ခြားနားသွားတဲ့ ခေတ်ထဲက ခြားနားသွားတဲ့ ကုန်ဈေးနှုန်း

သွေး(စစ်ကိုင်း)

အခုလိုဆောင်းရာသီရောက်တိုင်း ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ သတိရမိတာက နယ်မြို့လေးရဲ့ ဆောင်းရာသီရက်စွဲတွေပါပဲ။ ဆောင်းဟာ ဆောင်းနဲ့တူအောင်အေးမြတဲ့ နယ်မြို့လေးမှာ ဆောင်းတွင်းဆို အသီးအရွက်တွေ အရမ်းပေါပြီး၊ ခရမ်းချဉ်သီးက ဆောင်းတွင်းနဲ့ လိုက်ဖက်လှပါတယ်။ ခရမ်းချဉ်သီး တစ်ပိဿမှ ၅၀ ကျပ်၊ ၁၀၀ ကျပ် ဝန်းကျင်ပဲပေးရတဲ့ကာလ ဟာ အခုတော့ အိပ်မက်လို့တောင်ပြန်တွေးမိပါရဲ့။

ကျွန်မမိသားစုဟာ ဖေဖေရဲ့ စာရေးခြင်းဝင်ငွေတစ်ခုတည်းနဲ့ပဲ တင့်တောင်တင့်တယ်နေထိုင်နိုင်ခဲ့တာ မှတ်မိနေပါတယ်။ ရွှေတစ်ကျပ်သား ၃၀၀ ကျပ် ဝန်းကျင်ပဲရှိတဲ့ (၁၉၇၀) ပြည့်နှစ်ကာလတွေမှာ ဖေဖေက လုံးချင်းဝတ္ထုတစ်အုပ်ထွက်ရင် စာမူခ ၅၀၀၀ ကျပ်အထိရတယ်လို့ ပြန်‌ပြောဖူးပါတယ်။ ကျွန်မအမေကတော့ “ညည်းအဖေသာ ရွှေဝယ်စုခဲ့ရင် အမေတို့သူဌေးဖြစ်တာကြပေါ့” လို့ ပြောဖူးပါတယ်။ ဒါပေမဲ့ ဖေဖေက ရွှေစုတတ်သူမဟုတ်သလို အမေကလည်း ရွှေစုတတ်သူမဟုတ်ပါဘူး။ ဖေဖေ အဓိကစုဆောင်းတာက စာအုပ်တွေပါပဲ။ ဖေဖေရဲ့ စာအုပ်ဘီရိုကြီးက ကြီးလွန်းလို့ စာအုပ်တွေအများကြီး ဆန့်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖေဖေဟာ ရန်ကုန်နဲ့ စစ်ကိုင်းကို ကူးချည်သန်းချည်သွားရင်း စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ် ရေးသားနိုင်ခဲ့ပါတယ်။ တစ်ခါတစ်ရံ ရန်ကုန်ကို လေယာဉ်နဲ့တောင်သွားနိုင်ခဲ့ပါတယ်။ သားသမီး ၆ ယောက်ရှိပေမဲ့ ချို့ချို့ငဲ့ငဲ့မနေခဲ့ရဘဲ၊ နေ့စဉ်နေ့တိုင်း အသားဟင်းနဲ့စားနိုင်တာ မှတ်မိနေတုန်းပါ။ ကျွန်မငယ်စဉ်တုန်းက အမဲသားတစ်ပိဿ ၂၄ ကျပ်၊ ပဲဆီတစ်ပိဿ ၃၀ ကျပ်ဆိုတာ အခုချိန်ပြန်ပြောရင် ယုံနိုင်ပါ့မလားမသိပါဘူး။ ကျောင်းဖွင့် ချိန်တွေမှာ အိမ်က ကျွန်မတို့ကလေးတွေကို မုန့်ဖိုးတစ်မတ် (၂၅ပြား/ တစ်ကျပ်မှ ပြား ၁၀၀ ရှိပါတယ်) ပေးပါတယ်။

အဲဒီ မုန့်ဖိုးတစ်မတ်နဲ့ ကျွန်မတို့ဟာ ကြိုက်ရာမုန့်တစ်ခုခု ကောင်းကောင်းဝယ်စားနိုင်ပါတယ်။ ကောက်ညှင်းပေါင်း တစ်မတ်ဖိုးဆို ဗိုက်ဝအောင်စားလို့ရသလို၊ ဘိန်းမုန့်၊ မုန့်ပေါင်းတွေလည်း စားလို့ရပါတယ်။ ၁၉၈၇ ခုနှစ်မှာ ဖေဖေကွယ်လွန်သွားတော့ ကျွန်မတို့မိသားစုဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလို စားဝတ်နေရေးအတွက်လည်း ရုန်းကန်ခဲ့ရတာပါ။ ကျွန်မက အဲဒီအချိန် သတ္တမတန်းပဲရှိသေးတာမို့ အမေကကျောင်းဆက်နေဖို့ပဲ ပြောခဲ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံဖြစ်တော့ ဆန်တစ်ပြည် ၂၄ ကျပ်ထိဖြစ်သွားတာ မှတ်မိနေပါတယ်။ ၂၄ ကျပ်ဆိုတဲ့ငွေကြေးကို မတတ်နိုင်လို့ တခြားမိသားစုတွေနည်းတူ “ချပါတီ” လုပ်စားခဲ့ရတာပေါ့လေ။

အမေကတော့ သားတွေဘယ်လောက်ဆိုးဆိုး သည်းခံခဲ့သလို၊ ကျွန်မတို့မောင်နှမတွေ ထမင်းနပ်မှန်အောင်စားခဲ့ရတာကိုပဲ ကျေးဇူးတင်မိပါတယ်။ တက္ကသိုလ်တက်နေတဲ့အချိန်မှာပဲ ကျွန်မဟာ ကျောင်းစရိတ်ရအောင် ရပ်ကွက်ထဲက ကလေးတွေကို စာသင်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကလေးတစ်ယောက်စာသင်လို့ရတဲ့ လခ ၃၀၀ ကျပ်၊ ၅၀၀ ကျပ်ဟာ ကျွန်မတို့အိမ်က ထမင်းအိုးအတွက် အထောက်အကူပြုခဲ့တာပါပဲ။ ကလေး ၁၀ ယောက်နီးပါးသင်ရချိန် ကျွန်မဝင်ငွေက တစ်လကို ၄၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ကြားရလာတော့ အိမ်သုံးစရိတ်ပြန်ပေးနိုင်ခဲ့ပါတယ်။

လက်ထဲမှာပိုက်ဆံနည်းသွားရင် အမေက ရှိတဲ့ပိုက်ဆံနဲ့ ဟင်းဖြစ်အောင်ချက်ကျွေးပါတယ်။ အဝေရာရွက်ကလေးတွေခူးပြီးပြုတ်၊ ငါးပိချက်နဲ့စားခဲ့ရပေမဲ့ ထမင်းမြိန်ခဲ့တာပါပဲ။ တက္ကသိုလ်ကျောင်းသူကျွန်မရဲ့ ထမင်းချိုင့်ထဲမှာ ကြက်ဥပြုတ်ပဲပါရင်လည်း သိမ်ငယ်တယ်လို့ မခံစားခဲ့ရပါဘူး။ ဒါပေမယ့် ပဲပြုတ်တို့၊ ကြက်ဥပြုတ်တို့လို အစားအစာတွေကို လူများစုက ဆင်းရဲသားစာလို့ မှတ်ထင်ကြတာပါ။

လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလမှာ ရန်ကုန်မှာတစ်ယောက်တည်း ရုန်းကန်နေရချိန်တုန်းက တစ်လဝင်ငွေ သုံးသောင်းကျပ်ဝန်းကျင်ရှိရင် လောက်ငရုံသာမက နယ်က အမေ့ကိုပါပြန်ထောက်ပံ့နိုင်ခဲ့ပါတယ်။ လှည်းတန်းမှာ အဆောင်ငှားနေရင် နှစ်ယောက်ခန်းမှာ တစ်ယောက်ကို တစ်လ ၃၀၀၀ ကျပ်ပဲပေးခဲ့ရတာပါ။ ထမင်း၊ ဟင်းဝယ်စားရင် နှစ်နပ်စာကို ၆၀၀ ကျပ်လောက်နဲ့ စားနိုင်ပါရဲ့။ အဲဒီအချိန်တုန်းက ငွေကတန်ဖိုးရှိတာမို့ အမေ့ကို တစ်လ ၅၀၀၀ ကျပ်အထိ ပို့ပေးနိုင်ခဲ့တာပါ။ ကျွန်မတစ်ယောက်တည်း အေးအေးဆေးဆေးစာရေးနိုင်ဖို့ နှစ်ယောက်ခန်းကို တစ်ယောက်တည်းငှားရင် ၅၀၀၀ ကျပ်ပဲ ပေးရပါတယ်။

မဂ္ဂဇင်းတစ်ခုမှာ အယ်ဒီတာလုပ်တဲ့အတွက် ကျွန်မအနေနဲ့ လစာရသလို စာမူခလည်းရခဲ့ပါတယ်။ ဘတ်စ်ကားက ၁၀ ကျပ်ပဲဖြစ်တဲ့အတွက် အသွား၊ အပြန် ၂၀ ကျပ်ပဲ ကုန်တာပေါ့လေ။ မြို့ပတ်ရထားလမ်းနဲ့ မနီးမဝေးမှာ ငှားနေခဲ့စဉ်က မြို့ပတ်ရထားစီးတော့ အသွား၊ အပြန် ၂၀ ကျပ်ပဲကုန်ခဲ့သလို သက်တောင့်သက်သာ စီးခွင့်ရခဲ့ပါတယ်။ ဘတ်စ်ကားခ ၂၀ ကျပ်ဖြစ်သွားတဲ့အချိန်မှာတောင် လက်ဖက်ရည်တစ်ခွက် ၅၀ ကျပ်နဲ့ သောက်လို့ ရနေပါသေးတယ်။

အယ်ဒီတာအလုပ်က ထွက်ပြီးတဲ့နောက် ကျွန်မဟာစာရေးသားခြင်းသက်သက်နဲ့ပဲ ဘဝကိုရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ တအားမတက်သေးတဲ့အတွက် စာရေးတာနဲ့ပဲ အဆင်ပြေခဲ့တယ်လို့ ဆိုရမှာပါ။ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာတော့ ရန်ကုန်မြို့ထဲမှာပဲ အိမ်ငှားနေထိုင်ခဲ့ရသလို တစ်ခါငှားတိုင်း တစ်ခါဈေးတက်တာနဲ့ ကြုံခဲ့ရပါရဲ့။ ၂၀၁၀ ပြည့်နှစ်မှာ အိမ်လခ ၃၀,၀၀၀ ကျပ်ကနေ ၂၀၁၆ ခုနှစ်မှာတော့ အိမ်လခ နှစ်သိန်းကျပ်အထိ ပေးရတဲ့အခါ ကိုယ်ပိုင်အခန်းတစ်ခန်းပိုင်ဆိုင်ဖို့ ကျွန်မတို့ဇနီးမောင်နှံ တော်တော်လေးကြိုးစားခဲ့ရပါတယ်။

တစ်ယောက်တည်းနေထိုင်စဉ်ကတည်းက ငွေစုတတ်တဲ့ အလေ့အကျင့်ရှိတဲ့ ကျွန်မဟာအိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း တတ်နိုင်သရွေ့ ခြိုးခြံချွေတာပြီး ငွေစုခဲ့ပါတယ်။ ကျွန်မတို့လိုချင်တဲ့ တိုက်ခန်းလေးတစ်ခန်း ဝယ်လိုက်နိုင်ချိန်မှာ တကယ်ကိုပီတိဖြစ်ခဲ့ရပါရဲ့။ အိမ်ရှင်တွေရဲ့ မောက်မာတဲ့စကားတွေ၊ အိမ်ပြောင်းရတဲ့ဒုက္ခတွေ မရှိတော့လို့ပါ။ ဝါသနာတူတဲ့ ကျွန်မတို့ဇနီးမောင်နှံဟာ စာရေးတာ၊ ဘာသာပြန်တာနဲ့ပဲ ရိုးသားစွာ ရပ်တည်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း ကုန်ဈေးနှုန်းတွေ အဆပေါင်းများစွာ ခုန်တက်တော့ အံ့ဩစရာကောင်းလောက်အောင် မကြားဖူးတဲ့ဈေးတွေ ကြားခဲ့ရတာပါပဲ။ ၆ ပေပတ်လည်လောက်ရှိတဲ့ လှည်းတန်းက အဆောင်အခန်းကျဉ်းလေးကို တစ်လတစ်သိန်းဆိုတော့ အံ့ဩရပါတယ်။ ဆန်၊ ဆီ၊ ကြက်သွန်၊ အိမ်သုံးဆေးဝါးတွေရဲ့ ဈေးကလည်း တက်လာတာ အံ့မခန်းပါ။ အညံ့စားသာသာ ဆန်တစ်ပြည်ကို ၄၀၀၀ ကျပ်ကျော် ပေးစားနေရတော့ ဆန်တစ်ပြည် နှစ်ကျပ်ခေတ်ကိုမီခဲ့တဲ့ကျွန်မဟာ မယုံသလိုတောင်ခံစားရပါတယ်။

ဖေဖေ့ရဲ့စာမူခနဲ့ လူတန်းစေ့နေနိုင်ခဲ့တဲ့ တစ်ချိန်တုန်းကနေ့ရက်တွေဟာ အိပ်မက်တစ်ခုပါလားလို့ တွေးမိပါတယ်။ လုံးချင်းဝတ္ထုစာအုပ်တစ်အုပ်ထွက်ရင် ရွှေ ၁၆ ကျပ်သားနဲ့ညီတဲ့ စာမူခရခဲ့တဲ့ ကျွန်မအဖေရဲ့ခေတ်နဲ့ အခုခေတ် အကြီးအကျယ်ကွာခြားနေတာပါ။ ကျွန်မအနေနဲ့ စာအုပ်တစ်အုပ်ထွက်ရင် ရလာတဲ့စာမူခက ရွှေတစ်ကျပ်သားဖိုးတောင် မရှိပါဘူး။ ဟိုအရင်တုန်းက အစားအသောက်တွေမှာ ဓာတုပစ္စည်းတွေ၊ ကြာရှည်ခံအောင်ပြုပြုင်ထားတာတွေ သိပ်မပါတော့ ရောဂါဘယဖြစ်တာတွေလည်း နည်းပါးခဲ့ပါတယ်။ အခုတော့ သားဈေး၊ ငါးဈေးတွေက ခေါင်ခိုက်နေသလို စားရတဲ့အစားအစာတွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလားလို့ စဉ်းစားနေမိပါတယ်။

အမေချက်ကျွေးတဲ့ ခရမ်းချဉ်သီးချက်နဲ့ ပဲနှပ်ကိုသတိရနေမိပေမယ့် အမေဆုံးပါးခဲ့တာပဲ နှစ်နှစ်ကျော်သွားခဲ့ပါပြီ။ ကျွန်မတို့ဖြတ်သန်းနေရတဲ့ပတ်ဝန်းကျင်မှာ နေ့စဉ်ထမင်းနပ်မှန်ဖို့တောင် မလွယ်ကူသူတွေကိုလည်း တွေ့နေရပါတယ်။ ဟိုအရင်တုန်းက ဆင်းရဲသားစာလို့ပြောကြတဲ့ ပဲပြုတ်ကတစ်ဆယ်သား ၁၀၀၀၊ ကြက်ဥတစ်လုံးက ၃၀၀၊ ဘဲဥတစ်လုံးက ၄၀၀၊ ကန်ဇွန်းရွက်တစ်စည်းက ၇၀၀ ကျပ်ဆိုတော့လည်း သူဌေးစာလို့ ပြောင်းပြောရမလား မဆိုနိုင်ပါဘူး။

မုန့်ဟင်းခါးတစ်ပွဲကို အလွတ်ဆိုရင်တောင် ၁၀၀၀ ကျပ်၊ လက်ဖက်ရည်တစ်ခွက်ကို ၁၂၀၀ ကျပ်အနည်းဆုံးပေးနေရတဲ့ ကုန်ဈေးနှုန်းက ဘယ်အထိဆက်တက်ပြီး အခြေခံလူတန်းစားတွေ ဘယ်လောက်ထိ ကြံ့ကြံ့ခံနေရဦးမှာလဲလို့မေးမိတဲ့ မေးခွန်းအတွက် အဖြေမရှိသေးဘဲ တစ်ချိန်က အတိတ်ကို လွမ်းဆွတ်ရုံသာတတ်နိုင်ပါတော့တယ်။

သွေး(စစ်ကိုင်း)

ခြားနားသွားတဲ့ ခေတ်ထဲက ခြားနားသွားတဲ့ ကုန်ဈေးနှုန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်