေးပွဲအောင်မြင်သူအရေအတွက် တစ်သိန်းကျော်သာရှိနိုင်ပြီး ဒီထဲကမှ လေးပုံတစ်ပုံနီးပါးလောက်ဟာ အဝေးသင်တက္ကသိုလ်တွေ တက်ရောက်ခဲ့ကြတယ်လို့ ‌ခန့်မှန်းရပါတယ်။

တက္ကသိုလ်နဲ့ ဒီဂရီကောလိပ်‌တွေမှာ ကျောင်းသားကို ဆရာကပြန်စောင့်သင့်နေချိန် အဝေးသင်တက္ကသိုလ်ဌာနခွဲတွေရဲ့ စာသင်ခန်းတွေ၊ ကန်တင်မ်းတွေမှာ ခြေချစရာမရှိပါဘူး။ ဆယ်တန်းအောင်ချိန် ရန်ကုန်တက္ကသိုလ်ကြီးကိုတက်ချင်လို့ ရမှတ်နဲ့တွက်ဆပြီး စိတ်ပညာမေဂျာကို လျှောက်ထားခဲ့ပေမယ့် နေ့ကျောင်းဖွင့်ရက်က ဘယ်ဆီနေမှန်းမသိ။ သို့ပေမယ့် ပညာရေးဝန်ကြီးဌာနဟာ ဝေးသင်တက္ကသိုလ်ဌာနခွဲတွေကို နီးစပ်ရာတက္ကသိုလ်ကောလိပ်တွေမှာ ဖွင့်လိုက်တာကြောင့် ဘော်ဒါအချို့က ‌‌အဝေးသင်တက္ကသိုလ်တွေမှာအပ်နှံပြီး လက်တွေ့သင်တန်းတွေ တက်နေကြပြီဖြစ်ပါတယ်။

နှစ်ပတ်တစ်ကြိမ် မြို့ကနေ သောကြာနေ့ ညနေထွက်တဲ့ (၁၂) အစုန်စီး၍ တစ်ဖုံ၊ ည ၁၁ နာရီကျော်ထွက်တဲ့ (၆) အစုန်မီးရထားကြီးစီးပြီး သူငယ်ချင်းတွေ ကျောင်းသွားတက်ကြတာ ကို လိုက်ပို့ရင်း ကိုယ်လည်းကျောင်းတက်ချင်လာမိပါတယ်။

တစ်ပတ်‌မှာတော့ သူငယ်ချင်းဖြစ်သူနဲ့ ပဲခူးဒီဂရီကောလိပ်ကို လိုက်သွားမိပါတယ်။ ဖြစ်ချင်တော့ ဒီတစ်သုတ်မှာ အဝေးသင်တက္ကသိုလ် ဝိဇ္ဇာဘာသာတွဲတွေကလည်း ပထမအဆိုင် မန့်လို့ခေါ်တဲ့ စာဖြေစာစဉ်တွေတင်ဖို့ ပဲခူးဒီဂရီကောလိပ်သွားကြတာမို့ မီးရထားပေါ် တွဲလုံးပြည့် ကျောင်းသားချည်းဖြစ်နေပါတယ်။ ခေတ်အခါက ကျောင်းသားတွေကို ဘာဘာညာ ညာ မလုပ်ရင်ပြီးရော ကျန်တာကြိုက်တာလုပ် ပုံမျိုးကြောင့် နယ်ကနေမီးရထားစီးပြီး ကျောင်းလာတက်သူတွေဟာ မီးရထားလက်မှတ်လည်း ဝယ်မစီးကြပါဘူး။

ဒီလိုနဲ့ မီးရထားကြီးပေါ် သင်္ချာတွက်လိုက် ဂစ်တာခေါင်းလိုက် ပုလင်းထောင်လိုက်နဲ့ ညကြီးသန်းခေါင် ပဲခူးကိုရောက်ခဲ့ပါတယ်။ ပဲခူးရောက်တော့ သူငယ်ချင်းရဲ့အဆောင်ကိုရောက် တစ်ယောက်အိပ်ခုတင်မှာ နှစ်ဦးအတူတူ ကြပ်ကြပ်တည်းတည်းနဲ့ အိပ်ခဲ့ရပါတယ်။ နောက်နေ့မနက်ရောက်တော့ ရေမိုးချိုး၊ အနီးနားကလက်ဖက်ရည်ဆိုင်မှာ မနက်စာစားပြီး နာရီ စင်ထိပ်လမ်း‌လျှောက်ရင်း ကောလိပ်ကိုသွားတဲ့ ဗိုက်ပူကားကြီးတွေ စောင့်စီးခဲ့ကြရတာပါ။ တိုင်းအရှေ့ ခြမ်းမြို့နယ်တွေက ဝိဇ္ဇာနဲ့သိပ္ပံကျောင်းသားတွေ တမြို့လုံးဖွေးဖွေးတုပ်နေ သလို ကျောင်းကားတွေသာမက သနပ်ပင်-ပဲခူး-ရန်ကုန်ဟိုင်းလပ်ကားတွေပေါ်မှာပါ လူအပြည့်ပါ။

ဒီလိုနဲ့ကျောင်းထဲရောက်တော့လည်း မြို့ကအထက်တန်းတူတူတက်လာသူတွေ အကုန်နီးပါးက အဝေးသင်ချည်းတက်ကြသလား ထင်မိပါတယ်။ မကြည့်လိုက်နဲ့ သူတို့ချည်းပါပဲ။ သူငယ်ချင်းနဲ့ကန်တင်မ်းထိုင်ရင်းက ငါလည်းတက်ချင်လာ ပြီကွာဟုဆိုပြီး အိမ်လည်းလှမ်းမတိုင်ပင်တော့ပဲ ကောလိပ်ရှေ့က ဟိုင်းလပ် ကားတားစီးပြီး ရန်ကုန်ကိုတက်ခဲ့ပါတယ်။

၉ တန်းလောက်ကတည်းက ဖခင်ကြီးရဲ့ရေဒီယိုကက်ဆက်ပြင်ဆိုင်အတွက် ရန်ကုန်၊ မောင်ထော်လေးလမ်း၊ ဗိုလ်ဆွန်ပတ်လမ်းတွေပေါ် လွယ်အိတ်တစ်လုံးနဲ့ အပိုပစ္စည်းသွားဝယ် ပေးရလေ့ရှိတာကြောင့် ၁၉ နှစ်ထဲဝင်နေပြီဖြစ်တဲ့ကိုယ့်အတွက် မခက်ခဲလှပါဘူး။ ဒီလိုနဲ့ကားက ဆင်မလိုက်ဖက်က ကားဝန်းတစ်ခုမှာ ဂိတ်ဆုံးတော့ လှည်းတန်းဖက်ကို ဆိုက်ကား နဲ့အရင်သွားခဲ့ပါတယ်။ ပြီးတဲ့အခါ သထုံလမ်းဘက်ကိုမေးစမ်း လမ်းလျှောက်ရင်းနဲ့ အဝေးသင်တက္ကသိုလ်ထဲ မှတ် ပုံတင်တစ်ခု၊ စာမေးပွဲအောင် ခုံနံပါတ်တစ်ခုသာပါတဲ့ ကျောင်းသား ဟာ နေ့ ကျောင်းတက်ခွင့်လျှောက်လွှာကနေ အဝေးသင်ပြောင်းပြီး ပဲခူးကိုနေ့ချင်းပြန် လာခဲ့ပါတယ်။

ည ၈ နာရီလောက်ပြန်ရောက်ပြီး သူငယ်ချင်းအဆောင်ကို စက်ဘီးကယ်ရီနဲ့ ရောက်သွားတဲ့အခါ သူငယ်ချင်းနဲ့ ဘော်ဒါတွေဟာ ဝိုင်းတွေကောင်းနေကြပြီဖြစ်ပေမယ့် ပင်ပမ်းလို့ တန်းအိပ်ပျော်သွားပါတယ်။

နောက်မနက် သူငယ်ချင်းနဲ့ကျောင်းလိုက်သွားပြီး သူကသိပ္ပံတွဲဖြစ်တာကြောင့် အတန်းတွေတက်နေချိန် ဝိဇ္ဇာတွဲသမား သူငယ်ချင်းအချို့နဲ့ စာစဉ်တွေ(အမှန် တော့အထူးထုတ်စာ အုပ်ကူးချရုံ) ကူရေးပေးနေခဲ့ပါတယ်။ နေ့လည်စာစားပြီး ချိန် “ ဟဲ့ကောင် နင်မေဂျာကျလာပြီ။ ငါနဲ့တူတယ်ဟဲ့” ဟူသော တောင်ငူသူ, သူငယ်ချင်းတစ်ဦးရဲ့ စကားသံရော၊ ပုခုံးလှမ်း ပုတ်သည့် ဒဏ်ရောခံလိုက်ရသည့် ကနဦး မှင်သက်မိသွားပါတယ်။ နောက်တစ်ပတ်လောက်ကျမှ အတန်းပြောင်းလျှောက်လွှာကျနိုင်ပြီး စာစဉ်တင်ဖို့ အသနားခံစာတင်ရမယ်တွေး ထားမိတာပါ။

ဒါနဲ့ ကျောင်းသားရေးရာဌာန အဝေးသင်ဌာနခွဲရှေ့ နို့တစ်ဘုတ်တွင် ‌နောက်တိုးဝင်ခွင့်ရသူ ကျောင်းသားစာရင်းမှာ နာမည်၊ မိဘအမည်နဲ့ ခုံအမှတ် ခန့်ခန့်ကြီးပါနေပါတယ်။ တောင်ငူ က ကိုယ်နဲ့နေ့ကျောင်းတက်ခွင့်ကို တစ်နှစ်စောလျှောက်ထားတဲ့ ငါးတန်းကနေ ဆယ်တန်းအထိ အတူတူတက်လာတဲ့ သူငယ်ချင်းကလည်း မြန်မာစာမေဂျာနဲ့ ကျလာတာတွေ့ရပါ တယ်။

ဒီလိုနဲ့ နီးစပ်ရာဟိုလူကူဒီလူကူနဲ့ ပထမစာစဉ်ကိုကျောင်းဝင်ခွင့်ကျလာကြောင်း လာအသိပေးတဲ့သူငယ်ချင်းကျေးဇူးနဲ့ ညနေပိုင်းမှာ တင်နိုင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ပထမနှစ် အဝေး သင်ကျောင်းသားကြီး ကျွန်တော်ဟာ ဒုတိယစာစဥ်ဖြေဆိုအပြီးမှာ အနီးကပ်ဆယ်ရက်တက်ရင်း စာမေးပွဲဖြေဖို့ ပဲခူးဒီဂရီကောလိပ်ကို သံသေတ္တာတစ်လုံး၊ ကျောပိုးအိတ်တစ်ခုနဲ့ ရကောက်ရထားကြီးပျော်ပျော်စီးပြီး ရောက်ရှိလာခဲ့ပါတယ်။

အဝေးသင်ကျူရှင်တက်ရင်း စာစဉ်တင်ရင်း ရင်းနှီးခဲ့တဲ့ ဘုရားလမ်းပေါ်က တည်းခိုခန်းလေးတစ်ခုမှာ အဆောင်တန်ဖိုးထက် နည်းနည်းသာပိုပေးရလို့ ကိုယ်ရယ်၊ ငယ်သူငယ်ချင်း ရယ်၊ ဘောလုံးကန်ဖက် သူငယ်ချင်းရယ် အတူတူနေကြပါတယ်။ သူတို့နှစ်ယောက်က မြန်မာစာမေဂျာဖြစ်ပြီး တောင်ငူက စိတ်ပညာကျောင်းသား အတော်နည်းပြီး အရှေ့ဘက် ကမ်းကကောင်ကတော့ သိပ်မကြာခင် ကိုယ်တွေ‌နေတဲ့တည်းခိုခန်းကို ရောက်လာပါတော့တယ်။

တောင်ငူက မိမိနဲ့ စိတ်ပညာမေဂျာတူ ကျောင်းသားတွေက ယောက်ျားလေးလို နေထိုင်ဝတ်စားတဲ့(တွမ်ဘွိုင်းမဟုတ်)နဲ့ အရှေ့ဘက်ကမ်းကတစ်ယောက်ပါ။ နောက်ပိုင်းမောင်နှမရင်း တွေလို ဖြစ်လာခဲ့ပါတယ်။

ကျောင်းဖွင့်တဲ့ရက်တွေမှာ ကန်တင်းထိုင်လိုက် ကျုရှင်ပြေးတက်လိုက်လုပ်ပေမယ့် စာသင်ချိန်တိုးဝှေ့နေရတာ မကြိုက်လို့ အတန်းသိပ်မတက်ဖြစ်ပါဘူး။ ကျောက်တန်း၊ ပဲခူး၊ ဖြူး၊ သနပ်ပင်၊ ကြို့ပင်ကောက်၊ ညောင်လေးပင်နဲ့ တောင်ငူသား‌တွေ ပေါင်းမိသွားတဲ့အခါ ညနေဘက် ဖဲရိုက်လိုက်၊ အရက်စုသောက်လိုက်ပါပဲ။

မြန်မာစာဘာသာရပ် ပဲခူးကောလိပ်မှာ နာမည်ကြီးဆရာ ဦးခင်မောင်ဦးအချိန် နည်းနည်းအတန်းတက်ဖြစ်ပေမယ့် မေဂျာဘာသာရပ်၊ ဖီလို‌ဆော်ဖီမိုင်နာတွေက ကျုရှင်တက်တာဖြစ် လို့ မတက်ပါဘူး။ ပဲခူးဒီဂရီကောလိပ် ဝါးရုံတော ကန်တင်းမှာ အမြဲအုပ်စုလိုက်ရှိနေတတ်ပြီး ကျောင်းပြန်ချိန်လမ်းလျှောက်ပြီး နှင်းဦးမှာထိုင်ကြပါတယ်။ ခုမှပြန် ရှက်မိတာသောက် တာများပြီး မူးလာရင် အရက်ပုလင်း ရိုက်ခွဲကြတာပါ။ လွတ်ရာလွတ်ကင်းနေရာမှာ ရိုက်ခွဲတာဖြစ်ပြီးဟိုင်ဖိုင် သံလေးကွာဆိုပြီး သေချာနား‌ထောင် လက်ခုပ်လက်ဝါး တီးတတ်ကြပါ တယ်။ အများစုကလည်း ကျောင်းသားတွေ အပျော်လုပ်တာမို့ စိတ်ဆိုးကြပုံမပေါ်ပေမယ့် အခုကျ ရှက်မိလာပါတယ်။

ဒီလိုနဲ့ ပထမနှစ်စာမေးပွဲဖြေဆိုခါနီးတဲ့အခါ စာကျက်လားမေးရင် မကျက်ပါဘူးခမျာ့ အဲ့ဒီခေတ်က ကျောင်းသားတိုင်းသိတဲ့ နာရီစင်တစ်ဝိုက်က မိတ္ထူဆိုင်တွေမှာ ညနေဆို ကျောင်း သားတွေတရုံးရုံးပါပဲ။ ညနေ ၆ နာရီလောက်ဆို မေးခွန်းအဖြေပါတဲ့ နှစ်လက်မအရွယ် မိုက်ခရိုလို့ခေါ်တဲ့ စာလုံးလေ‌တွေစီထားတဲ့ မိတ္ထုယူထွက်ဝယ်ကြပါတယ်။ မိန်းကလေးအများ စုက ကျက်လား၊ မကျက်လား မသိပါဘူး။ ကျွန်တော်တို့ကတော့ အာ့တာလေးတွေကို နာရီကပ်တဲ့ တိတ်ပြားမှာကပ်ပြီး ရေစိမ်ပြန်ခွာတဲ့အလုပ်ကို သောက်ရင်းစားရင်းလုပ်ကြတာ ပါ။ ပြီးတဲ့ အခါမှာ ရလာတဲ့တိတ်ပြားလေးတွေကိုညှပ်ပြီး ကုတင်ဘေးကစင်မှာ တန်းလန်းလေးကပ်ထားပြီးရင် ကျနော်တို့စားကြိုးစားမှုတာဝန် ပြီးပါပြီ။

မနက်ရောက်တဲ့အခါ ရေမိုးချိုး၊ မနက်စာစားပြီးတာနဲ့ တိတ်ပြားလေးတွေကို သင့်တော်ရာနေရာတွေမှာကပ်ပြီး ကျောင်းတော်ကြီးကိုချီတက်ကြပါတယ်။ အာ့အချိန်ကျမှ စာရွက် ပျောက်လို့ ငိုရမလိုရယ်ရမလို ဖြစ်တဲ့သကောင့်သားတွေလည်း ကြုဘူးပေးမယ် နီးစပ်ရာကျောင်းသားက စာမေးပွဲခန်းထဲ အဖြေလွှာနဲ့ မေးခွန်းရောက်ပြီးဆိုတာနဲ့ မသိမသာကော ပေါ်တင်ပါကူးပြီး စာရွက်ပျောက်တဲ့သကောင့်သားကို ပေးလိုက်တာပါပဲ။ စာဖြေခန်းထဲမဝင်ခင် စာအိတ်နဲ့ပိုက်ဆံကောက်တဲ့ လူကြီးမင်းကျောင်းသားတွေကိုလည်း ပေးခဲ့ရပါသေး တယ်။ ဒီစာအိတ်က ဘယ်ရောက်သွားလည်းဆိုတာ အာ့ခေတ်ကျောင်းသားတွေ သိပါတယ်။

ဒီလိုနဲ မနက်ကူးလိုက်၊ ညနေကူးလိုက် ခွာလိုက်နဲ့ ပထမနှစ်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပြီး ပဲခူးဒီဂရီကောလိပ်ကို လက်ပြနုတ်ဆက်ခဲ့ရပါတယ်။ ဒုတိယနှစ်၊ တတိယနှစ် နှစ် ကြိမ်က တောင်ငူတက္ကသိုလ်ဌာနခွဲမှာ တက်ရတာဖြစ်ပြီး တက္ကသိုလ်ကပြီးကာစ လမ်းတွေကမကောင်းသေး ဆိုင်ကယ်ကလည်း ပေါပေါများများမရှိသေးချိန်ဆိုတော့ ညောင်ကိုင်း တက္ကသိုလ်လို့ အာလုပ်ပြုတဲ့ ကျောင်းတက်ရက်စွဲများကတော့ မလှခဲ့ပါဘူး။ တောင်ငူမြို့စွန်‌မှာနေတဲ့အပြင် ကျောင်းတက်ရတာ ပျော်တာကြောင့် အဆောင်တစ်ခုမှာပဲ အဝေး ကျောင်းသား ဘော်ဒါတွေနဲ့နေ့ရင်း အဝေးသင်ရက်တွေ ထပ်မံဖြတ်သန်းခဲ့ပြန်ပါတယ်။

ကျောင်းရောက်ရင် မျောက်ဖြူကြီးတွေလို တခေါင်းလုံးဖြူဖွေးနေပြီး မိန်းက လေးတွေကတော့ ဆာရီခြုံသလို ပဝါလေးတွေ ခြုံကြရပါတယ်။ တက္ကသိုလ်ဆရာ၊ ဆရာမအချို့လည်း အခန်းမရသေးပါက တောင်ငူမြို့ထဲနေရတာကြောင့် သူတို့လည်း ကျောင်းသားကျောင်းသူနဲ့အတူ လိုင်းကားလိုက်တိုးစီးရပါတယ်။

တောင်ငူတက္ကသိုလ်မှာတော့ ညနေပိုင်း မိတ္ထူမထွက်တာကြောင့် မေဂျာမှာဦးဆောင်သူ ကျောင်းသားအချို့ဦးစီးပြီး ကျူရှင်ကပေးတဲ့ စာပုဒ်တွေကို မိတ္ထူဆိုင်မှာ ကြိုကြိုတင်တင် ရိုက်ကူးထားရပါတယ်။ ကျသင့်ငွေကိုတော့ ဝိုင်းစုခံကြရတာဖြစ်ပြီး ပဲခူး‌တက္ကသိုလ်လောက် အဆင်ချောပေမယ့် ဒီလိုနဲ့ပဲ တတိယနှစ်စာသင်နှစ်ကို ရောက်ပြန်ပါတယ်။

ဒီစာသင်နှစ်မှာတော့ မေဂျာတာဝန်ရှိသူနဲ့ကျွန်တော်တို့ ဂြိုလ်ကြီးရှစ်ကောင်လို့ခေါ်တဲ့အဖွဲ့နဲ့ ပြဿနာအချို့ရှိလာပါတယ်။ အုပ်စု စာပေဝါသနာပါကြသူ၊ ပန်းချီဝါသနာပါကြသူတွေ မို့ ကဗျာစာအုပ်တစ်အုပ်ကို သူ့အသိမပေးပဲ ထုတ်ရပါလားလို့ဆိုပြီး ညိုညင်ခြင်းခံခဲ့ရပါတယ်။ ကိုယ်ကလည်း ခေါင်းမာသူဖြစ်တဲ့အပြင် သူ့စိတ်ထဲမှာ ခေါင်းဆောင်လို့သတ်မှတ် ခံလိုက်ရတော့ နည်းနည်းကိုယ့်အပေါ်နုတ်နည်းသွားခဲ့လို့ ခံစားပေမယ့် မေဂျာတီရှပ်လည်း ကိုယ့်သဘောနဲ့ကိုယ်လိုဂိုဆွဲပြီး ထုတ်ခဲ့ပြန်ပါတယ်။

အကျိုးဆက်တော့ မဟုတ်ပါဘူး။ စာလည်းသိပ်ပြီးမရခဲ့တော့ နောက်ဆုံးနှစ် (တတိယနှစ် ကျရှူံးခဲ့)ပါတယ်။ တောင်ငူတက္ကသိုလ်မှာ စာခိုးချတယ်ဆိုတာရှိပေမယ့် အရမ်းကာရော ကြီး သိသိသာသာခိုးချလို့ မရတာလည်းပါ,ပါတယ်။

တကယ်တော့ အခုချိန်တွေးမိတော့ ပျား‌ရည်ထောင်ချောက်ထဲ ကိုယ်တွေဆင်းသက်မိခဲ့တာလည်းဖြစ်သလို ကိုယ်တိုင်မဟုတ်တဲ့လမ်းကြောင်း၊ စာမတတ်ပဲ စာမေးပွဲအောင်ချင်တဲ့ အဖြစ်ကို ရှက်မိပါတယ်။

နောက်တစ်နှစ် ကျောင်းပြန်တက်တော့လည်း ဒုတိယနှစ်က ကျန်ခဲ့တဲ့ကောင်တွေရယ် အောက်တန်းကတက်လာသူတွေရယ် ထပ်မံပေါင်းသင်းမိပြန်တော့ သိပ်ပြီးကမြင်း‌ကျောထ တာ မရပ်ပေမယ့် လူရည်လယ်သွားပြီ ဖြစ်ပါတယ်။ ဦး ဆောင်တာသိပ်မလုပ်ပဲ အပြင်မှာသောင်းကျန်းပြီး ဒုတိယနှစ်ကကျရှူံးခဲ့ပြီးပြန်အောင်လာတဲ့ ကျောင်းသားတစ်ယောက်ကို ရှေ့တင်ပို့ပေးပြီး ကိုယ်လုပ်ချင်တာလုပ်မိပြန်ပါတယ်။ ဒါပေမယ့် မေဂျာတာဝန်ရှိသူ စိတ်ငြိုငြင်စရာမလုပ်သလို ကောင်းကောင်းမွန်မွန်ဆက်ဆံလို့ သားအမိလို ပြန်ဖြစ်လာပါတယ်။

ဒီလိုနဲ့ တောင်ငူတက္ကသိုလ်ကနေ နောက်ဆုံးနှစ် စိတ်ပညာစာမေးပွဲအောင်မြင် ပြီး အ‌ဝေးသင်ဘွဲ့လေးတစ်ခု လူရိုသေရှင်ရိုသေရခဲ့တဲ့ကျွန်တော် ခုဆို လူတွေအကြောင်း နည်းနည်းပို နားလည်တာကလွဲလို့ ဆစ်ကမန်ဖရိုက် နာမည်လောက်သာ မှတ်မိပါတော့တယ်။ ဘယ်လိုပဲပြောပြော ကျောင်းသားဘဝဆိုတာ ဘယ်လိုခေတ်မဆို လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော် ရွင်ရွင်စာသင်ကြဖို့လိုအပ်လို့ လွတ်လပ်ပေါ့ပါးတဲ့ စာသင်ခန်းတွေ ဖွင့်ဖြိုးတိုးတက်လာပါစေလို့သာ ဆုတောင်းမိပါတော့တယ်။

#ဇေယျာဦး

#ယနေ့ခေတ်

ငါတို့ ကျောင်းသားဘဝ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်