ကျောင်း ခရေစီ

#တာရာဇင်

အိမ်ရှေ့ကလမ်းပေါ်မှာ ကျောင်းသားလေးတွေ ဖြတ်သွားဖြတ်လာတွေ့ရတော့ ကိုယ့်ငယ်ဘဝလေး သတိရနေမိတာပေါ့။ ကျမတို့ငယ်ငယ်က ကျောင်းတက်ရတာ သိပ်ပျော်တယ်။ မူကြိုလည်းမတက်ရပါဘူး။ အိမ်ကလည်း စာကြိုသင်မပေးခဲ့ပါဘူး။ အသက် ၅ နှစ်ပြည့်မှ ကျောင်းတက်ရတယ်။ ကျောင်းမတက်ခင်က တောမှာနေတာဆိုတော့ တအိမ်တက်တ အိမ်ဆင်း ဆော့ကြတာပဲ။

ကျမက ငယ်ငယ်ထဲက အမောမခံနိုင်လို့ ပြေးလွှားဆော့ကစားတာမျိုးတော့ မလုပ်ဘူး။ ငယ်ငယ်ထဲက အဓိကထားပြီး ကစားဖြစ်တာက ကတမ်းခုန်တမ်းပေါ့။ ကြည့်မယ့်သူရှိရှိ၊ မရှိရှိ ‘က’နေရရင်ကို ကျေနပ်နေတော့တာ။ ရွာက ရပ်ဆွေရပ်မျိုး အမကြီးတွေက ‘က’ပြပါဦးဆို မငြင်းဘူး။ ကိုယ့်သီချင်းကိုယ်ဆိုပြီး မမောနိုင် မပန်းနိုင် ‘က’တော့တာ။ ‘က’နေရရင် ထမင်းမေ့ဟင်းမေ့ အိမ်ကလိုက်ခေါ်မှ ပြန်တော့တာ။

၅ နှစ်ပြည့်လို့ ကျောင်းလာတက်တော့ အိမ်ကိုအရမ်းသတိရတာ။ ငိုရတာလဲ အမော။ ရွာအိမ်မှာပိုပျော်တယ်။ အိမ်လည်ရရင်လည်၊ မလည်ရရင် ရေဒီယိုနားထောင်ရတယ်။ အဖိုးက ရေဒီယိုမပြတ်နားထောင်လေ့ရှိတယ်။ ညဘက်ရောက်ရင် သတင်းတွေနားထောင်တာ ညတိုင်းပါပဲ။ သတင်းတွေဖွင့်ရင် ရေဒီယိုလိုင်းက မမိတော့ တဂီးဂီးသံကြီးကလဲ ထွက်သေး တာ။ ထွက်ကာမှထွက် အဖိုးက ညတိုင်းနားထောင်တာပဲ။ ကျမနဲ့ကြီးကြီးကတော့ ကြောက်တာပေါ့။

အဲ့အချိန်က ရွာမှာ ဓားပြတွေသိပ်တိုက်တာ။ ကျမငယ်ငယ်ကဆို မှတ်မိသလောက် သုံးခါလောက် အတိုက်ခံရတယ်။ ဓားပြက အိမ်ရှိပစ္စည်း အကုန်ယူတာ။ ဒီည ဓားပြတိုက်ခံရရင် မနက်မိုးလင်းတာနဲ့ ကြီးကြီးဖို့ နားကပ်၊ ကျမဖို့ နားဆွဲ၊ သူ့ဖို့ ရေဒီယို၊ မြို့တက်သွားဝယ်တော့တာ။ ဓားပြ ခဏခဏအတိုက်ခံရတော့ အိမ်ပြတင်းပေါက်လေးတွေရဲ့ဘောင်က သစ် သားမှာထွင်းပြီး ပိုက်ဆံနဲ့ ရွှေတိုရွှေစလေးတွေ ခွဲထားတတ်တယ်။

လူကို အသားနာအောင်မလုပ်တတ်ပေမဲ့ နောက်ဆုံးတစ်ခေါက်မှာတော့ ဓားပြက သေနတ်လည်းပါ၊ ကြီးကြီးကိုလည်း သေနတ်ဒင်နဲ့ထုတော့ နဖူးကွဲသွားတာ။ ရဲတွေလာစစ်ရတယ်။ ရဲတွေက မြို့ပေါ်ကလာရတော့ အိမ်မှာထမင်းဟင်းချက်ကြွေးရတာ။ လူတွေကို ရှုပ်လို့ပေါ့။ ပစ္စည်းလည်း တစ်စတောင် ပြန်မရပါဘူး။ ခရိုင်ရဲစခန်းထိသွားပြီး စစ်ဆေးခံရလို့ စရိတ်ကုန်တာရယ်၊ ကြီးကြီးနဖူးက သေရာပါချုပ်ရာကြီး ကျန်ခဲ့တာရယ်ပဲ အဖတ်တင်ခဲ့တယ်။

ဟိုဘက်ရွာ ဓားပြတိုက်လို့ဟေ့လို့ ပြောကြရင် တခြားရွာကလူတွေက အရှေ့ဦးထွန်းအိမ်လား၊ အနောက်ဦးထွန်းအိမ်လား မေးကြတယ်။ ကျမအဖိုးက ရွာထိပ်ပိုင်းနေတော့ အရှေ့ ဦးထွန်းပေါ့။ ဓားပြအတိုက်ခံရလွန်းလို့ နံမည်ကို ကြီးနေရော။ ရေဒီယိုအကြီးကြီးကို ရအောင်ယူတဲ့လူတွေ ချီးကျုးစရာပေါ့။

ငယ်ငယ်ထဲက မာရီကွန်းဝေးတို့ ဂျွိုက်စ်တို့သိနေခဲ့ရတာ အဖိုးရေဒီယိုကြီးကြောင့်ပေါ့။ ကျောင်းနေတော့ အဖွားအိမ်နေရတယ်။ အဖိုးညီမပေါ့။ အဖွားအိမ်မှာ ရေဒီယိုလည်းမရှိ။ ‘က’တမ်းကစားဘို့ရာ အဖော်လဲမရှိ။ စာဆိုတာလည်း အသည်းအသန်ကြီး လုပ်မနေရတော့ ပျင်းပေါ့။ အိမ်သတိရ အဖိုးနဲ့၊ ကြီးကြီးနဲ့၊ ရေဒီယိုနဲ့၊ ကိုယ့်ကိုပွဲတောင်းကြတဲ့ အမ တွေကို သတိရပေါ့။ လွမ်းတော့ ငိုပေါ့။ အကြာကြီးတော့ မငိုလိုက်ရဘူး။

ကျမတို့ငယ်ငယ်က ကျောင်းကပွဲတွေ လုပ်ရတယ်။ ကျောင်းကပွဲမှာ ‘က’ရဖို့အကြောင်းပါလာလို့။ ပျော်တာပေါ့။ ကျောင်းကိုစောစောသွားရတယ်။ အကတိုက်ရတယ်။ ညနေဆို လည်း မိုးချုပ်မှပြန်ရတယ်။ ကျောင်းနဲ့အိမ်က နီးပါတယ်။ ဘယ်သူမှ လိုက်ပို့၊ လိုက်ကြို မလုပ်ရပါဘူး။ သူငယ်တန်းကျောင်းစတက်ထဲက လေးတန်းရောက်တဲ့အထိ တစ်နှစ်မှ မပျက်ပဲ ‘က’တာ။ ကျောင်းက ‘အက’ လေးမျိုးပါရင် လေးမျိုးလုံးမှာ ကျမပါတာပေါ့။ တပင်တိုင်အက၊ ယိမ်းအက၊ နှစ်ပါးသွား အစုံပါပဲ။ သိပ်ပျော်ခဲ့ရတယ်။ ပွဲကပြီးလို့ စင် အောက်ဆင်းလာရင် စံပယ်ပန်းကုံးတွေနဲ့ ဆရာ၊ ဆရာမတွေက ကြိုသေးတာ။ စံပယ်ပန်းကုံးဆွဲပြီး ပရိသတ်ထဲ ဆင်းထိုင်ရတာကိုပဲ ပျော်နေသေးတာ။ ဂုဏ်ယူနေသေးတာပေါ့။ တခြား မူလတန်းကျောင်းတွေလည်း ပြိုင်ကြရတာဆိုတော့ ကျောင်းသားတွေ အများကြီး။ အထက်တန်းကျောင်းက တစ်မြို့မှာမှ တစ်ကျောင်းပဲရှိတာဆိုတော့ အထက်တန်း ကျောင်းကတော့မပြိုင်ရဘူး။ ဖျော်ဖြေရေးလုပ်ကြရတယ်။

လေးတန်းအောင်ပြီး အထက်တန်းကျောင်းရောက်တော့ ကျောင်းပဒေသာကပွဲတွေ မလုပ်ရတော့ဘူး။ အဲ့ဒါနဲ့ပဲ ကိုယ့်ရဲ့ အကဝါသနာလေး စွန့်လွှတ်ခဲ့ရတယ်။ မူလတန်းကျောင်းက ဆရာတွေ၊ ဆရာမတွေကိုလဲ သတိရမိတယ်။

လေးတန်းအောင်ပြီး အထက်တန်းကျောင်းရောက်တော့ ကျောင်းပဒေသာကပွဲတွေ မလုပ်ရတော့ဘူး။ အဲ့ဒါနဲ့ပဲ ကိုယ့်ရဲ့ အကဝါသနာလေး စွန့်လွှတ်ခဲ့ရတယ်။ မူလတန်းကျောင်းက ဆရာတွေ၊ ဆရာမတွေကိုလဲ သတိရမိတယ်။ စာမေးပွဲရှိတဲ့နေ့တွေဆို ကျောင်းအုပ်ဆရာကြီးက မနက်စောစောထပြီး စာကျက်ကြနော်။ ဒို့ကျောင်းက အကမှာလည်းတော်သလို၊ စာမှာလည်း တော်စေချင်တာလို့ ပြောလေ့ရှိတယ်။ “မနက်မှာ ဆရာကြီး မနက်စောစော လမ်းထလျောက်ရင်း မင်းတို့ အိမ်ဘက်ရောက်လို့ မင်းတို့စာကျက်သံကြားရရင် စိတ်ချမ်း သာတယ်” ပြောလို့ နောက်နေ့တွေ ဆရာကြီးများ ငါ့အိမ်ဘက်ရောက်လာရင် ကြားရအောင်ဆိုပြီး စာတွေအော်အော်ကျက်ခဲ့ရတာလည်း အမောပေါ့။ တကယ်က ဆရာကြီးလမ်း ထလျောက်လား၊ မလျောက်လားလည်း မသိပါဘူး။ တခါမှလည်း မတွေ့ပါဘူး။ ဒါပေမဲ့ ဆရာကြီးဆီက ချီးကျုးသံမျှော်ပြီး မနက် ၄ နာရီ စာထကျက်ခဲ့တာတော့ အမှတ်တရပါပဲ။

အခုများတော့ ကိုယ့်သားသမီးက စပြီးတော့ပါပဲ။ အသက် ၄ နှစ်ပြည့်တာနဲ့ မူကြိုပို့တော့တာ။ ၅ နှစ်ကျောင်းတက်တဲ့အခါ သူများနောက်ကျန်ခဲ့မှာ စိုးလို့ပေါ့နော်။ စာကြိုသင်ကြ တယ်။ ကျမသမီးငယ်ငယ်ကဆို မူကြိုမသွားချင်လို့ငိုတာ။ သူ့အဖေ တုတ်တစ်ချောင်းကိုင်ပြီးမှ မူကြိုကားပေါ်ရောက်တော့တာ။ ကျောင်းရောက်တော့လည်း မငိုပါဘူး။ ပျော်နေ တာပါပဲ။ ဒါမဲ့ နောက်နေ့မနက် ကျောင်းသွားခါနီးရင် ငိုပြန်တာပါပဲ။ သူတို့မူကြိုမှာ စာသိပ်မသင်ပါဘူး။ သူတို့ဝါသနာပါတာလေးတွေ လုပ်ပေးတာပါ။ ပန်းချီဆွဲ၊ ကစား၊ အိပ်၊ စား ပေါ့။ ပတ်ဝန်းကျင်နဲ့ ကလေးဖော်နဲ့နေရ၊ ဆော့ရတာပေါ့။ ဒါပေမဲ့ သူတို့စိတ်ထဲ အိမ်မှာလောက် မပျော်ဘူးထင်ရတာပါပဲ။

ကိုယ့်ငယ်ဘဝနဲ့ သူတိုငယ်ဘဝဟာ ကွာတော့ကွာတယ်။ ကိုယ့်ငယ်ဘဝဟာ စာဆိုမှစာဆိုပြီး အပူတပြင်းမဖြစ်ခဲ့ဘူး။ လေးတန်းအစိုးရစစ်ပေမယ့် အေးအေးချမ်းချမ်းကစားလိုက် စာကျက်လိုက်နဲ့ ဖြတ်ကျော်ခဲ့ရတယ်။ သူတို့တွေကတော့ သူငယ်တန်းကျောင်းပြီးလို့ တစ်တန်းရောက်တာနဲ့ ကျူရှင်ယူရတယ်။ ကလေးက မနက် ၉ နာရီဆိုကျောင်းသွား၊ ၂ နာရီခွဲ ကျောင်းလွှတ်၊ အိမ်ရောက်၊ လွယ်အိတ်လေးချပြီးတာနဲ့ အမေခင်းထားတဲ့ စားပွဲမှာထိုင်၊ ကျုရှင်ဆရာမနဲ့စာသင် ၄ ခွဲ ၅ နာရီမှပြီး။ ပြီးတော့မှ ရေချိုး၊ ထမင်းစား၊ အိမ်စာကျက်၊ မောပြီးအိပ်ပေါ့။ အဲဒီနေ့တိုင်းကိစ္စတွေကို လုပ်နေကြရတဲ့ သမီးနဲ့သားကိုကြည့်ပြီး သနားမိတယ်။

သူတို့ငယ်ဘဝဟာ ကျမတို့ငယ်ဘဝနဲ့မတူဘူး။ ကျမတို့ငယ်ဘဝက လွတ်လွတ်လပ်လပ်ပိုရှိသလို ခံစားရတယ်။ အိမ်ပြန်ရောက်တာနဲ့ ရေချိုး၊ ကစား၊ ထမင်းစား၊ စာနဲနဲလုပ် ပြီးရင် အိပ်။ တယ်လီဗေးရှင်းဆိုတာ မြင်ကိုမမြင်ဘူးပါဘူး။ သူတို့ငယ်ဘဝကတော့ မနက်ကျောင်းသွား၊ ကျောင်းပြန်၊ ကျူရှင်တက်၊ ပြီးရင်ကျောင်းကအိမ်စာလုပ်။ ပြီး တီဗွီခဏကြည့်ပြီး အိပ်။ ကစားဘို့ရာလဲ အချိန်မရှိ။ ကိုယ်ကစားချင်လို့လဲ ကစားဖေါ်မရှိ။ ကျန်တဲ့ကလေးတွေကလဲ သူတို့အချိန်နဲ့သူတို့ ဒီလိုပဲလည်နေကြတာဆိုတော့။ သူတို့ငယ်ဘဝကိုသူတို့ ကျေ နပ်မှ ကျေနပ်ပါ့မလား၊ ကိုယ်တွေလိုရော ပျော်ကြရဲ့လားလို့ တခါတခါတွေးမိပါတယ်။

ခေတ်စနစ်တွေပြောင်းလာပြီး ကလေးတွေရဲ့ အတွေးအခေါ်တွေ၊ စွမ်းရည်တွေ၊ ဥာဏ်တွေမြင့်လာတာကတော့ တကယ့်ကို အားရစရာ ကျေနပ်စရာတွေပါ။ ကိုယ်တွေ ငယ်ဘဝက ထက် သူတို့ငယ်ဘဝက အစစအရာရာသာပါတယ်။ သူတို့တွေရဲ့ ဥာဏ်၊ သူတို့တွေရဲ့ ကြိုးစားအားထုတ်မှု၊ သူတို့တွေရဲ့အတွေးအခေါ် အများကြီးမှာ ခုခေတ်ကလေးတွေဟာ ကိုယ် တွေထက်သာတယ်ဆိုတာ ပြောစရာကိုမလိုတာပါ။ တစ်ခုပါပဲ။ ကလေးတွေရဲ့ ငယ်ဘဝလေးဟာ နံပတ် ၁,၂, ၃ အားလုံးဟာ စာ၊ စာ၊ စာဖြစ်နေကြတာကို ကိုယ်တွေနဲ့နှိုင်းပြီး စိတ် မပျော်ရတာပါ။ ကလေးတွေကတော့ သူတို့ဟာသူတို့ ကျင်လည်နေပြီမို့ အထူးအဆန်းဖြစ်နေတာမဟုတ်ကြပါဘူး။ ကိုယ်သာဖြစ်နေတာပါ။ ခေတ်စနစ်တွေလဲပြောင်း၊ စာသင်နည်း တွေလဲပြောင်း၊ စာသင်တဲ့ဆရာ ဆရာမရော စာသင်ခံရတဲ့ကျောင်းသူ ကျောင်းသားတွေပါ မွန်းကြပ်နေကြသလိုပါပဲ။

ကျောင်းသားဘဝ ငယ်ဘဝလေးဟာ အုပ်ထိန်းသူ တွေကလည်း ဟဲ့ စာ၊ စာလုပ်တော့လေ၊ စာမကျက်သေးဘူးလားလို့ မပြောခဲ့ရသလို ကိုယ်တွေလည်း ကစားလိုက် ‘က’လိုက်နဲ့ မူလတန်း အ သက် ၅ နှစ်ကနေ ၁၀ နှစ်ထိကို ပေါ့ ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရတယ်။ ဒီ ငယ်ဘဝလေးကို ဘယ်မေ့နိုင်ပါ့မလဲ။

ကျမတို့ ကလေးတွေရော သူတို့ငယ်ဘဝလေးကို ဘယ်လိုများ သတိရကြလေမလဲ။ တမျိုးပြီးတမျိုးပြောင်းနေတဲ့ သင်ရိုးညွှန်းတမ်းနဲ့ တမျိုးပြီးတမျိုးပြောင်းနေတဲ့ စာသင်စနစ် အောက်က သူတို့ငယ်ဘဝလေးတွေကို ပျော်စရာအနေနဲ့ သတိရနေမလား။ ကျူရှင်ချိန်မှာ သူငယ်ချင်းတွေနဲ့ ပြောကြဆိုကြတာလေးတွေကို သတိရမလား။ ပေါင်ချိန်ဇာတ်ကား ကြည့်ကောင်းတာကိုပဲ သတိရနေမလား။ ကျောင်းကနေအိမ်အပြန်လမ်းတလျောက် ကျောင်းကားပေါ်က အဖြစ်လေးတွေကိုများ သတိရနေမလား။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ငယ်ဘဝလောက်တော့ အပြည့်အဝ လွတ်လပ်ပျော်ရွှင်ကြမှာ မဟုတ်ပါဘူးလို့ တွေးနေမိတဲ့ကျမပဲ မှားများနေသလား။ မသိတော့ပါဘူး။

ခုလိုကာလတွေမှာ ကျောင်းနေစေချင်တဲ့ ပညာတတ်ကြီးတွေဖြစ်စေချင်တဲ့ မိဘတွေရော ဆန္ဒတွေပြည့်နေကြရဲ့လား။ ကျောင်းပျော်လေးတွေရော ကျောင်းတော်မှာ ပျော်နိုင်ကြရဲ့ လား။ ငယ်ဘဝလေးတွေ အေးချမ်းသာယာရှိကြပါရဲ့လား။ တွေးနေမိတယ်။

ကျောင်းထားချင်တဲ့ မိဘတွေရဲ့ ဆန္ဒတွေလည်းပြည့်ပါစေ၊ ကျောင်းတက်ချင်တဲ့ ကလေးတွေရဲ့ဆန္ဒလည်းပြည့်ပါစေ။ ကျောင်းနေချင်ရဲ့နဲ့ မနေရတဲ့ကလေးတွေလည်း မရှိစေချင် သလို၊ အကြောင်းကြောင်းတွေကြောင့် ကျောင်းမပို့နိုင်တဲ့ မိဘတွေလည်း မတွေ့မမြင်ရချင်ပါဘူး။ မိဘအားလုံး၊ ကလေးအာလုံး အားလုံး အာလုံး ကိုယ်စီရဲ့ဆန္ဒတွေ ပြည့်စေချင် တာပါပဲ။

#တာရာဇင်

#ယနေ့ခေတ်

ဓာတ်ပုံ- ယနေ့ခေတ်

ကျောင်း ခရေစီ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်